ဦးဖေမောင်တင် (၁၈၈၈-၁၉၇၃)

Gerhard Köberlin
Translation by Nyein Chan May

English version of the article

၁။ မိတ်ဆက်

ဦးဖေမောင်တင်သည် မြန်မာနိုင်ငံတွင်သာမက၊ နိုင်ငံရပ်ခြားတွင်ပါ အသိအမှတ်ပြုခံရသည့် ရှားပါးမြန်မာပညာရှင်များထဲမှ တစ်ဦးဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် စာပေတွင်လည်းကောင်း၊ သူ့လက်ရာများနှင့် အရည်အချင်းကို မကြာခဏ တန်ဖိုးထားမြှောက်စားကြသည်။ ထိုစဥ်က ဦးဖေမောင်တင်အနေဖြင့် မြန်မာ့လူ့အဖွဲ့အစည်းကို အထောက်အကူပြုဆောင်ရွက်ခဲ့စဥ် (၁၉၂၀) နှင့် (၁၉၃၀) ပြည့်လွန်နှစ်များ ဖြစ်သည်။ သူ့ရည်ရွယ်ချက်မှာ အချို့သော မြန်မာမိတ်ဆွေ၊ ဗြိတိသျှမိတ်ဆွေများနှင့်အတူ၊ မြန်မာ့ရိုးရာများကို နိုင်ငံတကာတွင် ခေတ်ပြိုင်ဆန်းသစ်လာမှု၏ စိန်ခေါ်မှုများနှင့် တွေ့ထိစေလိုခြင်းဖြစ်သည်။

၂။ ကိုယ်ရေးအကျဥ်း

ဦးဖေမောင်တင်ကို (၁၈၈၈) ခုနှစ်၊ ဧပြီလ (၂၄)ရက်တွင် ရန်ကုန်မြို့၊ အင်းစိန်အရပ်၌ ဖွားမြင်သည်။ ဖခင်ဖြစ်သူ ဦးဖေသည် တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုဌာန၏ ရုံးအုပ်ကြီးဖြစ်ပြီး၊ မိခင်မှာ ဒေါ်မြိုင်ဖြစ်သည်။ မိဘနှစ်ပါးလုံး မြန်မာနိုင်ငံအလယ်ပိုင်းမှ ဘတ်ပတစ်စ်ခရစ်ယာန်များ ဖြစ်ကြသည်။ ပထမဆုံး အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ရေးသားပြုစုခဲ့သူ၊ သမ္မာကျမ်းစာကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သူ ဦးထွန်းငြိမ်းမှာ ဦးဖေမောင်တင်၏ ဖခင်ဘက်မှ ဦးလေးတော်စပ်သည်။ မိခင်ဘက်မှ အဘိုးမှာ အထက်မြန်မာပြည်သံဃာတို့၏ ထိပ်ခေါင် တောင်ခွင်းဆရာတော် ဖြစ်သည်။ ငယ်နာမည်မှာ မောင်တင်ဖြစ်ပြီး၊ နောက်ပိုင်းတွင်မှ ဖခင်၏ နာမည်ကို ထပ်မံပေါင်းထည့်ခဲ့သည်။

            ခရစ်ယာန်မိသားစုမှ ဆင်းသက်လာသော်လည်း၊ (၁၈၉၃)ခုနှစ်မှ (၁၈၉၆)ခုနှစ်အထိ ဗုဒ္ဓဘာသာစာပေများ သင်ကြားပို့ချသည့် အလွတ်ပညာသင်ကျောင်းတွင် မူလတန်းပညာကို သင်ယူခဲ့သည်။ (၁၈၉၆)ခုနှစ်တွင် ရန်ကုန်မြို့ရှိ အစိုးရအထက်တန်းကျောင်းသို့ ပြောင်းရွှေ့ခဲ့ပြီး၊ အသက် (၁၄)နှစ်အရွယ်တွင် ပထမဆုကို ရရှိခဲ့သည်။ ကောလိပ်ဝင်ခွင့်ရပြီးနောက် ရရှိလာသည့်ဆုများသည်လည်း တိုးပွားလာခဲ့သည်။ အသက် (၁၅)နှစ်အရွယ်တွင် “ကျောင်းသားများ နိုင်ငံခြားသားဆရာများကို လက်အုပ်ချီနှုတ်ဆက်ရသည့်” ဓလေ့ကို ဆန့်ကျင်ရန် သပိတ်ကို ဦးဆောင်ခဲ့သည်။ ထိုအမိန့်ကိုလည်း ဖျက်သိမ်းရသည်။ (၁၉၀၆)ခုနှစ်တွင် ရန်ကုန်ကောလိပ်ကို တက်ရောက်ခဲ့ပြီး၊ ပါဠိဘာသာကို လေ့လာသင်ကြားခဲ့ကာ၊ (၁၉၁၁)ခုနှစ်တွင် မဟာဘွဲ့ကို ပြီးမြောက်အောင်မြင်သည်။ တစ်နှစ်ကြာပြီးနောက် ရာထူးတိုးသွားသည့် သူ့ဆရာဥရောပသားတစ်ဦးနေရာတွင် စာသင်သည့် ပါမောက္ခဖြစ်လာသည်။

            ပညာရပ်နယ်ပယ်တွင် အလုပ်စတင်ဝင်ရောက်စကတည်းက ဦးဖေမောင်တင်သည် မြန်မာနိုင်ငံနှင့် နိုင်ငံခြားမှ ပညာရှင်များနှင့် ပူးပေါင်းဆက်သွယ်ဆောင်ရွက်ခဲ့သည်။ (၁၉၁၀) ပြည့်နှစ်တွင် မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်၏ တည်ထောင်သူအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး၊ ဂျာနယ်အတွက် ဆောင်းပါးအမြောက်အများ ရေးသားခဲ့သည်။ သူ၏ ပထမဆုံးဆောင်းပါးမှာ “ခရစ်ယာန်သာသနာပြု မြန်မာစာ” ဟု အမည်ရပြီး၊ နိုင်ငံခြားမှ လာရောက်သည့် သာသနာပြုများ၏ ဘာသာဗေဒအရည်အချင်းကို ဝေဖန်ချက်တစ်ခု ဖြစ်သည်။ (၁၉၁၁)ခုနှစ်ထုတ် ပထမဆုံးဂျာနယ်တွင် ဖော်ပြခံရသည်။ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်၏ ပထမအယ်ဒီတာအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့ပြီး၊ (၁၉၁၂)ခုနှစ်တွင် အသင်း၏ ဘဏ္ဍာရေးမှူးဖြစ်လာခဲ့သည်။ ပါဠိဘာသာပါမောက္ခအနေဖြင့် လန်ဒန်မြို့အခြေစိုက် ပါဠိစာပေအသင်းနှင့် အဆက်အသွယ်ရှိခဲ့ပြီး၊ (၁၉၁၆)ခုနှစ်မှ စတင်ကာ ပါဠိကျမ်းရင်းများကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

            ရန်ကုန်တက္ကသိုလ်ကို တည်ထောင်သည့် (၁၉၂၀)ပြည့်နှစ်တွင် လန်ဒန်မြို့သို့ သွားရောက်ပြီး၊ (၁၉၂၄)ခုနှစ်အထိ အောက်စ်ဖို့ဒ်နှင့် လန်ဒန်တွင် ပညာသင်ကြားခဲ့သည်။ လန်ဒန်မြို့ ပါဠိစာပေအသင်းနှင့် အသင်းဥက္ကဋ္ဌများဖြစ်ကြသည့် Thomas (၁၉၂၂ ခုနှစ် ကွယ်လွန်သည်အထိ)၊ Caroline Rhys Davies တို့နှင့် ဦးဖေမောင်တင်၏ ပတ်သက်ဆက်နွှယ်မှုက ပိုမိုနီးကပ်လာခဲ့သည်။ အင်္ဂလန်နိုင်ငံတွင် ရှိနေစဥ်အတောအတွင်း မှန်နန်းရာဇဝင်တော်ကြီးကို ဘာသာပြန်ဆိုခဲ့သည်။ မှန်နန်းရာဇဝင်တော်ကြီးကို (၁၉)ရာစုအစောပိုင်း၊ အမရပူရနန်းတွင်းတွင် ပြုစုခဲ့ခြင်းဖြစ်သည်။ ဦးဖေမောင်တင်၏ ဘာသာပြန်ကို (၁၉၂၃)ခုနှစ်တွင် ထုတ်ဝေသည်။ ထိုဘာသာပြန်မူကို (၁၉၁၁)ခုနှစ်ကတည်းက ရန်ကုန်မြို့တွင် အင်္ဂလိပ်စာပေပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်သည့် Gordon C. Luce (၁၈၈၉-၁၉၇၈) နှင့်အတူ တွဲဖက်ပြန်ဆိုခဲ့ခြင်းဖြစ်သည်။ (၁၉၁၅)ခုနှစ်တွင် ပါမောက္ခ Gordon C. Luce က ဦးဖေမောင်တင်၏ နှမဖြစ်သူနှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ မှန်နန်းရာဇဝင်တော်ကြီးကို ဘာသာပြန်ဆိုမှုက ဦးဖေမောင်တင်အနေဖြင့် သမိုင်းပညာရှင်တစ်ဦးလည်း ဖြစ်သည်ကို ပြသနေသည်။ ပါမောက္ခ Luce နှင့် ဦးဖေမောင်တင်တို့မှာ ကာလရှည်ကြာပေါင်းသင်းလာကြသည့် မိတ်ဆွေများလည်း ဖြစ်ကြသည်။ သူတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်ခြင်းက Luce ကို မြန်မာ့ရှေးဟောင်းသမိုင်းနှင့်ပတ်သက်ပြီး၊ ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်လာစေသည်။ ပါဠိစာများကို ဘာသာပြန်ရာတွင်လည်း ဦးဖေမောင်တင်က အခြေခံမူကြမ်းကို ပြန်ဆိုပြီး၊ သူ့ယောက်ဖဖြစ်သူက အင်္ဂလိပ်ဘာသာစကားအသုံးကို ချောမွေ့စေသည်။

            မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီးနောက် ပါမောက္ခတာ၀န်ကို ဆက်လက်ထမ်းဆောင်ခဲ့ပြီး၊ ပါဠိဘာသာနှင့် မြန်မာဘာသာကို လေ့လာခြင်းများ ပါဝင်သည့် “အရှေ့တိုင်းဘာသာဌာန” ကို တက္ကသိုလ်တွင် တည်ထောင်ရန် အုတ်မြစ်များ ချခဲ့သည်။ သူ့သင်ခန်းစာများ၏ အဓိကအကျိုးသက်ရောက်မှုမှာ “ခေတ်စမ်း” စာပေလှုပ်ရှားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ “ခေတ်စမ်း”စာပေလှုပ်ရှားမှုသည် မြန်မာနိုင်ငံတွင် စာပေလှုပ်ရှားမှုအသစ်တစ်ရပ်ဖြစ်ပြီး၊ ဦးဖေမောင်တင်၏ တပည့်အချို့ ခေတ်မီ ခေတ်ရှေ့ပြေးသည့် ပုံစံဖြင့် ရေးသားသည့် ဆောင်းပါးများ၊ ဝတ္ထုတိုများနှင့် ကဗျာများဖြင့် လှုပ်ရှားမှုကို စတင်ခဲ့သည်။

            အခြားတစ်ဘက်တွင်လည်း ဦးဖေမောင်တင်က မြန်မာနိုင်ငံသုတေသနအသင်းကို တွဲဖက်တည်ထောင်သူ John S. Furnivall ကို ထောက်ခံကူညီခဲ့သည်။ John S. Furnivall က နိုင်ငံ၏ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှုကို ပညာရေးအသိသညာဖြင့် ပြုစုပျိုးထောင်ခြင်းအားဖြင့် တိုးတက်မြှင့်တင်ပေးရန် အားထုတ်ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့သည်ကို ဦးဖေမောင်တင်က ကူညီအားပေးခဲ့သည်။ ဤရည်ရွယ်ချက်ကို ရောက်မီရန် ပထမလုပ်ဆောင်ချက်မှာ (၁၉၂၅)ခုနှစ်မှ စပြီး The World of Books ကို လစဥ် ဘာသာစကားနှစ်မျိုးဖြင့် ထုတ်ဝေခြင်းဖြစ်သည်။ နောက်ထပ်လုပ်ဆောင်ချက်တစ်ရပ်မှာ (၁၉၂၈)ခုနှစ်တွင် မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အသင်းက စာဖတ်ဝိုင်းများ တိုးပွားစေရန် မြှင့်တင်ကူညီပြီး၊ လစဥ်ထုတ်စာစောင်များတွင်လည်း လူများပါဝင်ရေးသားကြရန် အားပေးခဲ့သည်။

            (၁၉၂၈)ခုနှစ်တွင် ဧဝံဂဲလိဘုရားကျောင်းတွင် Edith ဟုခေါ်တွင်သည့် ဒေါ်ကြည်ကြည်နှင့် လက်ထပ်ခဲ့ပြီး၊ သမီးနှစ်ဦး ထွန်းကားခဲ့သည်။

            (၁၉၃၇)ခုနှစ်တွင် ဦးဖေမောင်တင်သည် တက္ကသိုလ်ကောလိပ်တွင် ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့် ပထမဆုံးမြန်မာလူမျိုး ဖြစ်လာသည်။ ဂျပန်တို့ ဝင်သိမ်းစဥ်တွင် တက္ကသိုလ်အကြံပေးဘုတ်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည်။ (၁၉၄၆)ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ ထို့နောက် ဘာသာဗေဒ၊ စာပေနှင့် သမိုင်းနယ်ပယ်တို့တွင် အကြောင်းအရာအမျိုးမျိုးအကြောင်း ဆောင်းပါးများ ရေးသားခဲ့သည်။ သူရေးသားခဲ့သည့် ဆောင်းပါးပေါင်း ၂၂၇ ပုဒ်ရှိသည်ဟု မှတ်တမ်းရှိသည်။

            ဦးဖေမောင်တင်သည် (၁၉၅၇)ခုနှစ်မှ (၁၉၅၈)ခုနှစ်အထိ ချီကာဂိုတက္ကသိုလ်တွင် ဗုဒ္ဓဘာသာကို သင်ကြားပို့ချပေးရန် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ ချီကာဂိုတက္ကသိုလ်က သူ့အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်ခဲ့သည်။ (၁၉၅၉)ခုနှစ် မေလတွင်၊ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် အရှေ့အာရှခရစ်ယာန်ကောင်စီ၏ ညီလာခံဖွင့်ပွဲကို တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် မြန်မာလူမျိုးတစ်ဦးဖြစ်သည့် ဦးကျော်သန်းကို အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ (၁၉၇၃)ခုနှစ်တွင် အသင်းကြီး၏ အမည်ကို အာရှခရစ်ယာန်ကောင်စီ (CCA) အဖြစ် ပြောင်းလဲခေါ်ဆိုပြီး၊ ယနေ့အချိန်တွင် အာရှနိုင်ငံများမှ အဖွဲ့ဝင်ပေါင်း (၁၀၀)ကျော်ကို ကိုယ်စားပြုထားပါသည်။ ထို့နောက် ဦးဖေမောင်တင်သည် ယဥ်ကျေးမှုနှီးနှောဖလှယ်ရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ (၁၉၆၁)ခုနှစ်တွင် အရှေ့တောင်အာရှ၏ ပထမဆုံး ဗုဒ္ဓဘာသာ-ခရစ်ယာန်ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို အရှေ့အာရှခရစ်ယာန်ကောင်စီက အထွေထွေအတွင်းရေးမှူး ဦးကျော်သန်း၏ ဦးဆောင်မှုအောက်တွင်၊ ရန်ကုန်မြို့ရှိ Holy Cross ကောလိပ်၌ ကျင်းပခဲ့သည်။ ၄င်းဆွေးနွေးပွဲတွင် ဦးဖေမောင်တင်က အနောက်တိုင်းမှ သာသနာပြုများ၏ ယဥ်ကျေးမှုရှုထောင့်၊ ချဥ်းကပ်ပုံကို ဝေဖန်မှတ်ချက်ပြုခဲ့သည်။ အဆိုပါဆွေးနွေးပွဲက (၁၉၆၁)ခုနှစ် နယူးဒေလီမြို့တွင် ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ဘုရားကျောင်းများကောင်စီ၏ ညီလာခံတွင် အာရှအကြောင်း ထည့်သွင်းဆွေးနွေးရာ၌ အရေးကြီးသည့် အကြောင်းအရာတစ်ခု အဖြစ် အသိအမှတ်ပြုခံရသည်။ အဆိုပါ ညီလာခံသည် ကမ္ဘာလုံးဆိုင်ရာ ဘုရားကျောင်းများကောင်စီက အာရှတွင် ပထမဆုံးကျင်းပသည့် ညီလာခံလည်း ဖြစ်သည်။

            (၁၉၆၀)မှ (၁၉၆၄)ခုနှစ်အထိ ဦးဖေမောင်တင်သည် မြန်မာ့သမိုင်းကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာ့စွယ်စုံကျမ်းရေးသားပြုစုရာတွင်လည်း မြန်မာနိုင်ငံဘာသာပြန်အသင်းကို ဦးဆောင်ခဲ့သည်။ (၁၉၆၈)ခုနှစ်တွင် မြန်မာနိုင်ငံသုတေသနအသင်းက သူ၏ အသက် (၈၀)ပြည့်မွေးနေ့ကို ကန်တော့ပွဲသဘင်ဖြင့် အထူးတလည် ကျင်းပခဲ့သည်။ အငြိမ်းစားယူပြီးသည့်နောက် ရန်ကုန်မြို့ရှိ Holy Cross ကောလိပ်တွင် ပါမောက္ခအဖြစ် တာဝန်ဆက်လက်ထမ်းဆောင်ခဲ့သည်။ Holy Cross ကောလိပ်သည် မြန်မာနိုင်ငံရှိ ထိပ်တန်းကျမ်းစာသင်ကျောင်းများထဲမှ တစ်ကျောင်းဖြစ်ပြီး၊ ဧဝံဂဲလိဘုရားကျောင်းလက်အောက်တွင် ရှိသည်။ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည့် ဦးဖေမောင်တင်သည် မြန်မာခရစ်ယာန်ကောင်စီကို တည်ထောင်သူတစ်ဦးဖြစ်ပြီး၊ ခရစ်ယာန်စာပေအသင်းကို တာဝန်ယူခဲ့သည်။ မြန်မာခရစ်ယာန်ဘုရားကျောင်းများကောင်စီ၏ ဗုဒ္ဓဘာသာလေ့လာရေးကော်မရှင်တွင် ဥက္ကဋ္ဌတာဝန်ကို ယူခဲ့သည်။

(၁၉၇၃)ခုနှစ်၊ မတ်လ (၂၂)ရက်တွင် ဦးဖေမောင်တင် ကွယ်လွန်ခဲ့သည်။

၃။ ရည်ရွယ်ချက်များနှင့် ရရှိအောင်မြင်ခဲ့သည်များ

ဦးဖေမောင်တင်သည် “ယဥ်ကျေးမှုများ တိုးတိုက်မိခြင်း”ကို အထူးတလည်သတိပြုသူ ဖြစ်သည်။ ဥရောပကိုလိုနီဝါဒ၊ ယဥ်ကျေးမှုတို့နှင့် နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်တွေ့ခြင်း၊ ခရစ်ယာန်ဘာသာရေး အထူးသဖြင့် အမေရိကန်နောက်ခံ ခရစ်ယာန်ဝါဒနှင့် ဘာသာရေးအရ တွေ့ထိကြခြင်းတို့ ဖြစ်သည်။ ထို့အတွက် သူ့တုံ့ပြန်မှုမှာ သူ့နိုင်ငံ၏ သမိုင်းနှင့် ယဥ်ကျေးမှုကို တစိုက်မတ်မတ် စိတ်ပါဝင်စားစွာ လေ့လာခြင်းဖြစ်သည်။ တချိန်တည်းမှာပင် ယဥ်ကျေးမှုနှစ်ခုဖြတ်မျဥ်း (ဗုဒ္ဓဘာသာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်နေခြင်း) ပေါ်တွင် ရှိနေသည့် သူ၏ ဖြစ်တည်မှုကိုလည်း ပြန်လည်သုံးသပ်သည်။ ကိုလိုနီစနစ်ကို ဆန့်ကျင်သည့် မျိုးချစ်စိတ်ကို ထောက်ခံရာတွင် အပြန်အလှန်လေးစားမှုရှိခြင်း၊ နားလည်ခြင်း၊ ယုံကြည်ခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်းတို့အတွက် ကြိုးပမ်းအားထုတ်ခြင်းအားဖြင့် ထောက်ခံအားပေးခဲ့သည်။

            ကိုလိုနီစနစ်က မြန်မာ့ယဥ်ကျေးမှုကို စိမ်ခေါ်လာသည့်အခါ သူ တုံ့ပြန်လိုက်သည်မှာ မြန်မာနိုင်ငံ၏ ယဥ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာစာ၊ မြန်မာစကား၏ အရေးပါမှုကို အလေးအနက်ပြုပြခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် စာပေနှင့် အသိဉာဏ်အဝန်းအဝိုင်းတစ်ရပ်ကို တည်ထောင်ပြီး၊ နိုင်ငံ၏ ဓလေ့များနှင့် နိုင်ငံရပ်ခြားမှ ဓလေ့များ ကူးလူးဆက်ဆံစေခြင်း၏ အရေးပါပုံကိုလည်း အလေးအနက်ထားခဲ့သည်။ ထိုအတွက်ကြောင့်ပင် ဦးဖေမောင်တင်က သူအသက်ရှင်နေသမျှကာလပတ်လုံး မြန်မာဘာသာစကားနှင့် စာပေအဆင့်ပိုမိုမြင့်မားစေရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သူ့အောင်မြင်မှုများထဲမှ တစ်ခုမှာ မည်သည့်ကျောင်းတွင်မဆို၊ အစိုးရကျောင်းဖြစ်စေ၊ မစ်ရှင်ကျောင်းဖြစ်စေ၊ မြန်မာစာကို မသင်မနေရသင်ရခြင်းပင် ဖြစ်သည်။ တချိန်တည်းမှာပင် ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ပါဠိ၊ မြန်မာစာနှင့် ဗုဒ္ဓဘာသာယဥ်ကျေးမှုတို့ကို မလေ့လာခြင်းအတွက် ဦးဖေမောင်တင်က ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ကိုလိုနီခေတ် အနောက်တိုင်းဆန့်ကျင်ရေးဝါဒများကို မျက်နှာသာပေးလိုက်လျောရမည့်အစား၊ ဦးဖေမောင်တင်က ယဥ်ကျေးမှုနှစ်ခုကို တွေ့ဆုံပေးရန် စိတ်ဝင်စားခဲ့သည်။

            ထို့နောက်ပိုင်းတွင် ယဥ်ကျေးမှုများ အပြန်အလှန်ဖလှယ်ကြရာ၌ ကြားခံအဖြစ် ဘာသာစကား၏ အခြေခံကျ၊ အရေးပါလှသည့် အခန်းကဏ္ဍကို အတွင်းကျကျ ထပ်မံလေ့လာခဲ့သည်။ (၁၉၅၄)ခုနှစ် မတ်လတွင် ရန်ကုန်မြို့၌ ဘာသာဗေဒစည်းဝေးပွဲတစ်ရပ်ကို သုံးရက်ကြာ ကျင်းပခဲ့သည်။ ထိုအစည်းအဝေး၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့် အင်္ဂလိပ်စကားပြောနိုင်ငံများအကြား၊ မတူညီသည့် ဘာသာဗေဒအုပ်စုများနှင့် တိုင်းရင်းသားအုပ်စုများအကြားက ယဥ်ကျေးမှုကွဲပြားချက်များကို ပေါင်းကူးပေးမည့် ပညာရပ်ဆိုင်ရာ ကိရိယာတစ်ခုအဖြစ် ဘာသာဗေဒကို အသုံးချရန်ဖြစ်သည်။ ဦးဖေမောင်တင် ကိုယ်တိုင်ရေးသားခဲ့ဟန်ရှိသည့်၊ သို့တည်းမဟုတ် သူ့ရည်ရွယ်ချက်များ ပါဝင်လျက်ရှိသည့် သတင်းစာဆောင်းပါးတစ်ရပ်က ထိုအစည်းအဝေးကို အနှစ်ချုပ်ဖွင့်ဆိုထားသည်မှာ။ ။

မြန်မာနိုင်ငံမှ ကျွန်ုပ်တို့သည် လက်ရှိတွင် ဘာသာဗေဒ၏ ရှာဖွေတွေ့ရှိချက်များနှင့် ပတ်သက်ပြီး အလွန်ပင် စိတ်ဝင်စားလှပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းရှာဖွေတွေ့ရှိချက်များမှာ ကျွန်ုပ်တို့ တာဝန်ယူလုပ်ဆောင်ခဲ့ပြီး ဖြစ်သည့် လုပ်ငန်းတာဝန်အသစ်များအတွက် အင်မတန်မှ အထောက်အကူဖြစ်သောကြောင့်ပင်။ ထိုတွေ့ရှိချက်များထဲမှ တစ်ခုမှာ အင်္ဂလိပ်ဘာသာစကားကို နိုင်ငံခြားဘာသာစကားအဖြစ် သင်ကြားပို့ချခြင်းဖြစ်သည်။ (…) ကျွန်ုပ်တို့အနေဖြင့် (…) ကျွန်ုပ်တို့နိုင်ငံရှိ လူအများကို အင်္ဂလိပ်စာသင်ကြားပေးရခြင်း၏ အကျိုးအထိရောက်ဆုံးကိစ္စကို ရှာဖွေရပေမည်။ ထိုမှသာ သင်ကြားသူတို့အနေဖြင့် ဘာသာစကားသင်ကြားရာတွင် အလုပ်ဖြစ်မည့်အသိသညာကို အချိန်တိုအတွင်း ရရှိနားလည်ပေလိမ့်မည်။ ထို့အပြင် နိုင်ငံအတွင်းရှိ မူလဘူတဒေသိယဘာသာစကားများကို လေ့လာ၊ အဆင့်ခွဲသတ်မှတ်ရာတွင်လည်း ဘာသာဗေဒက ကျွန်ုပ်တို့ကို ကူညီပေးနိုင်ပါသည်။ ဤသည်မှာလည်း အင်မတန်အရေးကြီးလာသည့် လုပ်ငန်းတာဝန်တစ်ရပ်ပင် ဖြစ်ပါသည်။ ဘာသာဗေဒသည် လူအစုအဖွဲ့များ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက်သွယ်ကြသည်ကို ပြသသည့်၊ အရှုပ်ထွေးဆုံး သို့သော် အခြေခံအကျဆုံးဖြစ်သည့် ဘာသာစကားကို နားလည်နိုင်ရန် အဓိကသော့ချက်ဖြစ်တော့သည်။(၁)

မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံတို့ အဓိပ္ပါယ်ရှိရှိ ပြောဆိုဆက်ဆံနိုင်ရေးလိုအပ်ချက်သည် ဘာသာဗေဒသုတေသနနှင့် ဆက်စပ်လျက်ရှိကြောင်း ဆောင်းပါးတွင် ပြဆိုထားသည်။ တချိန်တည်းမှာပင် ကျောင်းများ၌ အင်္ဂလိပ်ဘာသာစကားကို ဒုတိယဘာသာစကားအဖြစ် သင်ကြားပို့ချရန် လိုအပ်ချက်လည်း ပါဝင်ထည့်သွင်းထားသည်။

၄။ ချင့်ချိန်ဆုံးဖြတ်ကြည့်ခြင်း

ဦးဖေမောင်တင်သည် မြန်မာ့ရိုးရာနှင့် အနောက်တိုင်းခေတ်မီခြင်းကို ရင်ကြားစေ့နိုင်ရန် ကိုယ်စွမ်းဉာဏ်စွမ်းများကို အသုံးချကြိုးပမ်းခဲ့သည့် ပညာရှင်၊ ဆန်းသစ်သူတစ်ဦးဖြစ်သည်။ ကိုလိုနီခေတ်နှောင်းပိုင်း၏ ထူးချွန်ပြောင်မြောက်လှသည့် ပညာရှင်တစ်ဦးအနေဖြင့် မြန်မာ့ယဥ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်မပျက်စေဘဲ မြန်မာနိုင်ငံကို ကမ္ဘာနှင့်ဆက်သွယ်ပေးရန် ကြိုးပမ်းသည့် စာပေများအပေါ်တွင် ဩဇာသက်ရောက်မှုရှိသည်။

            မြန်မာ့ရိုးရာများကို အနောက်တိုင်းခေတ်မီခြင်းနှင့် ပေါင်းစပ်ပေးရန် ဦးဖေမောင်တင်၏ ကြိုးပမ်းမှုကို ငယ်ရွယ်သည့်၊ နောက်ပိုင်းတွင် လွတ်လပ်ရေးကြိုးပမ်းမှု၏ ခေါင်းဆောင်များဖြစ်လာကြမည့် တော်လှန်ရေးသမားများက တစ်စိတ်တစ်ပိုင်းသာလျှင် ကြိုဆိုခဲ့ကြသည်။ သူတို့၏ နိုင်ငံရေးလှုပ်ရှားမှုများ အခြေခံထားသည့် ယဥ်ကျေးမှုတော်လှန်ရေးဆိုသည်မှာကား မြန်မာနှင့် အနောက်တိုင်း၏ “စာအုပ်ကမ္ဘာများ” အပြန်အလှန် ပြောဆိုဆက်ဆံကြခြင်းမျိုးမဟုတ်ဘဲ၊ မျက်မှောက်ခေတ်အသိပညာနှင့် စာပေကို “မြန်မာမှုပြုခြင်း”ပင် ဖြစ်သည်။ သခင်လှုပ်ရှားမှုတွင် အသက်ငယ်ငယ်ဖြစ်ကြသည့် သခင်နု၊ သခင်စိုး၊ သခင်သန်းထွန်းနှင့် သခင်အောင်ဆန်းတို့က နဂါးနီစာအုပ်အသင်းကို တည်ထောင်ပြီး၊ ယဥ်ကျေးမှုကို သုံးကာ နိုင်ငံရေးအရတော်လှန်ရေးတစ်ရပ်ကို တွန်းအားပေးသည့် စာအုပ်မျိုးကိုသာ မြန်မာဘာသာဖြင့် ထုတ်ဝေခဲ့ကြသည်။(၂) ဥရောပတွင် စစ်ပွဲကြီးစတင်သည့်အခါ ဤအဖွဲ့က ကလောင်တံများအစား၊ ဓားများပြောင်းကိုင်ကာ စစ်တပ်အကူအညီဖြင့် လွတ်လပ်ရေးကို ရယူခဲ့သည်။

            သခင်များနှင့် သခင်များကို ထောက်ခံသူများ၏ စာပေနှင့် နိုင်ငံရေးအရ အမျိုးသားရေးဝါဒနှင့် နှိုင်းယှဥ်ကြည့်မည်ဆိုပါက ဦးဖေမောင်တင်၏ ယဥ်ကျေးမှုပြုပြင်ပြောင်းလဲရေးကို “လူမျိုးစွဲမထားခြင်း” ဟု ခေါ်ဆိုနိုင်သည်။ မြန်မာနိုင်ငံသားများအတွက် အခြေအမြစ်ခိုင်သည့် ယဥ်ကျေးမှုအခြေခံတစ်ရပ်ကို ရှာဖွေပြီး၊ ရောနှောထားသည့် ယဥ်ကျေးမှုများကို ကျောင်းသုံးဖတ်စာအုပ်များနှင့် ခရစ်ယာန်တရားဟောဆရာများ၏ ဒေသနာများတွင်ပါ ထည့်သွင်းအသုံးပြုစေခဲ့သည်။

            ဤသဘောထားကို မြန်မာစာပေနှင့် ယဥ်ကျေးမှုအပေါ် သူ၏ ချစ်မြတ်နိုးမှု၊ ဥရောပ၏ အသိဉာဏ်ရှာဖွေခြင်းအပေါ် ထင်မြင်ယူဆချက်တို့တွင် တွေ့မြင်နိုင်သည်။ သူ၏ ဤသဘောထားသည် မည်သည့်အခါကမျှ မြန်မာနိုင်ငံ နိုင်ငံရေးယဥ်ကျေးမှု၏ ပင်မရေစီးကြောင်းကို ကိုယ်စားမပြုချေ။ ထိုယဥ်ကျေးမှုကိုကား ကိုလိုနီခေတ် နိုင်ငံတွင်း၊ နိုင်ငံပြင်ထိပ်တိုက်ရင်ဆိုင်မှုများ၊ လွတ်လပ်ရေးရပြီး မကြာမီ စတင်ခဲ့သည့် ပြည်တွင်းစစ်တို့က ပြဌာန်းပါလိမ့်မည်။

            (၁၉၆၂)ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် ဗိုလ်ချုပ်နေဝင်း၏ အုပ်ချုပ်မှုအောက်တွင် လောကီချည်းသပ်သပ်တည်သည့်၊ တစ်ပါတီအာဏာရှင်အုပ်စိုးသည့် နိုင်ငံဖြစ်လာခဲ့သည်။ “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်” လမ်းစဥ်သည်ကား မြန်မာ့ယဥ်ကျေးမှုကိုတင်မက၊ မြန်မာတို့ဘဝ၏ အခြားအစိတ်အပိုင်းများကိုပါ ဇာတ်လမ်းဆန်ဆန် အကျိုးသက်ရောက်ခဲ့သည်။ တင်းကြပ်လှသည့် နိုင်ငံရေးအရ ကြားနေမှုလမ်းစဥ်နှင့် စီးပွားရေးအရ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရေးဝါဒတို့ကို သုံးကာ မြန်မာ”ပြည်ထောင်စုယဥ်ကျေးမှု”ကို မြှင့်တင်သည့် “ပြောင်းလဲမှု” ဖြစ်စဥ် ဦးဖေမောင်တင်ကို တိုက်ရိုက်သက်ရောက်မှု မရှိခဲ့ပါ။ အိမ်နီးချင်းနိုင်ငံများ၊ အနောက်နိုင်ငံများနှင့် ယဥ်ကျေးမှုနှီးနှောဖလှယ်ခြင်းကို အစိုးရက အားပေးခြင်းမပြုတော့ပေ။

            ပြောင်းလဲမှုအသစ်၏ အကျိုးဆက်များကို ခံစားရသည်မှာ အခြားသူများဖြစ်ကြသည်။ (၁၉၆၄)ခုနှစ်တွင် ဦးဖေမောင်တင်၏ ယောက်ဖဖြစ်သူ Gordon Luce အနေဖြင့် နိုင်ငံထဲမှ ထွက်သွားရန် အမိန့်ပေးခံရသည်။ ဦးဖေမောင်တင်၏ နှမဖြစ်သူကိုမူ ထိပ်တန်းခေါင်းဆောင်များကိုယ်တိုင် နိုင်ငံတွင်း၌ပင် ဆက်လက်နေထိုင်ရန် ပြောဆိုခဲ့သော်လည်း၊ သူ့ခင်ပွန်းနောက်ကိုသာ လိုက်ပါခဲ့သည်။ Luce ၏ စာကြည့်တိုက်ကြီးကို အာဏာပိုင်များက သိမ်းယူခဲ့ပြီး၊ ဦးဖေမောင်တင်၏ နှမဖြစ်သူ ဒေါ်တီတီသည် လက်ထပ်လက်စွပ်ကိုပင် ချွတ်ခဲ့ရသည်။ နိုင်ငံတွင်းမှ မည်သည့်လက်ဝတ်ရတနာမှ ယူဆောင်သွားခြင်း မပြုရဟူသောကြောင့် ဖြစ်သည်။(၃) သူ့မိတ်ဆွေနှင့် သူ့နှမအပေါ် ထိုသို့ ခက်ထန်စွာ ဆက်ဆံခံရမှုကို ဦးဖေမောင်တင်အနေဖြင့် မည်သို့တုံ့ပြန်ခဲ့သည်ကို မသိရပါ။ (၁၉၇၇)ခုနှစ်တွင် မြန်မာနိုင်ငံသုတေသနအသင်းနှင့် အသင်းထုတ်ဂျာနယ်ကို ပိတ်သိမ်းခံလိုက်ရသည်ကိုလည်း သူမသိလိုက်ရပါချေ။

            ယနေ့အချိန်တွင် ဦးဖေမောင်တင်ကို ရှားရှားပါးပါး ပါရမီရှင်တစ်ဦးအဖြစ် မြန်မာနိုင်ငံတွင် ကြည်ညိုလေးစားကြလေသည်။ လက်ရှိမြန်မာနိုင်ငံ၏ အမျိုးသားရေးဝါဒနှင့် ခေတ်အဆက်ဆက်အစိုးရများ၏ အနောက်တိုင်းအပေါ်ဝေဖန်မှုများအကြား ချဥ်းကပ်လေ့လာရန်ကိုလည်း ယနေ့ခေတ်ပညာရှင်အများအပြား အားမထုတ်ကြတော့ပါ။ သူ့နည်းလမ်းကို မလိုက်နာကြတော့ပါ။ “လူမျိုးစွဲ၊ နိုင်ငံစွဲ ကင်းစွာ” မြန်မာနှင့် အနောက်ယဥ်ကျေးမှုများကို ရင်ကြားစေ့ပေးလိုသည့် ဦးဖေမောင်တင်၏ ကြိုးပမ်းမှုမှာ ယနေ့ထိတိုင် အကောင်အထည်မပေါ်သေးပါချေ။

၅။ ကျမ်းကိုးစာရင်းများ

အန်နာ အလော့ထ် (၂၀၀၄) ပါမောက္ခ ဖေမောင်တင် (၁၈၈၈-၁၉၇၃)။ ထူးချွန်ပြောင်မြောက်သည့် မြန်မာပညာရှင်တစ်ဦး၏ ဘဝနှင့် လက်ရာ။ The Journal of Burma Studies (၉)၊ ၁၁-၃၄

D.G.E. Hall 1979 Obituary. George Hannington Luce (https://www.cambridge.org/core/services/aop-cambridge-core/content/view/S0041977X00137498)

ခင်ထွေးရီ (၂၀၁၆)၊ ဦးဖေမောင်တင် အတ္ထုပတ္တိ (http://www.emw-d.de/fix/files/37%20biographies_myanmar.pdf)

(၁) အလော့ထ် ၂၀၀၄။ ၂၉-၃၀

(၂) နဂါးနီစာအုပ်အသင်းမှ ထုတ်ဝေသည့် စာအုပ်များအကြောင်း လေ့လာချက်များကို မြန်မာစာပေပရောဂျက်တွင် အသေးစိတ်ထပ်မံလေ့လာနိုင်ပါသည်။ http://www.phil.uni-passau.de/suedostasien/wissenschaftsnetzwerke/wissenschaftsforum-myanmar/myanmar-literature-project/

(၃) ဟောလ် (၁၉၇၉)။ ၅၈၅