by Georg Winterberger
Translation by Nang Lao Kham
English version of the article
မိတ်ဆက်
စောဖားဒေးသည် ဤလှုပ်ရှားမှုတွင် အာရုံစိုက်ခံရခြင်းသည် သူ၏ကျော်ကြားမှု သို့မဟုတ် အရေးပါသောလူပုဂ္ဂိုလ် ဖြစ်ခြင်းကြောင့် မဟုတ်ဘဲ ၁၉၇၀ခုနှစ် မှ ၁၉၉၀ခုနှစ် အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ၏ တိုက်စစ်မှူးတစ်ဉီးဖြစ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ KNU (ကရင်အမျိုးသားအစည်းအရုံး) သည်မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးတိုင်းရင်းသားလူမျိုးစုဖြစ်သောကရင်လူမျိုးများ၏ နိုင်ငံရေးအဖွဲ့အစည်း (များ) ထဲမှတစ်ခုဖြစ်သည်။ လူဦးရေအချိုးအစားမှာ ၂.၅ မှ ၇ သန်းအထိ များပြားပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအောက်ပိုင်းရှိ ဒေသများတွင်နေထိုင်ပြီး အုပ်စုခွဲ (၂၀) ကျော်ခန့်ရှိပါသည်။ မိခင်ဘာသာစကားကို စကော နှင့် ပိုး ကရင်ဘာသာစကားများအဖြစ်ခွဲခြားထား ပြီး ယခင်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်နေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် ထိုင်းနယ်စပ်နှင့်နီးစပ်သော မြန်မာနိုင်ငံအရှေ့ဘက်ပိုင်းတွင်နေထိုင်ကြသည်။ အများစုမှာဗုဒ္ဓဘာသာဝင်များဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏နိုင်ငံရေး ဦးတည်ချက်သည် ခရစ်ယာန်အထက်တန်းလွှာဦးဆောင်သော KNU၏ (အတိုင်းအတာတစ်ခုအထိ ယနေ့တိုင်) လွှမ်းမိုးမှုရှိသောကြောင့် ကရင်လူမျိုးများသည် ခရစ်ယာန်များဖြစ်သည်ဟု အများအားဖြင့်ရှုမြင်လေ့ရှိသည်။ (Gravers 2014: 175)
စောဖားဒေးသည် ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်တစ်ယောက်၊ ထူးချွန်သောတိုက်စစ်မှုုး တစ်ယောက် မဟုတ်ခဲ့သော်လည်း ကရင်အဖွဲ့များထဲမှ အဖွဲ့တစ်ဖွဲ့၏ ကရင်ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ သို့သော် ၎င်း၏ရိုးရှင်းလှစွာသော အသက်မွေးဝမ်းကျောင်းမှုသည် ကျွနှ်ပ်၏စိတ်၀င်စားမှုကို ဆွဲဆောင်ထားပါသည်။ လူသိမများတဲ့ လူတစ်ယောက်ရဲ့ ဓါတ်ပုံတစ်ပုံလောက် ကျွန်တော်ထုတ်ပြချင်ပါတယ်။ ထိုအရာက စောဖားဒေးကဲ့သို့ သမားရိုးကျမဟုတ်သည့်အသက်မွေးဝမ်းကျောင်းမှုတစ်ခုကို ပုံဖော်လိုသူများအတွက် ထိုးထွင်းသိမြင်မှုနဲ့နားလည်မှုကိုပေးနိုင်လိမ့်မယ်ဟု မျှော်လင့်ပါသည်။ သူ့လိုလူများမရှိလျှင် မည်သူမှ „အရေးပါသည်“ဟု ဆိုသော သူများ၏အကြောင်း အတ္ထုပ္ပတ္တိရေးရန် စိတ်ဝင်စားမည်မဟုတ်ပါ။
မြန်မာနိုင်ငံရှိ မွန်ပြည်နယ်၏မြို့တော်ဖြစ်သော မော်လမြိုင်မြို့တွင် ကျွန်ုပ်ကာလအတော်ကြာအောင် ကွင်းဆင်းသုတေသနပြုလုပ်နေချိန်တွင် ကျွန်ုပ်၏အဓိကသတင်းပေးသူတစ်ဦးထံမှ သူ၏ အကြောင်းကို ပထမဆုံးအကြိမ်ကြားခဲ့ခြင်းဖြစ်သည်။ (Winterberger 2017: 10-12) စောဖားဒေးသည် ထိုသူ၏ဦးလေးဖြစ်သည်။ အစပိုင်းတွင် သူသည် ကျွနှ်ပ်နှင့်မသက်ဆိုင်ခဲ့ပါ အဘယ်ကြောင့်ဆိုသော်ကျွနှ်ပ်၏သုတေသနပြုခြင်းတွင် ကရင်ဒေသတွင်းတွင်သာမက KNU တိုက်စစ်မှူးများ၏အတ္ထုပ္ပတ္တိများလည်းမပါ၀င်ခဲ့ပါ။ သို့သော် ဤအတ္ထုပ္ပတ္တိစီမံကိန်းကို ပြုလုပ်သောအခါ ကျွနှ်ပ်၏အဆက်အသွယ်များကို ပြန်လည်ဆက်သွယ်ခဲ့ရသည်။ ကျွနှ်ပ်၏အဆက်အသွယ်များက အကူအညီပေးသည့်အပြင် သူ၏ဉီးလေးအကြောင်းကို ပြောပြရန် အလွန်စိတ်အားထက်သန်ခဲ့သည်။ သူ့ ဦးလေးဖြစ်သူမှ ၎င်း၏အကြောင်းအရာများကို မျှဝေလိုစိတ်ရှိမရှိကို သိရှိရန် သူ့ ဦးလေးကိုမော်လမြိုင်သို့ခေါ်ဆောင်လာခဲ့သည်။ လွယ်တော့မလွယ်ကူခဲ့ပေ အဘယ့်ကြောင့်ဆိုသော်စောဖားဒေးသည် ထိုမြို့သို့ မရောက်ရှိတော့သည်မှာ ၄၃နှစ်ခန့်ရှိပြီဖြစ်သည်။ စောဖားဒေး၏ တူဖြစ်သူမှ သူ၏ကွယ်လွန်သွားဖြစ်သောမိခင်၏ နှစ်ပါတ်လည်ကိုအကြောင်းပြချက်ပေးကာ ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ စောဖားဒေး မော်လမြိုင်မြို့သို့ရောက်ရှိသောအခါ မည်သည့်အခမ်းအနားမှ မတွေ့ရသည့်အတွက် မြို့မှချက်ခြင်းပြန်လည်ထွက်ခွာလိုခဲ့သည်။ ၂ရက်ကြာပြီးနောက် သူ၏ချစ်လှစွာသော ရွာလေးဆီသို့ ပြန်လာခဲ့သည်။ ထိုဖိတ်ကြားချက်သည်ကျွန်ုပ်၏ အဓိကသတင်းပေးသူအတွက် စမ်းသပ်မှုတစ်ခုသာဖြစ်ခဲ့သည်။ ကျွန်ုပ်နှင့် အင်တာဗျူးပြုလုပ်ရန် သူ၏ဦးလေး မော်လမြိုင်သို့လာမည်လား။ မလာမှာ ကျိန်းသေပါတယ်။
ထိုအချိန်က ကျွန်ုပ်စောဖားဒေးကိုဆုံတွေ့နိုင်ခဲ့ခြင်းမရှိသော်လည်း ထိုအရာသည် ကျွန်ုပ်အတွက်ရော စီမံကိန်းအတွက်ပါ ကောင်းသောအရာဖြစ်ခဲ့ပါသည်။ ကျွန်ုပ်သူ၏ရွာတွင် သူ၏နေ့စဥ်ဘ၀နှင့် နေ့စဥ်လုပ်ဆောင်ချက်များကိုပါ အင်တာဗျူးခွင့်ရခဲ့သည်။ မည်သို့ပင်ဆိုစေ ထီးဖာထော ရွာသို့ သွားရောက်ရသည့်ခရီးမှာ အားစိုက်ရပြီး ခက်ခဲပါသည်။ ကျွနှ်ပ်၏အဆက်အသွယ်မှ ကျွနှ်ပ်ကို KNU က ထိန်းချုပ်ထားဆဲဖြစ်သော ဒေသသို့ မော်တော်ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားသည်။ စစ်ဆေးရေးဂိတ်များကို ရှောင်ရှားရန် ကျွန်ုပ်တို့အနေဖြင့် အနန်းကွင်းကျေးရွာနှင့်၎င်း၏(တရား၀င်မဟုတ်သော) နယ်နိမိတ်အပြင် တပ်မတော်ထိန်းချုပ်နယ်မြေနှင့် KNUထိန်းချုပ်နယ်မြေတို့အကြား ကျော်လွှားခဲ့ရသည်။ လမ်းကြောင်းသည် မိုးရာသီမှစ၍ ယခုတိုင်ရွှံ့ထူနေဆဲဖြစ်သော်လည်း KNU ထိန်းချုပ်နယ်မြေထဲသို့ဝင်ရောက်ပြီးနောက် ထီးဖားထောကျေးရွာသို့ ကျွန်ုပ်တို့သွားရမည့်“လမ်း” နှင့်ယှဉ်လျှင်ကောင်းသောအခြေအနေတွင်ရှိသည်။ စောဖာဖာဒေး၏ဘဝတွင် အရေးပါသောနေရာများဖြစ်သည့် ၀င်းခန နှင့် သံဘယာ ကျေးရွာများသို့ ကျွန်ုပ်အားလမ်းပြပို့ဆောင်ပေးသည့်အတွက် ကျွန်ုပ်၏လမ်းညွှန်နှင့် သတင်းပေးသူအား ကျေးဇူးတင်မိသည်။ ထို့အပြင် KNU လက်အောက်ခံခေါင်းဆောင်ဟောင်းနှင့် စောဖားဒေး၏ သူငယ်ချင်းဖြစ်သူဒေါ်လဲ၏ မိသားစုနှင့်လည်း တွေ့ဆုံခွင့်ရခဲ့သည်။
စောဖားဒေးမှ ၎င်း၏ကိုယ်ပိုင်သမိုင်းကြောင်းကို အသုံးပြုခွင့်ပေးသောကြောင့် ကျွန်ုပ်အနေဖြင့် နှုတ်ဖြင့်သာ သမိုင်းအင်တာဗျူးလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ နှုတ်ဖြင့်ပြောသောသမိုင်းကြောင်းသည် မေးမြန်းခံရသူသည် မိမိကိုယ်ကိုနှင့် ၎င်းတို့၏သမိုင်းကို ရှင်းရှင်းလင်းလင်းဖော်ထုပ်ပြောဆိုနိုင်သောကြောင့် သမိုင်းလေ့လာမှုဆိုင်ရာ ဒီမိုကရေစီ (Perks and Thomson 1998: 360) နှင့်အတိတ်အကြောင်းတို့ကို ပိုမိုပြောပြနိုင်စွမ်းရှိပါသည်။ သို့သော်လည်း ကျွန်ုပ်တို့သည်မှတ်ဥာဏ်များသည် တည်ငြိမ်သည့်အရင်းအမြစ်တစ်ခုမဟုတ်ကြောင်းသတိပြုရန်လိုသည်။ နှုတ်သမိုင်းလေ့လာသူသည် ဘက်လိုက်မှုမရှိသည့် သမိုင်းတင်ဆက်မှု ဖြစ်ရန်သတိထားရပါမည်။ ပစ္စုပ္ပန်အယူအဆများရှိ စွဲမြဲနေသော ခံစားချက်များ နှင့် အင်တာဗျူးဖြေဆိုသူ၏အခြေအနေတို့ကိုလည်း သတိထားရပါမည်။ စောဖားဒေး နှင့်ကျွန်ုပ်တွေ့ဆုံစဉ် သူ၏နောက်ကြောင်းအနည်းငယ်ကို သူ၏တူဖြစ်သူထံမှ သိရှိပြီးဖြစ်သည်။ ကျွန်ုပ်တို့ နေ့စဥ်စကားစမြည်ပြောဆိုခြင်းဖြင့် စတင်ပြီး သူ၏ဘ၀အကြောင်းမေးသောမေးခွန်းများကြောင့် စိတ်ဖိစီးမှုမဖြစ်စေရန် အချိန်ယူရပါသည်။ ကျွန်တော့်လမ်းညွှန်၏ ပြောပြချက်အရ စောဖာဒေးနေထိုင်သည့် လူ့အဖွဲ့အစည်းတွင် ဤကဲ့သို့ မေးမြန်းမှုမျိုးသည် ဖြစ်တောင့်ဖြစ်ခဲကြောင်း သိရသည်။ တူဖြစ်သူကိုယ်တိုင်လည်း ကျွနှ်ပ်၏အင်တာဗျူးမတိုင်ခင် ဦးလေးဖြစ်သူ၏ဘ၀သမိုင်းကို စေ့စေ့စပ်စပ်မသိခဲ့ပါ။ တူဖြစ်သူသည် ကျွနှ်ပ်၏ဘာသာပြန်အဖြစ် ကူညီပေးခဲ့ပါသည်။ အင်တာဗျူးကို ကရင်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ပြန်ဆိုခဲ့သည်။ ပါးစပ်သမိုင်းပညာရှင် (Morrissey 1998; Slim and Thompson 1998) ၏အကြံပြုချက်အရ စောဖားဒေးအားအင်တာဗျူးရာတွင် အချိန်အလုံအလောက်ပေးနိုင်ရန် ကျွန်ုပ်ကြိုးစားခဲ့ပါသည်။ ကရင်လူမျိုးတို့၏ သမိုင်းတွင် ၎င်း၏အမြင်ကို ပိုမိုသိရှိဖော်ထုတ်နိုင်ရန်အတွက် ၎င်း၏ကိုယ်ပိုင်အတွေးအခေါ်များကို လိုချင်ခဲ့သည်။ နောက်ပိုင်းတွင် ထိုအကြောင်းအရာများကို နှစ်အလိုက်စီ၍ ရေးသားခဲ့ပါသည်။ စောဖားဒေး၏ ပုဂ္ဂိုလ်ရေးသမိုင်းကိုမတင်ပြမီ ၎င်း၏နောက်ခံဖြစ်သော မြန်မာနိုင်ငံရှိကရင်လူမျိုးများ၏အကြောင်း နှင့် ၎င်းတို့၏သမိုင်းကို တင်ပြပါမည်။
ကရင်လူမျိုး
ကရင်နှင့်မြန်မာစစ်တပ်အကြား ဖြစ်သော ပြည်တွင်းစစ်ကို အကြာရှည်ဆုံးစစ်ပွဲသို့မဟုတ် ကမ္ဘာ့အကြာရှည်ဆုံးပြည်တွင်းစစ်အဖြစ် မကြာခဏဖော်ပြခံရလေ့ရှိသည် (Gravers 2014: 173) ဤပဋိပက္ခ၏အကြောင်းရင်းခံသည် ကိုလိုနီခေတ်မှစတင်ခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်မြန်မာစစ်တပ်အကြားပြည်တွင်းစစ်သည် ဗြိတိသျှလက်အောက်မှလွတ်လပ်ရေးရရှိပြီးနောက် တစ်နှစ်အကြာ ၁၉၄၉ ခုနှစ်ဇန်နဝါရီလတွင်စတင်ဖြစ်ပွားခဲ့သည်။ ခေတ်သစ်စကားလုံးတွင် ကရင်ပြည်နယ် ဟူ၍ တစ်ခါမျှမရှိခဲ့သော်လည်း ကိုလိုနီခေတ်ကာလအတွင်း ကရင်လူမျိုးတို့၏ဝိသေသလက္ခဏာဆိုင်ရာ သဘောထားသည် ပြင်းထန်စွာပေါ်ထွက်လာခဲ့သည်။ ထို့အတွက် စောဖိုးဒေး၏ဘဝကိုခိုင်မာစွာပုံသွင်းထားသည့်ဟုဆိုနိုင်သော ဆန့်ကျင်ဘက်အကြောင်းပြချက် ၂ခုကို ဖော်ထုတ်နိုင်သည်။ ထိုအရာတို့မှာ မြန်မာနှင့်ကရင်အကြားရှိ နိုင်ငံရေးတင်းမာမှုများနှင့် ဗုဒ္ဓဘာသာနှင့်ခရစ်ယာန်ကရင်တို့အကြားရှိဘာသာရေးကွဲပြားမှုတို့ဖြစ်ကြသည်။ အမေရိကန်နှစ်ခြင်းခရစ်ယာန်သာသနာပြုများသည် ၎င်းတို့၏အောင်မြင်သောသာသနာပြုလုပ်ငန်းများကို ၁၈၁၃ခုနှစ်မြန်မာနိုင်ငံသို့ ပပထမဆုံးနှင့် ယနေ့တိုင်အောင်အလွန်ကျော်ကြားသော သာသနာပြု Adoniram Judsonလာရောက်ပြီးနောက်တွင် ပထမအင်္ဂလိပ် – မြန်မာစစ်ပွဲ (၁၈၂၄-၁၈၂၆)အပြီးနှစ်အနည်းငယ်အကြာတွင်စတင်ခဲ့သည်။ မြန်မာဗုဒ္ဓဘာသာ၀င်များအဖြစ်မှပြောင်းလဲရန် သူ၏ကြိုးပမ်းမှုများသည် ဘာသာပြောင်းဝင်လာသူအရေအတွက်အရ ထိရောက်မှုမရှိပါ။ နတ်ကိုးကွယ်သောကရင်များကြား ခရစ်ယာန်သာသနာပြုလုပ်ငန်းကို ကျမ်းစာများအားဘာသာပြန်၍ စာဖြင့်ရေးသားပေးခြင်းဖြင့် လုပ်ဆောင်ခဲ့သည်။ တိုင်းရင်းသားအုပ်စုဖြစ်ရခြင်း၏အဓိပ္ပာယ်ကို သာသနာပြုသူများက သိရှိစေခဲ့သည်။ ၁၈၈၁ခုနှစ်တွင် ခရစ်ယာန်ကရင်အမျိုးသားအစည်းအရုံး (KNA) ကိုခရစ်ယာန်သာသနာပြုများ၏အကူအညီဖြင့်ဖွဲ့စည်းခဲ့သည်။ ၁၈၈၅ခုနှစ်တွင် တတိယအင်္ဂလိပ် – မြန်မာစစ်ပွဲအပြီး ဗမာတော်လှန်ရေးတွင်မြန်မာဘုရင်စနစ်အဆုံးသတ်သွားခြင်းနှင့် ဗမာပြည်တစ်ခုလုံးကိုဗြိတိသျှအင်ပါယာသို့ပေါင်းစည်းစေခြင်းအားဖြင့် ခရစ်ယာန်ကရင်များသည် ဗြိတိသျှတပ်များအားထောက်ပံ့ရန် ဗမာဗုဒ္ဓဘာသာသူပုန်များကိုတိုက်ခိုက်ခြင်းဖြင့် အားတက်သရောကူညီပေးနေသည်ဟုသတင်းများရရှိခဲ့သည်။ ၁၉၂၉ခုနှစ်တွင် ကရင်ခေါင်းဆောင်တစ်ဦး ရေးသားခဲ့သည့် စာအုပ်တစ်အုပ်တွင် ဗမာနှင့်ကရင်တို့၏ ယဉ်ကျေးမှုကွဲပြားခြားနားမှုများကြောင့် အတူတကွအုပ်ချုပ်၍မရနိုင်ဟု ဖော်ပြထားသည် (San C. Po 2001) စာအုပ်တွင်ထည့်သွင်းထားသည့် အတွေးအခေါ်များသည် ဗြိတိသျှအပေါ်သစ္စာစောင့်သိမှုအတွက် ဆုတစ်ခုအဖြစ် ကရင်တို့အတွက် သီးခြားပြည်နယ်တစ်ခုတောင်းဆိုမှု၏အစအဖြစ် ထင်မှတ်နိုင်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ကရင်စစ်သည်များသည် ဗြိတိသျှစစ်တပ်တွင် အမှုထမ်းခဲ့ပြီး အောင်ဆန်း၏ ဦးဆောင်မှုအောက်ရှိ ဂျပန်တို့နှင့်မဟာမိတ်များဖြစ်သော ဗမာလွတ်လပ်သောတပ်မတော် (BIA) ကိုတိုက်ခိုက်ခဲ့သည်။ ၁၉၄၂ခုနှစ်တွင် မြစ်ဝကျွန်းပေါ်ဒေသရှိ BIA နှင့်ကရင်လူမျိုးများအကြားအကြမ်းဖက်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်သည် ခရစ်ယာန်နှင့်ဗုဒ္ဓဘာသာဝင်များဖြစ်သော ကရင်လူမျိုးတို့၏ လူမှုရေးမှတ်ဉာဏ်၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။ (Gravers 2007; 2014: 180-182)
၁၉၄၇ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို KNA မှဖွဲ့စည်းခဲ့သည်။ ခေါင်းဆောင်ပိုင်းတွင် ချမ်းသာသောကရင်ခရစ်ယာန်ဘာသာ၀င်များပါဝင်သည်။ KNU သည် ကရင်လူမျိုးအများစုနေထိုင်သည့် ဒေသအားလုံးပါဝင်သော ပြည်နယ်တစ်ခုကိုတောင်းဆိုခဲ့သည်။ KNLA ၏ခေါင်းဆောင်ပိုင်းတွင် ခရစ်ယာန်အများစုဖြစ်သော်လည်း အောက်ခြေတွင် အများစုမှာဗုဒ္ဓဘာသာကရင်များ ဖြစ်သည်။ ထိုအရာသည် တင်းမာမှုများကိုဖြစ်စေသည်။ ဗုဒ္ဓဘာသာကရင်လူမျိုးများက ၎င်းတို့ကိုခရစ်ယာန်ခေါင်းဆောင်များက အမြတ်ထုတ်သည်ဟု ခံစားခဲ့ရတယ်။ ရလဒ်အနေဖြင့် ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) ကို ၁၉၉၄ ခုနှစ်တွင် ကရင်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးသုဇန၏လက်အောက်တွင် ဖွဲ့စည်းခဲ့သည်။ အကျိုးဆက်ကတော့ KNU ၏ဌာနချုပ်နှင့်ထိုင်းနယ်စပ်တွင်တည်ရှိသောအခြားအတိုက်အခံအုပ်စုများသည် မြန်မာနိုင်ငံအား ၁၉၈၈ နောက်ပိုင်းတွင်အုပ်ချုပ်ခဲ့သောစစ်အစိုးရလက်အောက်သို့ ၁၉၉၅ ခုနှစ်အစောပိုင်းတွင် ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ကရင်လူမျိုးများသည် တစ်ခုတည်းအဖြစ်စည်းလုံးညီညွတ်သည်ဟု ပြောဖို့ရာခက်ခဲပါသည်။ ကျွန်ုပ်တို့အနေဖြင့် ကရင်လူမျိုးအုပ်စုအမျိုးမျိုးကို အကျိုးစီးပွားနှင့် အဖွဲ့အစည်းစသည့်အရာများဖြင့် ခွဲခြားရန်လိုအပ်ပါသည်။ ဥပမာ ဒုက္ခသည်များ၊ အခြားနိုင်ငံတွင်အခြေချသွားသောကရင်လူမျိုးများ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရသည့်ကရင်လူမျိုးများနှင့်“ အခြား” ကရင်လူမျိုးအမြောက်အမြား Thawnghmung(၂၀၁၃) မှခေါ်တွင်သည့်အတိုင်း။ ၎င်းတို့သည် မကြာခဏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲ၀င်နေကြသည့်ကရင်များနှင့် မြန်မာစစ်တပ်နှင့်ဖြစ်ပွားသောတိုက်ပွဲများကြောင့် ဆင်းရဲဒုက္ခခံခဲ့ရသူများဖြစ်သည်။ ဤနေရာတွင် ပြန်ပြောသည့်ပုံပြင် အများစုတွင် စောဖားဒေးအကြောင်းမပါ၀င်ပါ။ သူသည် နိုင်ငံ၏အရှေ့ဘက် ထိုင်းနယ်စပ်အနီးတွင် နေထိုင်သောကရင်လူမျိုးများထဲမှတစ်ယောက်ဖြစ်ပြီး ကရင်လူမျိုးများနှင့်ဗမာလူမျိုးများအကြားရှိ ပဋိပက္ခများနှင့် ဗုဒ္ဓဘာသာ-ခရစ်ယာန်ဘာသာ စသည့် ခွဲခြားမှုများအတွင်း ဆွဲခေါ်ခြင်းခံခဲ့ရသူဖြစ်သည်။
စောဖားဒေး
စောဖားဒေး သည် မွန်ပြည်နယ်၏မြို့တော်ဖြစ်သော မော်လမြိုင်မြို့တွင် ကြီးပြင်းလာခဲ့သည်။ သူ၏မိဘများမှာ စကောကရင်လူမျိုးများဖြစ်သော ဉီးရွှေထွန်းနှင့် ဒေါ်ရွှေတို့ဖြစ်သည်။ သူ၏မိသားစုသည် ရံဖန်ရံခါ မော်လမြိုင်ကမ်းလွန်ဖြစ်သော ဘီလူးကျွန်းတွင်လည်း နေထိုင်ကြသည်။ ဘီလူးကျွန်းသည် ၎င်း၏မိခင်ဒေါ်ရွှေ၏ မွေးရပ်မြေဖြစ်ပါသည်။ ၎င်း၏ဖခင် ဉီးရွှေထွန်း၏ ဇာတိမှာ မော်လမြိုင်မြို့၏တောင်ဖက် ကရင်မြို့တစ်မြို့ဖြစ်သော ကြာအင်းဆိပ်ကြီးဖြစ်ပါသည်။ ဉီးရွှေထွန်းနှင့် ဒေါ်ရွှေတို့သည် ၎င်းတို့၏အိမ်နားရှိ မတူညီသည့် ကျောင်းတွင်စာသင်ခဲ့ကြသည်။ ထိုကျောင်းများသည် ဦးရွှေထွန်းနှင့်ဒေါ်ရွှေတို့ကို မြန်မာနိုင်ငံ၏အကြီးဆုံးခရစ်ယာန်အသိုင်းအဝိုင်းဖြစ်သည့် နှစ်ခြင်းခရစ်ယာန်ဘာသာသို့ ပြောင်းလဲစေခဲ့ပါသည်။ ထိုကျောင်းအဖွဲ့အစည်းများသည် နောက်ပိုင်းတွင် လက်ထပ်ထိမ်းမြားခြင်းကိုပါစီစဥ်ပေးခဲ့သည်။ ထိုအရာများအားလုံးသည် ၁၉၄၀ခုနှစ်ပြည့်လွန်နှစ်များတွင် ဂျပန်များက မြန်မာနိုင်ငံကိုသိမ်းပိုက်ချိန်၌ဖြစ်ပျက်ခဲ့သည်။ စောဖားဒေးတွင် ၁၉၅၀ ခုနှစ်အစောပိုင်းတွင် မွေးဖွားခဲ့သည့် မွေးချင်းအငယ် ၂ယောက်ရှိပါသည်။ သူ၏ ကျောင်းနေစဥ်ကာလများကို မပျော်မွေ့သည့် အချိန်များအဖြစ် အမှတ်ရနေခဲ့ပါသည်။ သူသည် ၅တန်းအထိကျောင်းနေခဲ့ရပြီး ၆တန်းစာမေးပွဲအောင်ရန် နှစ်အနည်းငယ်ကြိုးစားခဲ့ရသည်။ သူ၏ မိသားစုဖြစ်စေ ကျောင်းဖြစ်စေ သူ့ကိုစိတ်လှုပ်ရှားမှုမပေးနိုင်ခဲ့ပါ။ သူအသက် ၁၄ နှစ်အရွယ်တွင်အိမ်မှထွက်သွားပြီး တောထဲ၌ကျင်လည်နေသောကရင်လူငယ်များနှင့်ပူးပေါင်းခဲ့သည်။ ဤအချိန်တွင်သူသည် KNU အဖွဲ့ဝင်များ၊ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။ ဒေါ်လီသည်လည်း၎င်းတို့ထဲမှတစ်ဦးဖြစ်သည်။
မြေပုံ
စောဖားဒေး၏မှတ်ဉာဏ်ထဲတွင် သူကျောက်မျက်ကုန်သည်နှင့်စတင်သိကျွမ်းသည့်အချိန်၌အသက် ၂၆ နှစ်ခန့်သာရှိသေးသည်။ ထိုကုန်သည်သည် ကရင်လူမျိုးတစ်ယောက်ဖြစ်ပြီး နိုင်ငံ၏မြောက်ဖက်ပိုင်းရှိကျောက်မျက်ရတနာများပေါများသည့် ကချင်ပြည်နယ်နှင့် မော်လမြိုင်မြို့သို့ ကုန်သွယ်ခရီးသွားလာလေ့ရှိသူတစ်ယောက်ဖြစ်သည်။ ထိုကုန်သည်နှင့်တွေ့ဆုံပြီးမကြာမီ စောဖာဒေးသည် ထိုင်းနိုင်ငံသို့ တရားမ၀င်ကျောက်မျက်ရတနာရောင်းဝယ်မှုကိုလုပ်ကိုင်ခဲ့သည်။ သူသည်မော်လမြိုင်ရှိကုန်သည်ထံမှ ကျောက်မျက်ရတနာများကို ယူ၍ ကြာအင်းဆိပ်ကြီးသို့လှေဖြင့်သွားခဲ့သည်။ ကရင်ပြည်၏ထူထပ်သော တောအုပ်ကို ဖြတ်ရန် အချိန် ၂ရက်ကြာအောင်လမ်းလျောက်ရန် ရဲ့ရင့်သန်မာသော ခြေလှမ်းများလိုအပ်ပါသည်။ ထိုအချိန်များတွင် စောဖရဲဒေးသည် ၎င်း၏ဘိုးဘေးများ၏ကြမ်းတမ်းသောခရီးစဉ်များနှင့်ရင်းနှီးကျွမ်းဝင်ခွင့်ရခဲ့သည့်အချိန်များဖြစ်သည်။ ထိုင်းနိုင်ငံမဲဆောက်မြို့သို့ ရောက်ရှိရန် နောက်ထပ်သုံးနာရီကြာအောင် လှေစီး၍ သွားရသည်။ ကရင်လူမျိုးများသည် မြန်မာပြည်နှင့်ထိုင်းနိုင်ငံနှစ်ခုလုံးတွင် နေထိုင်သောကြောင့် စောဖားဒေးလိုကုန်သည်များသည် နယ်စပ်ကိုတရားမ၀င်အလွယ်တကူဖြတ်သန်းသွားလာနိုင်သည်။ အများအားဖြင့်သူ၏ ခရီးစဉ်သည်မဲဆောက်တွင်အဆုံးသတ်သော်လည်း တစ်ခေါက်တွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာစာရွက်စာတမ်းများမရှိဘဲ ဘန်ကောက်မြို့သို့ပင်သွားရောက်ခဲ့သည်။ ပုံမှန်အားဖြင့် မဲဆောက်သို့ ရောက်သောအခါ သူသည်သယ်ဆောင်လာသည့် ပစ္စည်းများနှင့် ကျောက်မျက်ရတနာများကို ထိုင်းဘက်ခြမ်းရှိအခြားသယ်ဆောင်သူထံသို့လွှဲပြောင်းပေးရသည်။ အပြန်အလှန်အားဖြင့် စောဖားဒေးသည် ထိုသယ်ဆောင်သူထံမှ ပိုက်ဆံလက်ခံရရှိပြီး မော်လမြိုင်မြို့ရှိ ကုန်သည်များထံပြန်ပို့ခဲ့ရသည်။ ထိုသို့ ပုံမှန်အလုပ်ပုံမှန်လည်ပါတ်ခဲ့ရပြီး အလုပ်လည်းကောင်းခဲ့သည်။ သူသည် ထိုင်းနိုင်ငံသို့ ၃လမှ ၅လခြားတစ်ခါ ကျောက်မျက်ရတနာများ သယ်ယူပို့ဆောင်ပေးရသည်။ ကျောက်မျက်ရတနာများသည်အလွန်အဖိုးတန်သောကြောင့် ထိုအလုပ်သည်အတော်လေးအကျိုးအမြတ်များသောအလုပ်ဖြစ်ခဲ့သည်။
သူ၏လုပ်ငန်းဒုတိယမြောက်နှစ်တွင် ထိုင်းဖက်မှသယ်ယူသူမှ စောဖားဒေး လိမ်လည်ခဲ့သည်။ စောဖားဒေးသည်မော်လမြိုင်မြို့မှ အလွန်အဖိုးထိုက်တန်သော ပတ္တမြားတစ်လုံးကိုသယ်ယူလာခဲ့သည်။ ထိုင်းဖက်မှသယ်ယူသူထံ ပတ္တမြားကိုလက်လွှဲပြီးချိန်တွင် ထိုသူမှာ ပိုက်ဆံမပေးဘဲ ပျောက်ကွယ်သွားခဲ့သည်။ မော်လမြိုင်မြို့ရှိကရင်ကုန်သည်များထံပြန်ပေးရမည့် ပိုက်ဆံမရှိတော့ သောကြောင့် သူသည်ကြောက်လန့်ကာ အိမ်သို့ မပြန်ရဲတော့ပေ။ သူသည် ကရင်ပြည်နယ်၏ကုန်းတွင်းပိုင်း ကျေးရွာများတွင်နေထိုင်ခဲ့သည်။ ထိုအချိန်က နောက် ၄၃ နှစ်ကြာပြီးမှ မော်လမြိုင်သို့ပြန်လာရမည်ဖြစ်ကြောင်း သူ့အမေနှင့်ထပ်မံတွေ့ဆုံခြင်းမရှိတော့ကြောင်းနှင့် သူ၏ဆုံးဖြတ်ချက်သည်မော်လမြိုင်ရှိမိသားစုတစ်စုလုံးအတွက်ဆိုးဝါးသောအကျိုးဆက်များရှိကြောင်းကို သူမသိရှိခဲ့ပဲ နှစ်ပေါင်းများစွာကြာမှသာသိရှိခဲ့ရသည်။ သူ့အစ်ကိုသည်သာ အခါအားလျော်စွာ သူနေထိုင်သည့်နေရာသို့ လမ်းကြုံ၀င်ရောက်လည်ပါတ်လေ့ရှိသော်လည်း သူ့မိသားစုခံစားခဲ့ရသည့် အကျိုးဆက်များကိုမပြောပြဖြစ်ခဲ့ပါ။
စောဖားဒေးသည် ၀င်းခနကျေးရွာတွင်နေထိုင်ခဲ့ပြီး ငယ်စဥ်ကသိကျွမ်းခဲ့သော ဒေါ်လီ၏အဖွဲ့သို့၀င်ရောက်ခဲ့သည်။ ဒေါ်လီသည် KNU ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူသည် KNU ဒေသလေးခုအနက်တစ်ခုဖြစ်သည့် ၀င်းရွာမြို့နယ်ကိုထိန်းချုပ်သည်။ ၆. ထိုဒေသသည် တပ်မတော်ထိန်းချုပ်ဒေသမဟုတ်ဘဲ KNU ၏ထိန်းချုပ်ဒေသ (ယနေ့တိုင်) ဖြစ်သည်။ ၎င်းတို့၏ဒေသကို အဖွဲ့ငယ်လေးများ ၂၀မှ ၃၀အထိ ကင်းလှည့်ခဲ့ကြပြီး စောဖားဒေးသည်ထိုအထဲမှ တစ်ဦးဖြစ်သည်။ ကျောင်းဆရာများရှားပါးလာသည့်နှင့်အမျှ သူသည်ကျေးရွာစာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းဆရာအဖြစ် ထမ်းဆောင်ခဲ့သည်။ သူဒေါ်လီ၏အဖွဲ့၀င်တစ်ဦးအနေဖြင့် နေခဲ့ရသည့်အချိန်များသည် ကောင်းမွန်သည့်အမှတ်တရများဖြစ်ခဲ့သည်။ တောအုပ်ထဲတွင် လှည့်လည်သွားလာရသည့် လွပ်လပ်ခြင်းကို သူအလွန်နှစ်သက်ပါသည်။ အမှန်အတိုင်း ၀န်ခံရလျှင် ထိုနေရာတွင်စွန့်စားခန်းများစွာက ကြိုဆိုနေသော်လည်း သူ့အနေဖြင့် အမဲလိုက်ခြင်းတစ်ခုတည်းကိုသာ ကြိုက်နှစ်သက်ခဲ့သည်။ ထိုဒေသကိုကင်းလှည့်နေစဉ် အစားအစာများလိုအပ်လျှင် ခေါင်းဆောင်သည်စောဖားဒေးကိုအမြဲတာ၀န်ပေးအပ်သည် အဘယ်ကြောင့်ဆိုသော်သူသည်အကောင်းဆုံးလက်ဖြောင့်သမားဖြစ်ပြီး ပစ်မှတ်များကိုအမြဲထိမှန်ခဲ့သူဖြစ်သည်။
စီ၀ဆိုသော ဒေသခံကရင်မိန်းကလေးတစ်ဦးနှင့် ကင်းလှည့်တာ၀န်ထမ်းဆောင်နေချိန်တွင် ဆုံတွေ့ခဲ့ကြသည်။ ထိုမိန်းကလေးသည် ၎င်းတို့ထိန်းချုပ်ထားသည့် ကျေးရွာတစ်ရွာဖြစ်သော သံဘရာကျေးရွာတွင် နေထိုင်သူဖြစ်သည်။ ထိုမိန်းကလေးနှင့် ၃နှစ်ကျော်ကြာ ချစ်ကြိုက်ပြီးနောက်တွင် ဒေါ်လီထံမှ လက်ထပ်ထိမ်းမြားခွင့်တောင်းခံခဲ့ကြသည်။ စောဖားဒေးသည် အသက်၃၀ခန့်တွင် စီ၀နှင့် ၀င်းခနကျေးရွာတွင် မင်္ဂလာဆောင်ခဲ့ပြီး သံဘရာရွာတွင်အတူတကွနေထိုင်ကြသည်။ ၎င်းတို့တွင် ယောကျာ်းလေး ၂ဦးနှင့် မိန်းကလေး ၁ဦး စုစုပေါင်းသားသမီး ၃ဦး ထွန်းကားခဲ့ကြသည်။ စောဖားဒေးသည် ဒေါ်လီ့အဖွဲ့တွင်ပါ၀င်၍ KNUဒေသတစ်လျှောက် ကင်းလှည့်တာ၀န်းဆက်လက်ထမ်းဆောင်နေဆဲဖြစ်သည်။ KNUသည် ကရင်တော်လှန်ရေး၏ နိုင်ငံရေးပါတီဖြစ်သဖြင့် KNU“တိုက်စစ်မှုးများ” သည်လေ့ကျင့်ထားသောစစ်သားမဟုတ်ကြပေ – ပုံမှန်စစ်သားများသည် KNLA တွင်ပါ၀င်၍စည်းလုံးကြသည်။ မည်သို့ပင်ဆိုစေကာမူ KNU တိုက်စစ်မှုးများသည် တပ်မတော်နှင့်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ များသောအားဖြင့် စောဖားဒေးအပါအ၀င် ဒေါ်လီနှင့်သူအဖွဲ့သည် မြန်မာစစ်တပ်နှင့်မဆုံမိရန် ကြိုးစားခဲ့ကြသည်။ မြန်မာစစ်သားများသည် များသောအားဖြင့်ကရင်ရွာသားများနှင့်ပေါ်တာများကိုလူ့ဒိုင်းများအဖြစ်အသုံးပြုကာ ရောက်ရှိလာလျှင် KNU တိုက်စစ်မှုးများသည်တောထဲ၌ပုန်းအောင်းနေကြရသည်။ မည်သို့ပင်ဆိုစေကာမူ စောဖားဒေး KNU တိုက်စစ်မှုးအဖြစ်ရှိနေချိန်တွင် တပ်မတော်မှ ၎င်းတို့ကို ၂ကြိမ်တိုင် ချုံခိုတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲတစ်ခုတွင် KNU တိုက်စစ်မှုး၅ဦး သေဆုံးခဲ့သော်လည်း ထိုတိုက်ပွဲများအတွင်း မြန်မာဘက်တွင်ထိခိုက်သေဆုံးမှုမရှိခဲ့ပါ။
သူ၏ဇနီး စီ၀သည် ဗုဒ္ဓဘာသာမိသားစုမှ လာသူဖြစ်ခြင်းမှလွဲ၍ စောဖာဒေးသည်ပျော်ရွှင်သောအိမ်ထောင်ရေးကိုရရှိခဲ့သည်။ အစပိုင်းတွင် သူ၏ယောက္ခမဖြစ်သူများက သူ့ကိုဗုဒ္ဓဘာသာသို့ကူးပြောင်းစေလိုခဲ့ကြသည်။ သူသည်နှစ်ခြင်းခရစ်ယာန်ဘာသာ၀င်အဖြစ်ကြီးပြင်းလာသူဖြစ်သောကြောင့် အမြဲတစေငြင်းပယ်ခဲ့သည်။ ဤလက်ထပ်ထိမ်းမြားမှုရှိ ဘာသာရေးကွဲပြားမှုသည်နှစ်ပေါင်းများစွာကြာသောပြဿနာတစ်ခုဖြစ်လာခဲ့သည်။ ၁၀နှစ်ကြာပြီးနောက် စောဖားဒေး နှင့် စီ၀တို့သည် ကွာရှင်းပြတ်စဲရန်ဆုံးဖြတ်ခဲ့ကြသည်။ စောဖားဒေးကတော့ သူအနေဖြင့် ဗုဒ္ဓဘာသာဖြစ်စေ နှစ်ခြင်းခရစ်ယာန်ဘာသာဖြစ်စေ မည်သည့်ဘာသာကိုမှ ယနေ့အချိန်တွင် နှစ်သက်ခြင်းမရှိကြောင်းပြောဆိုခဲ့သည်။ သူကွာရှင်းပြတ်စဲပြီး နောက်ပိုင်းတွင် သူ၏ကလေးများနှင့်လည်းမတွေ့ဆုံခဲ့ပါ။ သို့သော် သူသည်ဒေါ်လီ အပေါ်တွင်တော့ သစ္စာရှိခဲ့ပြီး ဒေသတစ်၀ိုက် ခြေဦးတည့်ရာသွားလာနေထိုင်ခဲ့သည်။ သူသည်လွတ်လပ်မှုနှင့်သဘာဝတရားကိုချစ်မြတ်နိုးပြီး “လွပ်လပ်ဖို့နဲ့ ကျွန်ုပ်လုပ်ချင်တာကိုလုပ်ခွင့်ရဖို့” ဆိုသည့်ဝါကျသည် ယနေ့တိုင် သူ၏ဘ၀အကြောင်းဖော်ပြရန် လက်စွဲကျင့်သုံးခဲ့သော ဝါကျတစ်ခုဖြစ်သည်။
ထိုအချိန်များ ရုတ်တရက်ဆိုသလို ရပ်တန့်ဖို့ဖြစ်လာခဲ့သည်။ သူ၏ KNUတိုက်စစ်မှုးအဖြစ် တာ၀န်ယူမှုသည် သူ၏ခေါင်းဆောင်အလွန်ရင်းနှီးသောကြောင့်သာဖြစ်သည်။ ထို့ကြောင့် ဒေါ်လီလုပ်ကြံခံရချိန်တွင် စောဖားဒေးသည် အနှစ်၂၀ကျော်တာ၀န်ယူခဲ့သည့် KNUတိုက်စစ်မှုးအဖြစ်မှ ရပ်တန့်ရန်နှင့် အဖွဲ့မှထွက်ခွာရန်ဆုံးဖြတ်ခဲ့သည်။ သူသည် အသက် ၅၀ အရွယ်တွင် သူအမြဲနှစ်သက်ခဲ့ရသော ထီးဖားထောကျေးရွာတွင်အငြိမ်းစားယူပြီးနေထိုင်ခဲ့သည်။ လှပသောသဘာ၀ပါတ်၀န်းကျင်နှင့် လွပ်လပ်မှု ကိုထိုနေရာတွင် ခံစားရသောကြောင့်ဖြစ်သည်။ သူသည်ကင်းလှည့်တာ၀န်ထမ်းဆောင်စဉ်က ထိုနေရာတွင် သူငယ်ချင်းများစွာရှိခဲ့ပြီးဖြစ်သည်။ ထိုနေရာတွင်သူ၏ ကိုယ်ပိုင်အိမ်မရှိသော်လည်း သူ၏သူငယ်ချင်းများက အိမ်တွင်လာနေရန် အမြဲကြိုဆိုသည်။ စောဖာဒေးသည် တိရိစ္ဆာန်များကိုအမဲလိုက်ခြင်း အထူးသဖြင့် ငှက်များအားလေသနတ်ဖြင့်ပစ်ဖမ်း၍ ရွာထဲတွင်ရောင်းချခြင်းဖြင့် အသက်မွေးခဲ့သည်။
မြန်မာစစ်တပ်သည် ထီးဖားထောကျေးရွာသို့ မကြာခဏလာရောက်ခဲ့ပြီး ကရင်စစ်သားများ၊ စစ်တပ်အသုံးအဆောင်များ သို့မဟုတ် အတင်းအဓမ္မအလုပ်ခိုင်းစေရန်အတွက် ပေါတာအဖြစ် အားကောင်းမောင်းသန်ကရင်အမျိုးသားများအား လာရောက်ရှာဖွေလေ့ရှိကြသည်။ ထိုအချိန်များတွင် အခြားရွာသူရွာသားများနည်းတူ စောဖားဒေးသည်လည်းတောထဲ၌အမြဲပုန်းနေခဲ့ရသည်။ နောက်ပိုင်းတွင် သူလည်း အခြားသူများနည်းတူထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံရန် ဆုံးဖြတ်ခဲ့သည်။ ထိုင်းနိုင်ငံရှိ Hwe Malei ဒုက္ခသည်စခန်းတွင် ၂နှစ်ခန့်နေထိုင်ခဲ့သည်။ ထိုနေရာတွင်လုံခြုံစိတ်ချရပြီး သူ၏သူငယ်ချင်းများနှင့်ကရင်အသိအကျွမ်းများစွာလည်းထိုနေရာတွင်နေထိုင်ကြသည်။ သို့သော်လည်း ထိုနေရာတွင် ထိုင်းအာဏာပိုင်များမှ စည်းကမ်းများဖြင့် ထိန်းချုပ်ထားသောကြောင့် သူအနေဖြင့် လုပ်စရာမရှိ သောကြောင့် မပျော်ရွှင်နိုင်ခဲ့ပါ။ သူချစ်မြတ်နိုးရသည့်ကျေးရွာ၏လွတ်လပ်မှုနှင့်ရှုခင်းများကိုသူ လွမ်းဆွတ်ခဲ့ရသည်။ အန္တရာယ်ရှိသည့်ကြားမှ အိမ်သို့ သုံးရက်ကြာလမ်းလျှောက်ပြန်လာခဲ့သည်။ ထီးဖာထောရွာသို့ ပြန်ရောက်ပြီး ပျော်ရွင်သည့်ဘ၀ဖြင့် နေထိုင်ခဲ့သည်။ သို့သော် လုံး၀အန္တရာယ်ကင်းသည့် ဘ၀မျိုးတော့မဟုတ်ပါ။ ရွာသားများသည် တစ်ခါတစ်ရံမြန်မာစစ်တပ်များထံမှ ပုန်းအောင်းနေရဆဲဖြစ်သော်လည်း ၎င်းမှာလွတ်လပ်သည့် ဘ၀တစ်ခုဖြစ်သည်။ ယနေ့အချိန်တွင် မြန်မာစစ်သားများလည်း လာရောက်ခြင်းမရှိကြတော့ပါ။
စောဖားဒေး၏အငယ်ဆုံးသားမှာ ကျေးရွာအနီးတွင်ပင်နေထိုင်သောကြောင့် မကြာခဏတွေ့ခွင့်ရသည်။ သူ၏ ညီဖြစ်သူမှလည်း အခွင့်အခါသင့်သလို လာရောက်လည်ပါတ်ပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က စောဖားဒေးသည် သူ၏မိခင်ဖြစ်သူမော်လမြိုင်မြို့တွင် ဆုံးပါသွားပြီဖြစ် ကြောင်းကြားသိခဲ့ရသည်။ လွန်ခဲ့သောဆယ်စုနှစ်အလွန်က သူထိုင်းဖက်မှသယ်ယူသူထံမှ အလိမ်ခံရစဉ် မော်လမြိုင်သို့မပြန်ဖြစ်ခဲ့သောကြောင့် မည်သည့်အရာများဖြစ်ပျက်ခဲ့သည့်ဆိုသောကိစ္စများကိုလည်းသူသိရှိခွင့်ရခဲ့သည်။ စောဖားဒေး ထံမှ ငွေကြေးရစရာရှိ သောကရင်ကုန်သည်သည် သူပြန်ရောက်မလာသောအခါ သူ၏မိသားစုထံသို့ ဆက်သွယ်လာခဲ့သည်။ စောဖားဒေး၏မိခင်မှ မြေအချို့ကို ရောင်းချပြီး ထိုငွေများကို ပေးချေခဲ့ရသည်။ အကယ်၍ထိုအကြောင်းကို စောဖားဒေးသိရှိခဲ့လျှင် မော်လမြိုင်မြို့သို့ ပြန်သွားပြီး သူ၏အကြွေးများအတွက် ပေးချေမည်ဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာကြာပြီး အသက် ၆၀နီးပါးရှိသည့် ပိုက်ဆံတပြားမှမရှိသည့် ဘ၀ဖြင့် မော်လမြိုင်မြို့သို့ ပြန်သွားစရာအကြောင်းပြချက် သူ့မှာမရှိတော့ပေ။ သူ၏တူဖြစ်သူမှ အလွန်တိုက်တွန်းတောင်းဆိုမှုကြောင့်သာ သူတစ်ခေါက်ပြန်သွားဖြစ်သည်။ စောဖားဒေးသည် သူ၏ မျက်စိတွင်ပြဿနာမဖြစ်ခင်အချိန်အထိ မုဆိုးဘ၀ဖြင့်အသက်မွေးခဲ့သည်။ ယခုအချိန်တွင် သူ့အသက် ၇၀ရှိပြီဖြစ်သည်။ သူအလွန်ချစ်သောသေနတ်ကို ရောင်းရန်ဆုံးဖြတ်ခဲ့သည်။ ယခုအချိန်တွင် သူသည် ရွာတွင် ထိုင်းထီများ ရောင်းချခြင်းဖြင့်အသက်မွေးပါသည်။ သူ၏အနာဂါတ်အတွက်လည်း သူစိုးရိမ်မိပါသည်။ ယခုအချိန်တွင် သူ့ကိုယ်သူ စောင့်ရှောက်နိုင်သော်လည်း မည်မျှကြာသည်အထိ ထိုသို့လုပ်နိုင်မည်ကို မသေချာပါ။ သူဘာဆက်ဖြစ်မလဲ ဘယ်သူက သူ့ကိုစောင့်ရှောက်မည်ကို သူမသိပါ။
နောက်ပိုင်းအတွေးများ
စောဖားဒေးကို ၎င်း၏ဇာတိမြေအတွက် တိုက်ပွဲဝင်ခဲ့သည့် စံပြပုဂ္ဂိုလ်တစ်ဉီးအဖြစ် ဖော်ပြ၍မရနိုင်ပါ။ သူသည် KNUသို့ အမှတ်မထင်၀င်ရောက်ဖြစ်ခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် ပို၍အရေးကြီးသည်မှာ သူသည်သူ့ဘဝရှိအခက်အခဲများနှင့်အန္တရာယ်များအားလုံးကိုကျော်လွှားနိုင်ခဲ့ခြင်းဖြစ်သည်။ စောဖားဒေးသည် သူ၏ဘ၀တွင်ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ချနိုင်ခဲ့သည်။ သူငယ်ရွယ်စဥ်အခါတွင် သူငယ်ချင်းများနှင့်တောအုပ်ထဲသို့ ခြေဆန့်ရသည်ကို နှစ်သက်ခဲ့သည်။ ထိုအချိန်တွင် KNUစတင်ဖွဲ့စည်းကာစအချိန်ဖြစ်သည်။ ဆယ်နှစ်မှ ဆယ့်ငါးနှစ်ခန့်ပင်ကြာမြင့်သေးသည်။ KNUသည် ကြီးထွားလာပြီး အင်အားကြီးမားပြီးသြဇာညောင်းသောအဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့သည်။ လူငယ်များ၏ စိတ်၀င်စားမှုများကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော် စောဖားဒေးအတွက်မူ ထိုအရာသည် အကြောင်းပြချက်တစ်ခုမဟုတ်ခဲ့ပါ။ သူ KNUသို့၀င်ရောက်ခဲ့ခြင်းသည် သူငယ်ရွယ်စဥ်ကတည်းက ခင်မင်ရင်းနှီးသည့် သူ၏သူငယ်ချင်းဖြစ်သူ ဒေါ်လီကြောင့်ဖြစ်သည်။ ဒေါ်လီသည် KNUဒေသအမှတ် ၆၏ ဒေသခေါင်းဆောင်တစ်ယောက်ဖြစ်သောကြောင့်ဖြစ်သည်။ စောဖားဒေး သည် ၎င်း၏နက်ရှိုင်းသော သူငယ်ချင်းသံယောဇဥ်နှင့် ၎င်း၏သူငယ်ချင်းဖြစ်သူကို ကူညီရန်အတွက် ဒေါ်လီ၏အဖွဲ့သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း စောဖားဒေးသည် ထိုင်းဖက်မှသယ်ယူသူထံမှ အလိမ်ခံရခြင်းကြောင့် ပိုက်ဆံမရှိဘဲ မွေးရပ်မြေသို့ ပြန်သွားရန် ကြောက်လန့်ခဲ့သောကြောင့်ဖြစ်သည်။ စောဖားဒေးသည် ရှေ့ဆက်ဘာလုပ်ရမည်မှန်းမသိသော အခြေအနေတွင် ရှိနေခဲ့ပါသည်။ ၎င်း၏ဆုံးဖြတ်ချက်သည် အကြောင်းပြချက်များစွာအပေါ်အခြေခံထားပါသည်။ ဒေါ်လီအသက်ခံရပြီး မကြာခင် စောဖားဒေး KNUမှ ထွက်ခွာခဲ့ခြင်းသည် သူအနေဖြင့် ကရင်တိုက်စစ်မှုးတစ်ယောက်ဖြစ်လာရသည့်အဓိကအကြောင်းသည် သူငယ်ချင်းသံယောဇဥ်ကြောင့် ဖြစ်သည်ဟူသော ယူဆချက်ကို ပိုမိုခိုင်မာစေခဲ့သည်။ စောဖားဒေး ကိုယ်တိုင်လည်း သူအဖွဲ့၀င်ဖြစ်လာရခြင်း၏ နောက်ခံအကြောင်းပြချက်ကို မစဥ်းစားဖြစ်ခဲ့ပါ။ သူအနေဖြင့် ဒေါ်လီ၏အဖွဲ့သို့ ၀င်ရောက်ခဲ့ပြီးနောက် သူ၏ဘ၀အခြေအနေကို ကျေနပ်ခဲ့သည်ဟုသာ ထောက်ပြခဲ့ပါသည်။
လွတ်လပ်မှု၊ သူ့ဇာတိမြေကိုချစ်ခြင်းနှင့် လူမှုရေးသို့မဟုတ်ရုပ်ပစ္စည်းဆိုင်ရာအကန့်အသတ်များမှ လွတ်ငြိမ်းခြင်းတို့သည် စောဖာဖာ၏ဘဝတစ်လျှောက်ကိုထင်ဟပ်နေသော အဓိကစကားလုံးများဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏လူမှုဝန်းကျင်ရှိ အားပြင်းသောလွှမ်းမိုးမှုတစ်ခုကို မရှောင်ရှားနိုင်ခဲ့ပေ။ ၁၉၉၄ ခုနှစ်တွင် DKBA ဖွဲ့စည်းရန် ဦးဆောင်ခဲ့သော ဗုဒ္ဓဘာသာကရင်နှင့်ခရစ်ယာန်ကရင်တို့၏ တင်းမာမှုများသည် စောဖီးဒေကိုလည်းထိခိုက်စေခဲ့သည်။ ဗုဒ္ဓဘာသာ၀င်ယောက္ခမများနှင့် သူ၏အကြားရှိ မမြင်သာသည့်တင်းမာမှုသည် မြေပြင်ပေါ်သို့ ပေါ်ထွက်လာခဲ့သည်။ သူ၏ဗုဒ္ဓဘာသာ၀င်ယောက္ခမများသည် နောက်ဆုံးတွင်သူ့အား ဗုဒ္ဓဘာသာ၀င်အဖြစ်ကူးပြောင်းရန် သို့မဟုတ် သူ၏ဇနီးအား ကွာရှင်းရန် တောင်းဆိုလာကြသည်။ သူကွာရှင်းရန်ဆုံးဖြတ်ခဲ့သည်။ ဘာသာရေးကြောင့်ထိုသို့ဆုံးဖြတ်ခဲ့သလား။ မဟုတ်ပါဟု စောဖားဒေးမှပြောခဲ့သည်။ သူဘာသာရေးကို နှစ်သက်ခဲ့ခြင်းမရှိပါ။ မိရိုးဖလာကြောင့် သို့မဟုတ် သူ့ရဲ့အကျင့်ဗီဇကြောင့်ထိုသို့ဆုံးဖြတ်ခဲ့သလား။ သူကိုယ်တိုင်လည်း သေချာစွာမသိခဲ့ပါ။ သို့သော်ဤဆုံးဖြတ်ချက်တွင် လွတ်လပ်မှုနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်သည် အဓိကအခန်းကဏ္ဍမှပါ၀င်ခဲ့သည်။
ပြီးတော့ ဤဘ၀သည် ယနေ့တိုင် စောဖားဒေး နေထိုင်လာခဲ့သည့်ပုံစံဖြစ်ပါသည်။ သူ၏ မျက်စိများပိုမိုဆိုးရွားလာသောအခါ သူအခြားအလုပ်အကိုင်တစ်ခု ပြောင်းလဲလုပ်ကိုင်ရန် သူကိုယ်တိုင်ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။ သူဟာကံကြမ္မာကိုစိန်မခေါ်ခဲ့သော်လည်း သူဟာနှစ်ပေါင်းများစွာအသုံးပြုခဲ့တဲ့သေနတ်ကိုရောင်းပြီး အသက် ၇၀ အရွယ်မှာဘဝသစ်တစ်ခုစခဲ့ရပါတယ်။
အောက်ခြေမှတ်ချက်များ
1 ‘Karen’ ၏မြန်မာအသံထွက်နာမည်မှာ ‘ကရင်’ဖြစ်ပါသည်။ ဤစာသားသည် ကရင်လူမျိုးများမှ ၎င်းတို့အကြောင်း နိုင်ငံခြားသားများကို ပြောဆိုသောအင်္ဂလိပ်စကားလုံးကိုအသုံးပြုသည်။
2 အတိအကျကိန်းဂဏန်းများမရှိသော်လည်းခရစ်ယာန်ကရင်ရာခိုင်နှုန်းသည် ၂၅% ရှိသည်ဟုခန့်မှန်းရသည် (Gravers 2014: 175)
* စောဖားဒေးထံသို့ သွားရန်ခရီးစဉ်နှင့် ဤထုတ်ဝေမှုအတွက် ကုန်ကျစရိတ်များကို Zurich တက္ကသိုလ်မှသိပ္ပံနှင့်လူသားသုတေသနသုတေသနဖောင်ဒေးရှင်းမှငွေကြေးထောက်ပံ့ခဲ့သည်။ (No. STWF-17-021) ။
စာပေများ
Gravers, Mikael. 2007. “Conversion and Identity: Religion and the Formation of Karen Ethnic Identity in Burma.” In Exploring Ethnic Diversity in Burma, edited by Mikael Gravers: 227-258. Kopenhagen: NIAS Press.
Gravers, Mikael. 2014. “Ethno-nationalism and violence in Burma/Myanmar – the long Karen struggle for autonomy.” In Burma/Myanmar-Where Now? edited by Mikael Gravers and Flemming Ytzen: 173-197. Copenhagen: NIAS Press.
Morrissey. 1998. “On oral history interviewing.” In The oral history reader, edited by Robert Perks and Alistair Thomson: 107-113. London and New York: Routledge.
Perks, Robert and Alistair Thomson (ed.). 1998. The oral history reader. London and New York: Routledge.
San C. Po. 2001. Burma and the Karens. Bangkok: White Lotus Press.
Slim and Thompson. 1998. “Ways of listening.” In The oral history reader, edited by Robert Perks and Alistair Thomson: 107-113. London and New York: Routledge.
Thawnghmung, Ardeth Maung. 2013. The “other” Karen in Myanmar. Ethnic minorities and the struggle without arms. Lanham: Lexington Books.
Winterberger, Georg. 2017. Myanmar. Durch die Linse der Menschen. Through the lens of people. Petersberg: Michael Imhof Verlag.