ထိန်ဝင်း (၁၉၄၆ခုနှစ်တွင်မွေးဖွားခဲ့သည်) အမှန်တရားကိုပုံရိပ်ဖမ်းခြင်း

by Johanna Kuchel

English version of this biography

မိတ်ဆက်

လွန်ခဲ့သောဆယ်စုနှစ်များစွာကတည်းက မြန်မာနိုင်ငံတွင် အစိုးရကိုတော်လှန်သော သူပုန်အဖွဲ့များစွာ ရှိခဲ့ကြသည်။  ဦးနေဝင်း၏ ဆိုရှယ်လစ်အုပ်ချုပ်ရေးဖြင့် ယခင်ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ ဈာပနကို ကျင်းပရန်ကိုင်တွယ်ရာတွင် ပြည်သူများ၏ သဘောကွဲလွဲမှုကို ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းတွင် ပြသခဲ့သည်။ ၈လေးလုံးအရေးတော်ပုံကြီးပေါ်ပေါက်လာခဲ့ပြီး ဆန္ဒပြသူများမှ ဒီမိုကရေစီနှင့် လွပ်လပ်ခွင့်များကို တောင်းဆိုကြသည်။

ထိုကာလတွင် ထိန်ဝင်းသည် ထိုအဖြစ်အပျက်များကို ဓာတ်ပုံရိုက်ရဲသည့် သတ္တိရှိသူဓာတ်ပုံဆရာ အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ သူ့၏ကျေးဇူးကြောင့် ယခုအချိန်တွင် ယခင်ကအဖြစ်အပျက်များကို နားလည်သဘောပေါက်နိုင်ရန် ကူညီပေးသည့် သက်သေအထောက်အထားများ ကျန်ရှိနေခြင်း ဖြစ်ပါသည်။

ပစ္စုပ္ပန်ရှိ အမှန်တရားများ၏ ပုံရိပ်များကိုဓါတ်ပုံပညာဖြင့်ဖမ်းယူနိုင်ရန်မှာ ထိန်ဝင်း၏ ရည်ရွယ်ချက် ဖြစ်သည်။  သူ၏ ဓါတ်ပုံများဖြင့် လူများအား အမှန်တရားကိုသိရှိစေလိုသည်။

အတ္ထုပ္ပတ္တိ

ထိန်ဝင်းကို ၁၉၄၆ ခုနှစ်တွင် ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ဖွားမြင်ခဲ့သည်။ အသက် ၁၁နှစ်အရွယ်တွင် အင်္ဂလိပ်ဘာသာစကားသင်ယူရန်အတွက် (အိန္ဒိယနိုင်ငံ) မြောက်ပိုင်းရှိ စိန့်ဂျိုးဇက်ကောလိပ်သို့ လေးနှစ်ကြာစေလွှတ်ခံခဲ့ရသည်။ အခြေခံပညာပြီးဆုံးပြီးနောက်တွင်လည်း ရန်ကုန်ဝိဇ္ဇာ၊သိပ္ပံ တက္ကသိုလ်တွင် အင်္ဂလိပ်စာ သင်ယူခဲ့သည်။ သို့သော်လည်း ထိုအချိန်က တက္ကသိုလ်တွင် အင်္ဂလိပ်စာဘွဲ့ကိုမပေးသောကြောင့် ရန်ကုန်ဆေးတက္ကသိုလ် ၁ တွင် ဆက်လက်ပညာသင်ကြားခဲ့သည်။ ထိုအချိန်ကတည်းက ဆေးပညာကို စိတ်ပါဝင်စားမှု မရှိခဲ့ဘဲ ဓါတ်ပုံပညာကိုသာ စိတ်ဝင်စားမှု ရှိခဲ့ပါသည်။  သင်ကြားရေးရည်ရွယ်ချက်အတွက် ဓာတ်ပုံရိုက်ရန်ထားရှိသည့် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းများမှ ကင်မရာများကို ငှားရမ်းကာ လူများနှင့် ၎င်းတို့၏ဘဝများ၊ တက္ကသိုလ် အခမ်းအနားများတွင် ဓါတ်ပုံများစတင်ရိုက်ကူးခဲ့ပါသည်။

၁၉၇၄ ခုနှစ် ဦးသန့်ကွယ်လွန်ချိန်တွင် စတင်လာခဲ့သော ကျောင်းသားဆန္ဒပြပွဲများတွင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ထိုကျောင်းသားဆန္ဒပြပွဲများသည် ကုလသမဂ္ဂ၏တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဦးသန့်ကွယ်လွန်ချိန်တွင် နိုင်ငံတော်ဈာပနအခမ်းအနား အဖြစ်ကျင်းပပေးရန်အတွက် မြန်မာစစ်အစိုးရက ငြင်းဆိုခဲ့ခြင်းကြောင့် စတင်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံရေးနှင့်ဆိုင်သော ဆင်ဆာများကြောင့် ထိုဓါတ်ပုံများကို နောင်နှစ်ပေါင်း ၄၀ အကြာမှသာ စာအုပ်တစ်အုပ်တွင် ဖော်ပြနိုင်ခဲ့ပါသည်။

ဦးသန့်အရေးခင်း စာအုပ်၏မျက်နှာဖုံးကာဗာ (အရင်းအမြစ် – ထိန်ဝင်း)

ဦးသန့်အရေးခင်းကာလအပြီးတွင် ထိန်ဝင်းသည် “ထိန်ဝင်းစာပေထုတ်ဝေရေး” ကို တည်ထောင်ကာ ပထမတွင် ကာတွန်းများနှင့် နောက်ပိုင်းတွင် စာပေလက်ရာများကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထုတ်ဝေသူအဖြစ် လုပ်ကိုင်ရင်း စာရေးဆရာများစွာနှင့် အနုပညာရှင်များစွာအား သိကျွမ်းခဲ့ပြီး ထိုသူအများစု၏ ပုံတူဓါတ်ပုံများ(portrait) ရိုက်ကူးနိုင်ခဲ့ပါသည်။

ထိန်ဝင်းသည် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံအတွင်း  ဆန္ဒပြပွဲများနှင့် ထင်ရှားသော အဖြစ်အပျက်များ၊ ပါဝင်ပတ်သက်သူများ၏ နေ့စဥ်လှုပ်ရှားမှုများ၊ ကျောင်းသားများနှင့် စက်ရုံအလုပ်သမားများ (ဆန္ဒပြပွဲတွင်အများဆုံးပါဝင်သည့် အုပ်စုများဖြစ်သော) ၏နေ့စဉ်လှုပ်ရှားမှုများကို ဓာတ်ပုံမှတ်တမ်းရိုက်ယူခဲ့သည်။ . ထိုဓာတ်ပုံများကို  နိုင်ငံခြားသို့ ပေးပို့နိုင်ရန်အတွက် သူငယ်ချင်းများ၏အိမ်တွင် သိမ်းဆည်းထားရန် ကြိုးစားခဲ့သော်လည်း စစ်တပ်များ၏ မမျှော်လင့်ထားသော ပိုက်စစ်တိုက်စစ်ဆေးမှုများကြောင့် တစ်ဝက်ကျော်ခန့်မှာပျောက်ဆုံး သို့မဟုတ် ပျက်စီးခဲ့ရသည်။ ထိန်ဝင်းသည်လည်းပဲ ၁၉၈၈ ခုနှစ်တွင် လေးပတ်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး တစ်ဖန် ၁၉၈၉ ခုနှစ်တွင် ၁၁ ရက်ကြာ ထပ်မံဖမ်းဆီးခံခဲ့ရသည်။

နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတိုက်မှ ဝန်ထမ်းများ နိုင်ငံတော် အလံအား ဇောက်ထိုးကိုင်ဆောင်ထားပုံ

ထိုအချိန်မှစ၍ ထိန်ဝင်းသည် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အေဂျင်စီများ (UNICEF၊ WHO၊ World Vision အပါအဝင်) အတွက် ဓာတ်ပုံအက်ဆေးများနှင့် ရိုက်ကူးရေးနှင့်ပတ်သက်သည့်အလုပ်များကို လုပ်ကိုင်ပေးခဲ့သည်။ ထိုအလုပ်များသည် များသောအားဖြင့် မြန်မာနိုင်ငံနှင့် အခြားနေရာများရှိ လူမှုရေးဆိုင်ရာ ဆက်စပ်မှုရှိသော အလုပ်များဖြစ်ပါသည်။  သူ၏ ဓာတ်ပုံပြပွဲများဖြစ်သော  “မိသားစုများ”၊ “မြန်မာနိုင်ငံရှိ HIV” နှင့် “မြန်မာနိုင်ငံ၏ မျိုးဆက်ပွားကျန်းမာရေး” စသည် တို့သည် မြန်မာနိုင်ငံရှိ AIDS ပြဿနာကို တစ်နည်းတစ်ဖုံကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။ သူ၏အခြား   “မိဘနှင့် သို့မဟုတ် အိမ်နှင့် ဝေးကွာနေသော ကလေးငယ်များ” ဓာတ်ပုံပြပွဲသည် တရုတ်နယ်စပ်အနီး ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် ပြည်တွင်းနေရပ်စွန့်ခွာ ကလေးငယ်များ၏ ဘဝကို ပြသထားသည်။

သူသည်၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင်လည်း ဓါတ်ပုံများရိုက်ကာမှတ်တမ်းတင်ခဲ့ပြီး တင်းမာနေသည့် နိုင်ငံရေးအခြေအနေတွင် မိမိကိုယ်ကိုကာကွယ်နိုင်ရန်အတွက် ထိုဓာတ်ပုံများကို အင်တာနက်နှင့် သတင်းစာများတွင် အမည်ဝှက်ဖြင့် ဖော်ပြထုတ်ဝေခဲ့သည်။

ဆူးလေဘုရားလမ်းတွင် သံဃာတော်များ ချီတက်ဆန္ဒပြနေပုံ “ရွှေဝါရောင်တော်လှန်ရေး” (ထိန်ဝင်း)၊

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့၏ လုပ်ငန်းဆောင်တာများကိုလည်း ဓါတ်ပုံရိုက်မှတ်တမ်းတင်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ဆိုးလ်မြို့ရှိ ထိပ်တန်းပြပွဲတစ်ခုဖြစ်သော “အာဆီယံနှင့် ကိုရီးယား ခေတ်ပြိုင်အနုပညာ ပြပွဲ”တွင်လည်း ပါဝင်နိုင်ခဲ့သည်။

လက်ရှိတွင် ထိန်ဝင်းသည် ရန်ကုန်မြို့တွင် နေထိုင်ပြီး ၈၈၈၈ အရေးတော်ပုံအကြောင်း ဓါတ်ပုံစာအုပ်ထုတ်ဝေရန် ပြုစုလျက်ရှိပါသည်။

ရည်ရွယ်ချက်၊ ပြီးမြောက်မှုများ နှင့် ကိုယ်ရည်ကိုယ်သွေးများ

ထိန်ဝင်းသည် ဖခင်ဖြစ်သူထံမှတစ်ဆင့် ကင်မရာကိုစတင်သိကျွမ်းခဲ့ရပြီး နောက်ပိုင်းတွင် အိန္ဒိယရှိ ကျောင်းအိပ်ကျောင်းစားဘော်ဒါသို့ စေလွှတ်ခံရချိန်တွင် ကင်မရာအသေးလေးတစ်လုံးပေးလိုက်သည်။  သူက ဓါတ်ပုံပညာအား သူ၏ “အချစ်ဦး” အဖြစ်တင်စားခဲ့သည်။  ဓါတ်ပုံပညာဖြင့် လက်ရှိအချိန်များကို အနာဂါတ်အတွက် ပုံရိပ်များအဖြစ် ဖမ်းယူထားနိုင်ခြင်းက သူ့အား ဓါတ်ပုံပညာအားစိတ်ဝင်စားမှုဖြစ်လာစေရန်တွန်းပို့နိုင်ခဲ့သည်။  သူ့အတွက်တော့ ဓါတ်ပုံပညာဆိုသည်မှာ အချိန်များကိုရပ်တန့်ထားနိင်သည့် ကိရိယာတစ်ခုအဖြစ်ရှုမြင်ပါသည်။  အဖြစ်အပျက်များကို အရှိအတိုင်း အဖြစ်မှန်အတိုင်းဖော်ပြနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်ဟုလည်း သူကထင်ပါသည်။

ထိန်ဝင်းက ထိုကိရိယာကို အမှန်တရားနှင့်အဖြစ်မှန်များကို ဖော်ပြနိုင်ရန်အတွက်အသုံးချခဲ့သည်။  ၈၈၈၈ အရေးတော်ပုံအတွင်း ထိန်ဝင်းက “ ငါဒါတွေကို မှတ်တမ်းတင်ထားရမယ်  ဒါတွေက သမိုင်းတွေဖြစ်လာမှာ” ဟုသိမြင်ကာ မှတ်တမ်းတင်ထိန်းသိမ်းခဲ့သည်။  ဓါတ်ပုံဆရာတစ်ဉီးအနေဖြင့် လက်ရှိဖြစ်ပျက်နေမှုများကို အနာဂါတ်အတွက်သိမ်းထားနိုင်ရန် ရိုက်ယူချင်ခဲ့သည်။ နောက်ပိုင်းတွင် ထိုဓါတ်ပုံများက လူထုအား ထိတွေ့ရန်နှင့် သင်ကြားရန်အတွက်အကောင်းဆုံး အရာများဖြစ်လာခဲ့သည်။  လက်ရှိအချိန်တွင် ၈၈၈၈ အရေးတော်ပုံ သို့မဟုတ် ဦးသန့်အရေးခင်းစသည့် သမိုင်းဝင်ဖြစ်ရပ်များတွင် ရှိမနေခဲ့ မကြုံတွေ့ခဲ့ရသူများက ထိုဓါတ်ပုံများအား ကြည့်ရှုကာ သမိုင်းနှင့်ပိုမိုချိတ်ဆက်နိုင်ပြီး ထိုအချိန်ကာလကို ပိုမိုနားလည်နိုင်စေပါသည်။  ထိုဓါတ်ပုံများသည် ဆန္ဒပြပွဲများ၏ အရေးပါမှုနှင့် မြန်မာနိုင်ငံအပေါ် သက်ရောက်မှုရှိနေဆဲအကြောင်းအရာများကို ပြသနိုင်ခဲ့ပါသည်။  ဓါတ်ပုံများက ကြည့်ရှုသူများကို တိုက်ရိုက်လွှမ်းမိုးနိုင်ပြီး အဖြစ်အပျက်များကို စကားလုံးများထက် တိတိကျကျဖော်ပြနိုင်စွမ်းရှိပါသည်။  ထိန်ဝင်းအတွက်တော့ ဓါတ်ပုံများက အဖြစ်အပျက်များကို အမှန်အတိုင်းပြောပြနိုင်သော သက်သေများသာဖြစ်ပါသည်။  သူက ဓါတ်ပုံများက စကားလုံးများထက် ပိုမိုခိုင်မာသည်ဟုဆိုသည်။  ထိုအရာများက ထိန်ဝင်းကို လမ်းမပေါ်ထွက်ကာ ဆန္ဒပြပွဲများကို ဓါတ်ပုံရိုက်ယူရန် တွန်းအားပေးခဲ့သည်။  သူ့၏“ဗီဇ”က ဦးဆောင်သွားခဲ့သည်ဟုလည်းဆိုပါသည်။

အနာဂတ်အတွက် သမိုင်းဝင်အခိုက်အတန့်များကို ဖမ်းဆုပ်သိမ်းဆည်းထားရန်ဟူသော ရည်ရွယ်ချက်ကို အောင်မြင်စေရန်အတွက် စွန့်စားရန် ဆန္ဒရှိခဲ့ပါသည်။ သူက “ကျွန်တော်ဒုက္ခရောက်နိုင်တာကို ကောင်းကောင်းသိပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီဒုက္ခကိုယူတယ်ဗျာ၊ အဲ့တော့ ဒုက္ခရောက်တော့တာပဲပေါ့။” ဟုပြောခဲ့သည်။   ၈၈၈၈ အရေးတော်ပုံကြီးတွင် ဓာတ်ပုံများရိုက်ခဲ့ပြီးနောက် ထိန်ဝင်းသည် စစ်ထောက်လှမ်းရေးများ၏ ဖမ်းဆီးစစ်ဆေးခြင်းကိုခံခဲ့ရပါသည်။ လျှပ်စစ်ရှော့တိုက်တယ်လို့ ခေါ်တဲ့ ဝါယာရှော့ခ်ဖြင့် ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် ထိန်ဝင်းသည် ဓာတ်ပုံများရိုက်ယူခဲ့ကြောင်း ဝန်ခံလိုက်ရပြီး လွှဲပြောင်းပေးရန် လက်ခံလိုက်ရပါတော့သည်။  ထိန်ဝင်း ဖလင်များအပ်ထားခဲ့သော သူငယ်ချင်းသည် စစ်ထောက်လှမ်းရေးများ၏ ဖမ်းဆီးထိန်းသိမ်းခံရမည်စိုးသောကြောင့် ထိုဖလင်များကို မီးရှို့ဖျက်ဆီးခဲ့သည်။  ကံကောင်းထောက်မစွာဖြင့် ရန်ကုန်သံရုံးတွင်အလုပ်လုပ်သော သူငယ်ချင်းတစ်ဦး၏အကူအညီဖြင့် အမ်စတာဒမ်မြို့သို့ ဓါတ်ပုံအချို့အား ပို့ပေးနိုင်ခဲ့ပါသည်။  ထို့ကြောင့် ထိန်ဝင်းရိုက်ယူခဲ့သော ဓါတ်ပုံများအနက် တစ်ဝက်ခန့်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။

ထိန်ဝင်းသည် သူ၏အထူးပြုဘာသာရပ်ကို သေချာစွာရွေးချယ်ခဲ့ပါသည်။ ထိုဘာသာရပ်က လွန်စွာပင်အဖိုးတန်ခဲ့သည်။ သူ့အတွက်တော့ အဖိုးထိုက်တန်မှုဆိုသည်မှာ ထပ်မံမမြင်နိုင်၊ မကြုံနိုင်သော အခိုက်အတန့်များပင်ဖြစ်ခဲ့ပါသည်။   ဓါတ်ပုံတစ်ပုံသည် အတိတ်ကာလသို့ ပြန်မြင်နိုင်သော ပြတင်းပေါက်တစ်ခုပင်ဖြစ်ပါသည်။ ဓါတ်ပုံအားကြည့်ခြင်းဖြင့် အတိတ်ကာလကို မြင်နိုင်၊ ကြုံတွေ့နိုင်၊ နားလည်နိုင်ပါသည်။

၈၈၈၈ အရေးတော်ပုံ၊ ဦးသန့်အရေးအခင်း သို့မဟုတ် ရွှေဝါရောင်တော်လှန်ရေးတို့၏ ဓာတ်ပုံများသည် ထိုကဲ့သို့သော အရေးပါမှုမျိုးရှိပါသည်။ တစ်ခါတစ်ရံတွင် ဓာတ်ပုံများသည် ကြည့်ရှုသူကို မြင်နိုင်၊ တွေ့ကြုံခံစားနိုင်စေပြီး တစ်ဦးနှင့်တစ်ဦး လက်လှမ်းမမှီနိုင်သော ပစ္စုပ္ပန်ဖြစ်ရပ်များကိုလည်း နားလည်နိုင်စေပါသည်။ မြန်မာနိုင်ငံတွင် HIV နှင့်ပတ်သက်သော ဓာတ်ပုံသတင်းပေးပို့မှုများ၊ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်နှင့် မြန်မာနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ဆိုးရွားသော အကျိုးသက်ရောက်မှုများနှင့်ဆိုင်သော ဓာတ်ပုံများက ဥပမာကောင်းများ ဖြစ်နိုင်သည်။ ဓာတ်ပုံရိုက်ဖို့ ထိုက်တန်သည်ဟု ထိန်ဝင်းယူဆရသော တတိယအကြောင်းအရာသည် လူများပင်ဖြစ်ပါသည်။  ထိန်ဝင်းသည် လူတို့၏ဘဝအကြောင်း မှတ်တမ်းဓါတ်ပုံများနှင့် လူဓါတ်ပုံများအား ၎င်းတို့၏ ဖြစ်တည်မှုနှင့် လုပ်ရပ်များကို အာရုံစိုက်ရိုက်ကူးကာ သူလိုချင်သော ဓါတ်ပုံကမ္ဘာကို ဖန်တီးနိုင်ခဲ့သည်။

သို့သော်လည်း လူများကို သူပေးချင်ခဲ့သော သတင်းစကားများသည် ဓါတ်ပုံများသပ်သပ်ဖြင့် မထိရောက်နိုင်ခဲ့ပါ။  သူသည် သူ၏ ဓါတ်ပုံများမှတစ်ဆင့် “အမှန်တရား”နှင့် “လက်တွေ့ဘဝ” အကြောင်းကို ကြည့်ရှု့သူတို့ထံပြောပြချင်ခဲ့သည်။  သူ၏ ရည်ရွယ်ချက်မှာ အရေးကြီးသော အဖြစ်အပျက်များအကြောင်းကို ဓာတ်ပုံများမှတစ်ဆင့် ကြည့်ရှုနိုင်စေရန်၊ လူများများထံသို့ ရောက်ရှိစေနိုင်ရန် ဖြစ်သည်။ ထို့ကြောင့်သူသည် ဓါတ်ပုံပြပွဲအား စီစဉ်ခဲ့သည်။  ၂၀၁၄ ခုနှစ်တွင် ဦးသန့်အရေးအခင်းနှင့်ပတ်သက်သည့် ဓာတ်ပုံစာအုပ်တစ်အုပ် ထုတ်ဝေခဲ့ပြီး ထိုအဖြစ်အပျက်တွင်ပါဝင်ခဲ့ကြသူများထံမှ ဆောင်းပါများလည်း ပါဝင်ခဲ့သည်။

သူ၏ ဓါတ်ပုံများက နိုင်ငံရေးနှင့်ပတ်သတ်နေသော်ငြားလည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး မေးမြန်းရာတွင် ထိန်ဝင်းက နိုင်ငံရေးကို ပုဂ္ဂိုလ်ရေးအရ စိတ်မဝင်စားပါဟု ဖြေကြားခဲ့ပါသည်။  သူသည် သူ့ကိုယ်သူ ဓာတ်ပုံဆရာတစ်ဦးအဖြစ် မြင်ပြီး သူ၏ အဓိက စိတ်ဝင်စားမှုသည် ဓာတ်ပုံများနှင့် အခိုက်အတန့်များကို ရိုက်ကူးခြင်းတွင်သာ ဖြစ်သည်။

သုံးသပ်ချက်

မြန်မာနိုင်ငံ၏ အရေးကြီးဆုံးဖြစ်သော သမိုင်းအလှည့်အပြောင်းများနှင့် ဒီမိုကရေစီဆီသို့ ခြေလှမ်းသစ်များအတွက် ထိန်ဝင်း၏ ဓာတ်ပုံများက သက်သေတစ်ခုဖြစ်ခဲ့ပါသည်။ သူ၏ဓာတ်ပုံများတွင် လွတ်လပ်မှု၊ ဒီမိုကရေစီလိုလားမှုနှင့် ထိုလိုလားမှုများအတွက် ဆန္ဒပြတိုက်ပွဲဝင်ခဲ့သူများကို တွေ့မြင်နိုင်ပြီး ပိုမိုနားလည်နိုင်ပါသည်။ ထိန်ဝင်း၏ ပြောကြားချက်များအရ ဓာတ်ပုံများသည် စကားလုံးများထက် လူအများကို ထိထိမိမိ ခံစားရစေနိုင်သည်။ ထိုသို့ထိတွေ့ခံစားရစေခြင်းက သမိုင်းနှင့် ဆက်စပ်မှုတစ်ခု ဖန်တီးရန် မဖြစ်မနေ လိုအပ်သည်ဟု ဆိုပါသည်။

ထို့ကြောင့် သူ၏ဓာတ်ပုံများသည် မြန်မာနိုင်ငံ၊ နိုင်ငံသူ/သားများနှင့် ယနေ့ခေတ်အထိ ယင်း၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆက်စပ်မှုများကို လူများ (အထူးသဖြင့် မျိုးဆက်သစ်များ) နားလည်စေရန် ကူညီပေးနိုင်ပါသည်။ မြန်မာနိုင်ငံရှိ လူ့အဖွဲ့အစည်းအတွက် လွန်ခဲ့သည့် ဆယ်စုနှစ်များအကြောင်း နားလည်သဘောပေါက်ရန် လွန်စွာမှ အရေးကြီးပါသည်။ ထိုအကြောင်းအရာများက ယနေ့မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပဋိပက္ခများနှင့် ဆက်စပ်နေပြီး သက်ရောက်မှုရှိပါသည်။ မြန်မာနိုင်ငံ၏ အတိတ်နှင့် ကြီးမားသောသမိုင်းပုံရိပ်ကို ထည့်သွင်းစဉ်းစားနိုင်မှသာ လက်ရှိစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းပြီး တိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဟု ယူဆပါသည်။

ထိန်ဝင်းသည် သူ့ကိုယ်သူ နိုင်ငံရေးသမားဟု မယူဆသော်လည်း သူ၏ဓာတ်ပုံနှင့် ပတ်သက်သော အယူအဆများသည် နိုင်ငံရေးအရ အလွန်အရေးပါပါသည်။ သူ၏ဓာတ်ပုံများသည် မြန်မာနိုင်ငံ၏ လူမျိုး၊ စိန်ခေါ်မှုများ၊ တိုးတက်မှုနှင့် သမိုင်းနှင့် နိုင်ငံရေးတို့နှင့် ပတ်သက်ဆက်နွယ်နေပါသည်။ သို့သော်လည်း သူ၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးသဘောထားများကို ဖော်ပြရန်မဟုတ်ဘဲ အမှန်တရားကို ဖော်ပြရန်နှင့် အသိပေးရန်သာဖြစ်ပါသည်။ အထူးသဖြင့် သမိုင်းကြောင်းနှင့်ပတ်သက်သော အမှန်တရားအကြောင်းကို ဓါတ်ပုံများမှတဆင့် ဓမ္မဓိဋ္ဌာန်အမှန်တရားကို မည်မျှအထိ ဖော်ပြနိုင်သည်ကို မေးခွန်းထုတ်နိုင်ပါသည်။ အချို့သော နိုင်ငံရေးဖြစ်ရပ်များကို ဓာတ်ပုံရိုက်ရန် ဆုံးဖြတ်ခြင်းက ထိုဖြစ်ရပ်မျာသည် အရေးကြီးပြီး သက်ဆိုင်သည်ဟု ဆိုနိုင်ပါသည်။ အချို့သော နိုင်ငံရေးသဘောထားများကို သရုပ်ဖော်သည့် ဓာတ်ပုံများကို တင်ပြခြင်းက ကြည့်ရှုသူများ၏ အမြင်ကို လွှမ်းမိုးနိုင်ပြီး ထိုအချင်းအရာကပင် နိုင်ငံရေးအရဖြစ်နိုင်သည်ဟု လည်းဆိုနိုင်သည်။

မည်သို့ပင်ဖြစ်စေ ထိန်ဝင်း၏ ဓာတ်ပုံများသည် မြန်မာ့သမိုင်းတွင် အရေးကြီးသော အဖြစ်အပျက်များကို မှတ်တမ်းတင်ထားပြီး အမှန်တရားနှင့် ပိုမိုနီးစပ်လာစေရန် အထောက်အကူဖြစ်စေမည့် ရှုထောင့်တစ်ရပ်ကို ပံ့ပိုးပေးပါသည်။ ထိန်ဝင်းသည် ၎င်း၏ဓာတ်ပုံများကို အများပြည်သူထံသို့ ဖြန့်ဝေခြင်းအားဖြင့် သမိုင်းဆိုင်ရာအသိပညာများနှင့် လက်ရှိစိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် မြန်မာနိုင်ငံရှိ အသိပညာပြည့်ဝပြီး တာဝန်သိသော လူ့အဖွဲ့အစည်းကို အားဖြည့်ပေးသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိနေပါသည်။

ကိုးကားချက်များ

ဤအတ္ထုပ္ပတ္တိသည် ၂၀၁၉ခုနှစ် ဇန်နဝါရီလတွင် ဦးထိန်ဝင်းနှင့် တွေ့ဆုံမေးမြန်းချက်နှင့် သူပြန်လည်ဖြေကြားခဲ့သော အကြောင်းအရာများအပေါ် အခြေခံထားပါသည်။

သူ၏လူသိများထင်ရှားသော ဓါတ်ပုံများအား ကြည့်ရှုလိုပါက အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

https://kite-tales.org/en/article/life-behind-lens and https://www.irrawaddy.com/news/burma/historic-88-uprising-photos-on-display-30-years-later.html

Schreibe einen Kommentar

Deine E-Mail-Adresse wird nicht veröffentlicht. Erforderliche Felder sind mit * markiert