စောဘဦးကြီး (1905-1950)

Laura Hornig
Translation by Nang Lao Kham

English version of this article

(နာမည်ပြောင်းလဲခြင်း မတိုင်မီက ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များဖြစ်သည့်အတွက် ဤနေရာတွင် “ကရင်ပြည်” နှင့် “ဗမာပြည်” ဟုသုံးနှုန်းပါသည်။)

မိတ်ဆက်

ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ကရင်လူမှုအသိုင်းအ၀န်းနှင့် တွေ့ဆုံခဲ့သည့်သုတေသီများ၊ စာနယ်ဇင်းသမားများနှင့် အကူအညီပေးရေးလုပ်သားများသည် သူ၏မျက်နှာကို လူတို့၏အိမ်များရှိ ပိုစတာများတွင် သို့မဟုတ် နှစ်စဉ်ကရင်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားများတွင် အကြိမ်‌ပေါင်းများစွာ တွေ့ဖူးကြမည်မှာ မလွဲမသွေဖြစ်ပါသည်။  စောဘဦးကြီး သည် ယနေ့ထိတိုင် ကရင်ပုန်ကန်မှု၏ မျက်နှာစာအဖြစ်ရှိနေသည်။  သူ့ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တည်ထောင်သူအဖြစ် လူသိများသည်။ ဘဦးကြီးသည် ဗြိတိသျှတို့နှင့်လည်းကောင်း လွတ်လပ်ရေးရပြီး နောက်ပိုင်းမြန်မာအစိုးရနှင့်လည်းကောင်း ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရာတွင် ကရင်အမျိုးသားအရေးကို ထပ်ခါတလဲလဲပြောဆိုခဲ့ပြီးနောက်ဆုံးတွင် လက်နက်ကိုင်တိုက်ပွဲကို စတင်ခဲ့သည့် နိုင်ငံရေးသမား စင်စစ်တစ်ယောက်ဖြစ်သည်။ ဤဆောင်းပါးသည် ကရင်ပြည်နယ်နှင့် ဝေးသောရွာတစ်ရွာတွင် မွေးဖွားခဲ့ပြီး ပြည်တွင်းစစ်မတိုင်မီနှစ်များတွင် လန်ဒန်၌ဥပဒေ ပညာသင်ကြားခဲ့ပြီး အင်္ဂလိပ်အမျိုးသမီးတစ်ဦး နှင့်လက်ထပ်ခဲ့ပြီးနောက် ကလေးသုံးယောက် ထွန်းကားခဲ့သည့်ခရစ်ယာန်ဘာသာ၀င် စကောကရင်အမျိုးသား၏ ဘဝနှင့်အမွေအနှစ်များကို လေ့လာရန် ရည်ရွယ်ထားသည်။  စောဘဦးကြီးသည် ၁၉၅၀ခုနှစ် အသက် ၄၇နှစ်အရွယ်တွင် အသတ်ခံရသည်။ သူသည် မြန်မာနိုင်ငံအရှေ့ပိုင်းရှိ အကြမ်းဖက်ပဋိပက္ခများကြောင့် တိုက်ရိုက်ဖြစ်စေသွယ်ဝိုက်၍ဖြစ်စေ ထိခိုက်ခံစားခဲ့ရသော ကရင်လူမျိုးအများစု နှင့် ယနေ့တိုင် တတ်ကြွဆဲ၊ သြဇာရှိဆဲဖြစ်သော ကရင်အမျိုးသားအစည်းအရုံးအတွက် အ‌ရေးပါသောသင်္ကေတ အဖြစ်ကျန်ရှိ နေပါသည်။

အတ္ထုပ္ပတ္တိပုံကြမ်း

စောဘဦးကြီးကို ၁၉၀၃ ခုနှစ် အောက်တိုဘာလတွင် ဧရာဝတီတိုင်း၏မြို့တော်ဖြစ်သော ပစိမ် (ယခုပုသိမ်)အနီးရှိ ရွာတစ်ရွာတွင် မွေးဖွားခဲ့သည်။ ဘဦးကြီး၏ဖခင်သည် မြေပိုင်ရှင်တစ်ဦး ဖြစ်ပြီး သူသည် ကျေးရွာ၏အကြီးအကဲလည်းဖြစ်‌သောကြောင့် ကြွယ်ဝချမ်းသာပြီးသြဇာညောင်းသည်။ ထိုအချိန်တွင် ဗြိတိသျှတို့က မြန်မာနိုင်ငံကိုဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို အေးဆေးပြီးလူနေထူထပ်သောဒေသအဖြစ်မှ တိုင်းပြည်၏အဓိက ဆန်စပါးထုတ်လုပ်သည့် ဒေသအဖြစ်သို့ ပြောင်းလဲခဲ့သည်။  ဤဖြစ်စဉ်တွင် ရွှံ့နွံများနှင့် တောအုပ်များကို အကြီးစားစိုက်ပျိုးရေးအတွက်လယ်ကွင်းများသို့ပြောင်းလဲရန် ‌ရောက်ရှိလာ‌သော ထောင်နှင့်ချီသောရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အိန္ဒိယတို့မှ ဖြစ်သည်။  ဤကြိုးပမ်းအားထုတ်မှုကြောင့် ဒေသတွင်းနေထိုင်လျက်ရှိသော ကရင်နှင့် ဗမာလူမျိုးများသည် စိုက်ပျိုးရေးနှင့်ငါးဖမ်းလုပ်ငန်း ကိုသာအဓိကလုပ်ကိုင်ခဲ့ကြရသည့် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ကရင်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို လက်ခံကျင့်သုံးသည်သာမကအတန်းပညာ၏ အရေးပါပုံကိုလည်း သိရှိလက်ခံလာကြသည်။ လူများသည် မြို့ကြီးများသို့ ပိုမိုပြောင်းရွှေ့လာကြပြီး အသက်မွေး၀မ်းကျောင်းမှုပုံစံများလည်း ပြောင်းလဲလာကြသည်။ စောဘဦးကြီး၏ဘဝနှင့် ပတ်သက်၍ သူနှင့်သူ့မိသားစုကြုံတွေ့ခဲ့‌သော အရာများအကြောင်းကို ကရင်လူမျိုးများနှင့် ကရင်လူမျိုးမဟုတ်သူများလည်း ပိုမိုနားလည်စေရန် သူ၏မြေးဖြစ်သူ Paul Sztumpf (၂၀၁၁) မှကျေးဇူးတင်စွာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဘဦးကြီး၏ ဖခင်သည် ခရစ်ယာန်ဘာသာ၀င် စကောကရင်မိသားစုမှ ဖြစ်သည်။ သို့သော်လည်း ၎င်း‌၏ရွာတွင်ဗမာလူမျိုး ဗုဒ္ဓဘာသာ၀င်လူဦးရေမှာ ပိုမိုများပြားသည်။ အစီရင်ခံစာများအရ ထိုအုပ်စုနှစ်စုလုံးသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခဲ့ကြသော်လည်း ကျေးရွာ၏သီးခြား နေရာများတွင်နေထိုင်ကြပြီး ၎င်းတို့အကြားအဆက်အသွယ်မှာ အကန့်အသတ်ရှိသည်။ ကျေးရွာတစ်ရွာစီ၏ လူမှုအသိုင်းအဝိုင်းဘ၀သည် ဘုရားရှိခိုးကျောင်းနှင့် ဘုန်းကြီးကျောင်းများကို အသီးသီးဗဟိုပြုသည်။ ကျေးရွာများရှိနေထိုင်မှုဘဝကို ယေဘုယျအားဖြင့်ရာသီ၊ စိုက်ပျိုးရေးနှင့်ရိုးရာပွဲတော်များဖြင့်မှတ်သားသည်။ ကျေးရွာခေါင်းဆောင်ဖြစ်သော ဘဦ ကြီး၏ဖခင်သည် ရွာသားအားလုံး၏စိုးရိမ်မှုများကို ဂရုစိုက်ရန်တာဝန်ရှိသည်။ သူသည် ပုသိမ်ရှိ ကိုသာဖြူဟုအမည်ရသော စကောကရင်အထက်တန်းကျောင်း ကဲ့သို့သောလူထုစီမံကိန်းများကို ထောက်ပံ့ပေးခဲ့သည်။ ကိုသာဖြူ ဘုရားရှိခိုးကျောင်းနှင့်ဘာသာရေးစာသင်ကျောင်းသည် ပုသိမ်မြို့ရှိ စကောလူမှုအသိုင်းအဝိုင်း အလယ်တွင်ယနေ့တိုင်တည်ရှိနေဆဲဖြစ်သည်။

သူနှင့်အတူကြီးပြင်းခဲ့ကြသော ဘဦးကြီး၏မိခင်၊ ညီမနှစ်ယောက်၊ အစ်မနှစ်ယောက်တို့၏ အကြောင်းကိုမူသိပ်မသိခဲ့ပေ။ ကျွန်ုပ်တို့သိသည်မှာ စောဘဦးကြီးသည် နှစ်ခြင်းခံ အထက်တန်းကျောင်းသို့တက်ရောက်ခဲ့ပြီး ထိုကျောင်းတွင် သူကို နိုင်ငံခြားသာသနာပြုဆရာများမှ သင်ကြား‌ပေးခဲ့သည်။  စောဘဦးကြီးသည် ကရင်လူမျိုးနှင့် ခရစ်ယာန်ဘာသာ၀င် ဆိုင်ရာ သဘောတရားများဖြင့် ကြီးပြင်းလာပြီး လူမျိုးနှင့်ဘာသာရေးလူနည်းစုဝင်တစ်ယောက်ဖြစ်သည်။ ဗြိတိသျှတို့၏မူဝါဒများကြောင့် ကရင်ခရစ်ယာန်ဘာသာ၀င်များနှင့် ဗမာဗုဒ္ဓဘာသာဝင်များ အကြားရန်လိုမှုများဖြစ်ပေါ်လာသည်။ ဗြိတိသျှတို့သည် ရဲနှင့်လက်နက်ကိုင်တပ်ဖွဲ့များတွင် ကရင်လူမျိုး အများအပြားကို စုဆောင်းခဲ့သည်။ ဗမာအမျိုးသားရေးဝါဒီများအကြား လွတ်လပ်ရေးရလိုသောဆန္ဒများပြင်းထန်လာသော်လည်း အချို့သောကရင်ခေါင်းဆောင်များ၏ အမြင်တွင် ဗြိတိသျှအုပ်ချုပ်မှုသည် ကရင်လူမျိုးများအား အတိုင်းအတာတစ်ခုအထိ ကာကွယ်မှုနှင့်အခွင့်အရေးများပေးခဲ့သည်။ မတူညီသည့် သစ္စာရှိမှုတို့သည် နောင်လာမည့် ဆယ်စုနှစ်များတွင် ကရင်လူမျိုးများ၏ ကံကြမ္မာကိုပုံဖော်လာမည့် ပဋိပက္ခများတွင် အဓိက‌သွေးခွဲမှု တစ်ခုအဖြစ်ပါ၀င်လာပါသည်။ 

အထက်တန်းကျောင်းပြီးဆုံးသည့်နောက် ဘဦးကြီးအား လန်ဒန်သို့စေလွှတ်ပြီး ၎င်း‌၏အစ်ကိုဝမ်းကွဲ နှင့်အတူ ရှေ့နေအဖြစ်လေ့ကျင့်ရန် ဥပဒေဘာသာရပ်အား ‌လေ့လာစေခဲ့သည်။  သူသည် အသက် ၁၈နှစ်တွင် လန်ဒန်သို့ ‌ရောက်ရှိပြီး ၈နှစ်ကြာ‌နေထိုင်ခဲ့သည်။  လန်ဒန်တွင် ပညာသင်ကြားနေစဉ် သူသည် Renee Rose Kemp ဟုအမည်ရသော အင်္ဂလိပ်အမျိုးသမီးတစ်ဉီးနှင့် ဆုံတွေ့ခဲ့သည်။ Renee Rose Kemp သည် ပါရမီရှိ‌သော စက်ချုပ်သူတစ်ယောက်ဖြစ်ပြီး လန်ဒန်၏အဓိက စျေးဝယ်သည့်နေရာတစ်ခုတွင် ဆိုင်အခင်းအကျင်းဒီဇိုင်နာအဖြစ် လုပ်ကိုင်နေသူဖြစ်ပါသည်။  သူတို့စုံတွဲ စတင်ချိန်းတွေ့ပြီး ညစာအတူစားခြင်း၊ ရုပ်ရှင်အတူကြည့်ခြင်း နှင့် ကခုန်ခြင်းတို့ဖြင့် အတူအချိန်ကုန်ခဲ့ကြသည်။  ၁၉၂၆ ခုနှစ်တွင် ထိမ်းမြားလက်ထပ်ခဲ့ပြီး တစ်နှစ်အကြာတွင် သားဖြစ်သူ မိုက်ကယ်သီအိုဒေါရ်ကို မွေးဖွားခဲ့သည်။ ဘဦးကြီးသည် ၁၉၂၆ ခုနှစ်တွင် ဥပဒေဘွဲ့ရပြီးနောက် ရှေ့နေများအသင်းတွင်လေ့ကျင့်ခဲ့ရပြီး နောက်ဆုံးသုံးနှစ်အကြာတွင် ရှေ့နေတစ်‌‌ယောက်ဖြစ်လာသည်။ ၁၉၂၉ ခုနှစ်တွင် ဘဦးကြီးသည် သင်တန်းပြီးဆုံးပြီးနောက် Thelma Resa အမည်ရှိသောဒုတိယကလေး၏ ဖခင်ဖြစ်လာသည်။ ထိုနှစ်အကုန်တွင် တစ်မိသားစုလုံး မြန်မာပြည်သို့ပြောင်းရွှေခဲ့ကြသည်။ ထိုအချိန်တွင် စောဘဦးကြီးသည် အသက် ၂၆ နှစ်ရှိပြီဖြစ်သည်။ (Sztumpf, 2011 တွင်ကြည့်ပါ)  

စောဘဦးကြီးနှင့်သူ့မိသားစုသည် ပုသိမ်၌အရင် အခြေချနေထိုင်ပြီး နောက်ပိုင်းတွင် ကရင်လူမျိုး အများစုနေထိုင်သည့် မြောင်းမြမြို့သို့ ပြောင်းရွေ့ခဲ့ကြသည်။  ပုသိမ်နှင့်မြောင်းမြတို့သည် နှစ်ပေါင်းများစွာ စီးပွားကူးသန်းရောင်းဝယ်မှုတွင်ထင်ရှားသည်။ ထိုမြို့ပြများတွင် ဗမာအများစု သာမကကရင်၊ ဗြိတိသျှ၊ အိန္ဒိယနှင့်တရုတ်လူမျိုးများလည်း နေထိုင်ကြသည်။ ထို့ကြောင့် အမျိုးမျိုးသော အစားအစာ၊ တေးဂီတ၊ ရုပ်ရှင်နှင့်ထုတ်ကုန်များကို ရရှိနိုင်သည်။ စောဘဦးကြီး မိသားစုသည် ဤနေရာတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြပြီး ရှေ့နေအဖြစ် သူ၏ရုံးခန်းကို ဖွင့်လှစ် လုပ်ကိုင်ခဲ့သည်။  သူသည် အားလပ်ချိန်များတွင် ၎င်း‌၏စိတ်ကူးအကြံဉာဏ်များကို ကရင် အထက်တန်းကျောင်းမှ ကျောင်းသားများ၊ ဆရာများနှင့်ဖလှယ်ခြင်း၊ ဘောလုံးကန်ခြင်းနှင့် ဂေါက်သီးကစားခြင်းများပြုလုပ်‌‌လေ့ရှိသည်။ ထိုခေတ်ကဓာတ်ပုံများတွင် သူသည်အနောက်တိုင်း ဝတ်စုံ၀တ်ဆင်ကာ Ford V-8RD.484 ကားအမျိုးအစားကိုမောင်းနှင်နေသည် ကိုပြသသည်။ တရားရုံးတွင် သူသည် ဗြိတိသျှရှေ့နေတစ်ယောက်ကဲ့သို့ ၀တ်စုံကိုဝတ်ဆင်ပါသည်။ သူ၏ဇနီးဖြစ်သူ Renee သည်လည်း မြန်မာနိုင်ငံတွင် ဘ၀သစ်စခဲ့ပါသည်။  သူမတွင် စကော့တလန်နိုင်ငံသူ သူငယ်ချင်းတစ်‌‌ယောက်ရှိပြီး ထိုအမျိုးသမီးသည် ဘဉီးကြီး လန်ဒန်တွင်အတူပညာသင်ကြားခဲ့သော အစ်ကို၀မ်းကွဲ၏ ဇနီးဖြစ်ပါသည်။

စောဘဉီးကြီးနှင့် ၄င်း၏မော်တော်ယာဉ် (Courtesy of Paul Sztumpf)

များမကြာမီအခြေအနေများသည် ပို၍ စိန်ခေါ်မှုများလာသည်။ ကြီးမား‌သော စီးပွားပျက်ကပ်သည် မြန်မာနိုင်ငံကိုထိခိုက်စေခဲ့သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ လယ်သမားများသည် ငွေတိုး ချေးငှားသူများသို့မဟုတ် လယ်ယာရှင်များအပေါ် အကြွေးအမြောက်အများတင်ခဲ့ကြသည်။ စီးပွားရေးကျပ်တည်းမှုများသည် နိုင်ငံရှိ လူဦးရေများအကြားတွင် တင်းမာမှုများပိုမိုပြင်းထန် လာစေပြီး ရွှေ့ပြောင်း‌နေထိုင်သူများနှင့် တိုင်းရင်းသားလူနည်းစုများ အပေါ်အမျိုးသားရေးဝါဒနှင့် ရန်လိုမှုများကို တိုးမြှင့်စေခဲ့သည်။ အထူးသဖြင့် အိန္ဒိယလူမျိုးများနှင့် တရုတ်လူမျိုးများ ပစ်မှတ်ထားခံရပြီးတစ်ခါတစ်ရံ အကြမ်းဖက်တိုက်ခိုက်မှုများ၏ သားကောင်များဖြစ်လာကြသည်။ ထို့အပြင် ဗြိတိသျှတို့က ပို၍အကြမ်းဖက်ဖိနှိပ်ခဲ့ကြသည်။ တိုင်းရင်းသားလူနည်းစုဝင်များကို ဗြိတိသျှတို့၏စစ်တပ်အတွင်းသို့ စုဆောင်းခြင်းသည်လည်း ကွဲပြားမှုများကို ဖြစ်ပေါ်စေသည်။ ၁၉၃၀ခုနှစ်တွင် ဆရာစံအရေး‌‌တော်ပုံကို ဗြိတိသျှတို့မှ အဓိကစစ်ဆင်ရေးတစ်ခုဖြင့်နှိမ်နှင်းခဲ့ရာတွင် ကရင်လူမျိုးစစ်သား  ၁၀,၀၀၀ ခန့်ပါ၀င်ခဲ့သည်။ နိုင်ငံရေးနယ်ပယ်တွင် တိုင်းပြည်လွတ်လပ်ရေး ရရှိရန် ကြိုးစားခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်သူ၏အဖော်များ၏ ပတ်၀န်းကျင်တွင် ဗမာ့အင်အားစုတို့ ‌ပေါ်ပေါက်လာပါသည်။ 

မြန်မာနိုင်ငံသို့ စစ်ပွဲရောက်ရှိလာသောအခါ စောဘဦးကြီးသည် သူ၏ဇာတိရွာ သို့ထွက်ခွာသွားပြီး ၄င်း၏မိသားစုကို (၄) နှစ်ခန့်ကြာမှသာ ထပ်မံတွေ့ဆုံနိုင်ခဲ့ပါသည်။  ၁၉၄၂ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံ၏‌‌ဒေသအများစုသည် ဂျပန်၏ထိန်းချုပ်မှုအောက်တွင်ရှိခဲ့သည်။ ဗြိတိသျှစစ်တပ်မှ ကျန်ရှိသည့်ရာပေါင်းများစွာသော အိန္ဒိယလူမျိုးများသည်ဆိုးရွားလှသော အခြေအနေများ အောက်တွင် ရခိုင်သို့ထွက်ပြေးခဲ့ကြရသည်။ ဒုက္ခသည်အများအပြားထဲတွင် ဘဦးကြီး၏ဇနီး Renee နှင့်ကလေးနှစ်ယောက်တို့လည်းပါ၀င်ခဲ့ကြသည်။ စောဘဉီးကြီး အိမ်ပြန်ရောက်သောအခါ အိမ်တွင် မည်သူမျှ ရှိမနေတော့ပါ။ ကံကောင်းစွာဖြင့် သြဇာရှိသောသူငယ်ချင်းများ၏ အကူအညီဖြင့် သူ၏ဇနီးနှင့်ကလေးများသည် အိန္ဒိယပြည်သို့ထွက်ခွာခဲ့ပြီး သီတင်းပတ်အနည်းငယ်အကြာ တွင်ဘုံဘေမှ သင်္ဘောဖြင့်လန်ဒန်သို့ပြန်သွားနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် ကရင်နှင့် ဗမာအုပ်စုများအကြား အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ ကရင်လူမျိုးအများစုသည် ဗြိတိသျှတို့အတွက် တိုက်ပွဲဝင်ခဲ့ကြသော သစ္စာဖောက်များဖြစ်သည်ဟု အမည်တပ်ခံခဲ့ရသည်။  ဗမာအမျိုးသားရေးဝါဒီများသည် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကိုတည်ထောင်နိုင်ခဲ့သည်။ စောဘဦးကြီး၏အစ်ကို ၀မ်းကွဲနှင့် မိတ်ဆွေပီသာတို့၏ ဇနီးနှင့် ကလေးများသည် အခြား‌ မြောက်များစွာသောကရင်လူမျိုးများနှင့် မြောင်းမြဒေသရှိဗမာလူမျိုးများအပါအ၀င် ၎င်းတို့၏မိသားစုများနည်းတူ အသတ်ခံခဲ့ကြရသည်။   စောဘဦးကြီး၏ ပြောင်းလဲသွားသော နိုင်ငံရေးအစီအစဉ်များ၏ အရင်းအမြစ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ယနေ့တိုင်အောင်ထိန်းသိမ်းထားသော ၎င်း‌၏ အခြေခံမူလေးရပ် တို့တွင် ထိုစိတ်ထိခိုက်ဖြစ်ရပ်များသည် ပါ၀င်နေကြောင်း အငြင်းပွားဖွယ်ရာ ဖြစ်ပါသည်။

စောဘဦးကြီးသည် အစပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အကြမ်းဖက်မှုများကို ကာကွယ်ရန်နှင့် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်သင့်မြတ်ရေးတို့ကိုလုပ်ဆောင်ခဲ့သည်။ သူသည်ရန်ကုန်တွင် နေထိုင်စဉ်ကာလအတွင်း ကရင်ဗဟိုအဖွဲ့အစည်း (KCO) ကိုဖွဲ့စည်းခဲ့သည်။ အာဏာရနိုင်ငံရေး အင်အားစုများက KCOသည် ကရင်လူမျိုးတို့၏ အကျိုးစီးပွားကို ကိုယ်စားပြုသည့် တရားဝင်အဖွဲ့တစ်ခုဖြစ်သည်ဟု အသိအမှတ်ပြုခဲ့သည်။  ဂျပန်လူမျိုးများနှင့် အဆက်အသွယ်ရှိသောကြောင့် စောဘဦးကြီးသည် ဂျပန်သို့လည်ပတ်ခွင့်ရခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ဗြိတိသျှတို့သည် မြန်မာနိုင်ငံကိုပြန်လည်ကျူးကျော်ဝင်ရောက်ရန် အဆင်သင့်ဖြစ်ခဲ့သည်။  ၎င်းတို့က ထောင်ချီသော ကရင်စစ်သားများကို လေ့ကျင့်သင်ကြားပေးပြီး သေချာစွာစီစဉ်ဆောင်ရွက်ခဲ့သည်။ ၎င်းတို့ထဲမှ အချို့လူများသည် နောက်ပိုင်းတွင် KNU တွင်ထိပ်တန်းခေါင်းဆောင်များဖြစ်လာသည်။ ကြီးထွားလာသော ကရင်အမျိုးသားရေးဝါဒသည် ပဋိပက္ခကို ပိုမိုဆိုးဝါးလာစေပြီး ဗမာများကို ရန်သူအဖြစ် ဖော်ပြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေးအကျိုးစီးပွားအမျိုးမျိုးအကြား မျှတသောအနေအထားကို ထိန်းသိမ်းရန်ကြိုးစားသော်လည်း ၁၉၄၄ ခုနှစ် ဇူလိုင်လ အင်ဖာ (အိန္ဒိယ) အနိုင်ရစစ်ပွဲအပြီးတွင် ဂျပန်တို့ကိုမြန်မာနိုင်ငံမှမောင်းထုတ်ရန်အတွက် မဟာမိတ်များ ကိုသာ ပိုမိုအလေးအနက်ထားခဲ့သည်။ ဂျပန်တို့သည် ၁၉၄၅ ခုနှစ် စက်တင်ဘာလတွင် လက်နက်ချခဲ့သည်။ ရက်သတ္တပတ်အနည်းငယ်အကြာတွင် ညှိနှိုင်းမှုများစတင်ရန် မြန်မာနိုင်ငံမှ လူငယ်ခေါင်းဆောင် ၇ ဦးပါ၀င်သည့် ကိုယ်စားလှယ်အဖွဲ့ကို  Ceylon သို့ဖိတ်ကြားခဲ့သည်။ စောဘဦးကြီးသည် အောင်ဆန်းနှင့်အတူ ကရင်ကိုယ်စားပြုသွားခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုကို ဦးဆောင်ရန် တာ၀န်ယူသည့် ဗြိတိသျှတပ်မှူးမှာ သဘောထားကြီးသူဖြစ်သည်။ သုံးနှစ်အတွင်း မြန်မာနိုင်ငံအား လွပ်လပ်ရေးပေးမည်ဟု ဗိုလ်ချုပ်အောင်ဆန်းကို သူကတိပေးခဲ့သည်။ မည်သို့ပင်ဆိုစေ နိုင်ငံ၏အခြေခံအဆောက်အအုံများမှာ ယိုယွင်းလာ‌နေပြီး စီးပွားရေးလည်း ပျက်ယွင်းလာနေပါသည်။  မြန်မာနိုင်ငံသစ်ကိုပုံဖော်ရာတွင် များစွာသောမတူညီသည့်အုပ်စုများမှ ၎င်း‌တို့၏ကိုယ်ပိုင်စစ်တပ်များထူထောင်ခဲ့ပြီး အကျိုးစီးပွားယှဉ်ပြိုင်ခြင်းများဖြင့် ပါ၀င်ခဲ့ကြသည်။

KCOသည် ဗြိတိသျှတို့အား ကရင်ပြည်နယ်အတွက် သီးသန့်ပြည်နယ်တစ်ခုသို့မဟုတ် ဖက်ဒရယ် အုပ်ချုပ်ရေးတွင် တန်းတူမိတ်ဖက်အဖြစ် တရားဝင်တောင်းဆိုခဲ့သည်။ စောဘဦးကြီးသည် ဤပြည်နယ်အတွက် “ကော်သူးလေ” (“မကောင်းမှုမရှိ‌သောနယ်မြေ” ဟုအဓိပ္ပါယ်ရသော) ဟူသော အမည်ကိုအသုံးပြုခဲ့သည်။ ၎င်းအမည်ကိုယနေ့ခေတ် ကရင်လူမှုအသိုင်းအဝိုင်းကြားတွင် အသုံးပြုနေဆဲဖြစ်သည် (Keenan, 2008, 3)။ မည်သို့ပင်ဆိုစေ ပြည်နယ်အတွက် တောင်းဆိုချက်များကို နောက်ဆုံးအထိ အဖြေမရရှိခဲ့ပါ။  ကရင်ခေါင်းဆောင်များသည် ၄င်းတို့ ပြည်သူများအတွက် တန်းတူညီမျှမှုကိုမျှော်မှန်းပြီး ဒုတိယတန်းစားနိုင်ငံသားများအနေဖြင့် နေထိုင်စရာမလိုဘဲမိမိတို့၏ကံကြမ္မာကိုပုံဖော်နိုင်မည့် အခွင့်အလမ်းကိုမျှော်မှန်းခဲ့ကြသည်။ ၁၉၄၆၊ သြဂုတ်လတွင် စောဘဦးကြီး ဦးဆောင်သော ကရင်ကိုယ်စားလှယ်အဖွဲ့သည် ၎င်း‌တို့၏ ‌တောင်းဆိုချက်များကို တင်ပြရန်လန်ဒန်သို့ရောက်ရှိခဲ့သည်။ ထိုသို့ရောက်ရှိချိန်တွင် စောဘဦးကြီး ၎င်း‌၏မိသားစုများနှင့် ပြန်လည်ဆုံတွေ့ခွင့် ရခဲ့သည်။  မကြာခင်တွင် စောဘဦးကြီးသည် ၎င်း‌၏ရည်ရွယ်ချက် မအောင်မြင်နိုင်ကြောင်းကိုသဘောပေါက်လာခဲ့သည်။ ကရင်ခေါင်းဆောင်များသည် ယခင်က အမှုထမ်းခဲ့သည်များကို အသိအမှတ်ပြုခံခဲ့ရသော်လည်း အတိတ်ကာလကပေးခဲ့‌သော ကတိများမည်သို့ပင်ရှိစေကာမူ ၎င်း‌တို့၏ကိုယ်ပိုင်ပြည်နယ်အတွက် တောင်းဆိုမှုကိုမူ မည်သူကမျှမထောက်ခံခဲ့ကြပါ။ ဤတောင်းဆိုချက်များကို အခြေခံအားဖြင့် လျစ်လျူရှုခဲ့သည်။ စောဘဦးကြီးသည် သူ၏မိသားစုမပါဘဲ စိတ်ပျက်လက်ပျက်နှင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ သူနှင့်သူ၏ဇနီးတို့သည် ကွာရှင်းရန်ဆုံးဖြတ်ခဲ့သည် (Sztumpf, 2011) ။

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၏လွတ်လပ်ရေးနှင့် ပတ်သက်၍ အသေးစိတ်ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်စဉ် စောဘဦးကြီးသည် KCO ကိုပြန်လည်စုစည်းကာ သီးခြားပြည်နယ်တစ်ခု ထူထောင်ရန် မျှော်လင့်ချက်ဖြင့် ကရင်လူမျိုးများအား စည်းလုံးစေရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုဖွဲ့စည်းခဲ့သည်။ သို့သော် ထိုကာလအတွင်း အခြားကရင်အဖွဲ့များ ဖွဲ့စည်းထားနှင့် ပြီးဖြစ်ကာ အချို့သောတောင်းဆိုချက်များကိုလည်း လူတိုင်းကသဘောမတူကြပါ။ ဥပမာအားဖြင့် ကရင်ပြည်နယ်လွှမ်းခြုံသင့်သည့် ဒေသများအပေါ်အမြင်များ မတူကြပါ။ စောဘဦးကြီးသည် မကြာမီတွင်အောင်ဆန်းအစိုးရအဖွဲ့မှ ဆန္ဒပြသည့်အနေဖြင့် နှုတ်ထွက်ခဲ့သည်။ ကွဲပြားခြားနားသော တိုင်းရင်းသားအုပ်စုများ အကြားတင်းမာမှုများနှင့် ပဋိပက္ခများကိုကျော်လွှားရန် အောင်ဆန်း၏ ကြိုးပမ်းမှုများ အောင်မြင်ခဲ့ခြင်း ရှိ၊မရှိကိုမူမသိရသေးပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇၊ ဇူလိုင်လတွင် သူ၏အစိုးရအဖွဲ့ဝင်များနှင့်အတူ လုပ်ကြံခံရသည်။ လအနည်းငယ်ကြာပြီးနောက် ၁၉၄၈ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသည်လွတ်လပ်ရေးကို တရားဝင်ရရှိခဲ့သည်။ ဗြိတိသျှတို့ ထွက်ခွာသွားသော်လည်း“ ကရင်ပဋိပက္ခ” မှာမဖြေရှင်းနိုင်သေးပါ။

ဦးနုလက်အောက်တွင် အစိုးရသစ်နှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။ သို့သော်စောဘဦးကြီးအတွက်မူ ဦးဆောင်ပါတီမှ ကမ်းလှမ်းမှုများသည် ကရင်အုပ်ချုပ်ရေးအတွက် လုံလောက်သောနေရာမရရှိခဲ့ပါ။ အကျိုးဆက်အားဖြင့် ၎င်းတို့အားကရင်ကိုယ်စားလှယ်များက ငြင်းပယ်ခဲ့သည်။ ဆယ်စုနှစ်များစွာ ခွဲခြားအုပ်ချုပ်မှုသည် မယုံကြည်မှုကိုဖြစ်ပေါ်စေခဲ့သည်။ ဆွေးနွေးပွဲများ တိတ်ဆိတ်သွားသောအခါ စောဘဦးကြီးလက်အောက်ရှိ ကရင်များသည် ပုန်ကန်ထကြွမှုများပြုလုပ်ခဲ့သည်။ မငြိမ်မသက်မှုများ နှင့်အကြမ်းဖက်မှုကာလများသည် ကရင်နှင့်ဗမာအကြားသာမက အခြား‌ဒေသများတွင်မှာပါ စတင်ခဲ့သည်။ ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တိုင်းပြည်၏ ဒေသအသီးသီး တွင်ကရင်လူမျိုးများဆန္ဒပြခဲ့ကြသည်။ နောက်ပိုင်းတွင်ဖြစ်ပွားသော အကြမ်းဖက်မှုဖြစ်စဉ်များတွင် ကရင်စစ်သားများနည်းတူ မြန်မာစစ်တပ်၏ အချို့‌‌စစ်သားများသည်လည်း ၎င်း‌တို့၏ ခေါင်းဆောင်များနှင့် ခွဲထွက်၍သီးခြားလွတ်လပ်စွာ တိုက်ခိုက်ခဲ့ကြသည်။ ကရင်ကျေးရွာများ တိုက်ခိုက်ခြင်းခံခဲ့ရသော်လည်း ကရင်စစ်တပ်သည် အင်းစိန်မြို့နယ်ကို ရက်၁၀၀ကြာ သိမ်းပိုက်ခဲ့သည်။ နောက်ဆုံးတွင်မြန်မာစစ်တပ်က အင်းစိန်မြို့နယ်ကို ပြန်လည်ရယူနိုင်ခဲ့ပြီး KNDO (ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့)သည် တောင်ငူသို့ ဦးတည်၍ ရှည်လျားသောတိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကရင်တောင်တန်းများသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဦးနုနှင့် စောဘဦးကြီးတို့ ညှိနှိုင်းရန် ကြိုးပမ်းသော်လည်း မည်သည့်ဖြေရှင်းချက်မှထွက်မလာနိုင်ခဲ့ပါ။  ၁၉၅၀တွင် စောဘဦးကြီးလက်အောက်တွင် KNU လွှတ်‌တော်တစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီး လွှတ်‌တော်က၎င်း၏ တောင်းဆိုချက်များကိုဖော်ပြခဲ့သည်။ ဤအခြေအနေတွင် စောဘဦးကြီးသည် KNU မှယနေ့တိုင် ကျင့်သုံးလျက်ရှိသည့်သူ၏ကျော်ကြားသော မူလေးရပ်ကိုဖော်ထုတ်ခဲ့သည်။

၁ လက်နက်ချစကား အလျှဉ်းမပြောရ။ ၂  ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည်။ ၃ ကရင်ပြည်အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်။  ၄ ကရင့် ကံကြမ္မာ ကရင်ဖန်တီးရမည်။

လွတ်လပ်ရေးရပြီး နောက်ပိုင်း ကရင်တော်လှန်ရေးသည် တိုင်းပြည်၏ နေရာအနှံ့တွင် သောင်းကျန်းမှုများအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့သည်။ မာတင်စမစ်၏ ခန့်မှန်းတွက်ချက်မှု အရ လွပ်လပ်ရေးရပြီး ပထမ၂နှစ်အတွင်းမြန်မာနိုင်ငံတွင်လူပေါင်း ၆၀,၀၀၀ ခန့်သေဆုံးခဲ့သည် (Smith, 1991, 119) ။ ၁၉၅၀ခုနှစ် သြဂုတ်လ ၁၂ရက်နေ့တွင် စောဘဦးကြီးသည် သူ၏လုပ်ဖော်ကိုင်ဖက် ၉ ဦး နှင့်အတူ ၁၉၅၂ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သောကရင်ပြည်နယ်ရှိ ပါပူခရိုင်ကိုဖြတ်သန်းခရီးသွားခဲ့သည်။ ၎င်းတို့တွင် အစောင့်အရှောက်များ မပါလာခဲ့ပါ။  ၎င်းတို့အဖွဲ့သည် ကရင်ကျေးရွာတွင်နေထိုင်ခဲ့သည်။ ထိုနေ့သည် သူတို့၏ယုံကြည်မှု သစ္စာဖောက်ခံခဲ့ရသည့်နေ့ဖြစ်သည်။ စောဘဦးကြီးနှင့်သူ၏ လုပ်ဖော်ကိုင်ဖက်များသည် အစိုးရစစ်တပ်၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ ဘဦးကြီး၏အလောင်းကို မော်လမြိုင်သို့ သယ်ဆောင်သွားပြီး အာဇာနည်ဗိမာန်မတည်ရှိစေရန်အလို့ငှာ ဆိပ်ကမ်းအနီးတွင် လှေပေါ်မှ ပစ်ချခဲ့သည်။

သြဂုတ်လ ၁၂ ရက်‌နေ့ကို ယနေ့တိုင် ကရင်ပြည်နယ်၏ အာဇာနည်နေ့အဖြစ်ကျင်းပကြသည်။

KNU (ကရင်အမျိုးသားအစည်းအရုံး) နှင့်ကရင်အရပ်ဘက်လူ့အဖွဲ့အစည်းများ ပူးပေါင်း၍ ရန်ကုန်တွင် စောဘဦးကြီးရုပ်ထုကို တည်ဆောက်ခဲ့သည်။ မြန်မာအာဏာပိုင်များက ထိုရုပ်ထုအား ကရင်ပြည်နယ်ရှိ KNU တပ်မဟာ (တပ်ရင်း) သို့ယူဆောင်လာရန်ခွင့်မပြုပါ။

KNU (ကရင်အမျိုးသားအစည်းအရုံး) နှင့်ကရင်အရပ်ဘက်လူ့အဖွဲ့အစည်းများ ပူးပေါင်း၍ ရန်ကုန်တွင် စောဘဦးကြီးရုပ်ထုကို တည်ဆောက်ခဲ့သည်။ မြန်မာအာဏာပိုင်များက ထိုရုပ်ထုအား ကရင်ပြည်နယ်ရှိ KNU တပ်မဟာ (တပ်ရင်း) သို့ယူဆောင်လာရန်ခွင့်မပြုပါ။ (Myanmar Times)

ရည်ရွယ်ချက်များ၊အောင်မြင်မှုများ၊အမွေအနှစ်များ

ကျွန်ုပ်တို့တွင် အချက်အလက်အချို့ရှိသော်လည်း ဒုတိယကမ္ဘာစစ်နှင့်လွတ်လပ်ရေးရပြီးနောက်ပိုင်း ကသောင်းကနင်းနိုင်သော အချိန်များတွင် စောဘဦးကြီး၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များမှာ မရှင်းလင်းပါ။ ညှိနှိုင်းဆွေးနွေးမှု‌တွေမှာ သူဘာဖြစ်လို့ ကျရှုံးခဲ့တာလဲ။  သူက ဗြိတိသျှတို့၏သစ္စာစောင့်သိမှုနှင့် ကရင်လူမျိုးများ၏စည်းလုံးညီညွတ်မှု ကို ပိုမိုတွက်ချက်ခဲ့သလား။ နောက်ဆုံးမှာ လက်နက်ကိုင်တော်လှန်ရေးကို သူဘာကြောင့် ရွေးချယ်ခဲ့တာလဲ။ သူ၏ အရင်းနှီးဆုံးမဟာမိတ်များမှာ မည်သူများနည်း။ မည်သူက သူ့ကိုသစ္စာဖောက်ခဲ့သနည်း။  ယနေ့အချိန်တွင်သူသည် ကရင်များကိုစည်းလုံးညီညွတ်‌စေသော ခေါင်းဆောင်တစ်ဦးအဖြစ်မကြာခဏဖော်ပြခံရပြီး သူ၏အခြေခံမူလေးရပ်နှင့် ကရင်ပြည်နယ်၏ ရည်မှန်းချက်အောင်မြင်ရန် သူ၏ဇွဲရှိမှုတို့ကြောင့် ထင်ရှားသည်။ သို့သော် သူ့အားငြိမ်းချမ်းစွာ ဖြေရှင်းရန် ရွေးချယ်လိုသူတစ်ဦး အဖြစ်လူများကသူ့ကို မှတ်မိကြသည်။ စည်းမျဉ်းစည်းကမ်းများကို လေးစားသည့်  စိတ်အားထက်သန်သော ရှေ့နေတစ်ဦးအဖြစ် အပေးအယူလုပ်ရန်အတွက် ပွင့်လင်းသူဖြစ်ပြီး တရားသေသမားတစ်ယောက်မဟုတ်ခဲ့ပေ။ (Thawnghmung, 2012, 47–49) သို့သော် စောဘဦးကြီးသည် ဗြိတိသျှတို့နှင့် အသစ်ဖွဲ့စည်းထားသော မြန်မာအစိုးရ အပေါ်အလွန် စိတ်ပျက်မိသည်။ ၎င်းတို့နှစ်ခုလုံးသည် သူကိုယ်စားပြုသောကရင်များ၏ တောင်းဆိုချက်များကို အကြီးအကျယ်လျစ်လျူရှုခဲ့သည်။ သူသည် ၁၉၄၂ခုနှစ် မြောင်းမြဖြစ်ပျက်ခဲ့‌သော အထိကရုန်းတွင် သူငယ်ချင်းများနှင့် ကရင်လူမျိုးများစွာ၏ ကြောက်မက်ဖွယ်သေဆုံးမှုများကို မျက်မြင်တွေ့ခဲ့ရပြီး ဗမာများ ပို၍အတိအကျဆိုရလျင် မြန်မာစစ်တပ်၏ ဖိနှိပ်မှုနှင့် လက်စားချေခြင်းကို ကြောက်လန့်နေသော ကရင်လူမျိုးများ၏ တောင်းဆုများကိုဖြည့်ဆည်းရန် ဖိအားများဖြင့် ရှေ့ဆက်ခဲ့ရသည်။ 

ထိုလူများ၏ အကြောက်တရားများသည် အခြေအမြစ်မရှိသည့် အရာများမဟုတ်ခဲ့ပါ။  “ကရင်ပဋိပက္ခ”သည် ဆယ်စုနှစ်တစ်ခုကြာ‌သော ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ တပ်မတော်သည် KNU ထိန်းချုပ်နယ်မြေများကို အပြင်းအထန် တိုက်ခိုက်ခဲ့သည်။ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရသည်။  လူမှုအသိုင်းအဝိုင်းတစ်ခုလုံး တောကြိုအုံကျားတွင် ပုန်းအောင်းနေထိုင်ရန် ဖိအားပေးခံခဲ့ရသည်။  ယခင်က လူပေါင်း ၁၂၀,၀၀၀ ကျော်သည် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင်နေထိုင်ခဲ့ကြပြီး သောင်းနှင့်ချီသောသူများသည် ယနေ့တိုင် ဆက်လက်နေထိုင်လျှက်ရှိသည်။ ကရင်အမျိုးသား အစည်းအရုံးသည် တိုင်းပြည်၏ အကြီးမားဆုံးအပိုင်းဖြစ်သည့် ကရင်ပြည်နယ်ကို နှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့သည်။ အဓိကအားဖြင့်နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနှင့် အခွန်ကောက်ခံခြင်းတို့မှ ရရှိသည့် ရန်ပုံငွေဖြင့် KNUသည်ရွေးကောက်တင်မြှောက်ခံရသည့်ခေါင်းဆောင်မှု၊ အင်အားကြီးသော စစ်တပ်နှင့် အမျိုးသမီးအဖွဲ့များနှင့်လူငယ်အဖွဲ့များ ကဲ့သို့‌သော လူထုအဖွဲ့အစည်းများ ပါ၀င်သည့် နိုင်ငံကဲ့သို့သောဖွဲ့စည်းပုံကို တည်ထောင်နိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ KNU သည် မြန်မာနိုင်ငံရှိ သြဇာအရှိဆုံးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော်လည်း ကရင်လူမျိုးအားလုံးကို ကိုယ်စားပြုနိုင်ခြင်းမရှိပါ။ အဖွဲ့ငယ်‌လေးများ အမြောက်အများပေါ်ထွက်လာပြီး ကရင်လူမျိုးများ အကြားသဘောထားကွဲလွဲမှုများစွာရှိနေပါသည်။ ထို့အပြင် ကရင်လူမျိုးအများစုသည် ကရင်ပြည်နယ်တွင်နေထိုင်ခြင်းမရှိသောကြောင့် KNU၏ ထိန်းချုပ်နယ်မြေများနှင့် ဝေးကွာသည်။ ကရင်အများစုသည်ဗုဒ္ဓဘာသာ၀င်များ ဖြစ်သော်လည်း KNU ကိုယခင်ကတည်းက ပညာတတ် ခရစ်ယာန် စကောကရင် အထက်တန်းလွှာမှ လွှမ်းမိုးထားခဲ့သည်။ KNU၏အတွင်းပိုင်း ပဋိပက္ခများနှင့် ကွဲပြားမှုများသည် ၁၉၉၄ ခုနှစ်တွင်ဗုဒ္ဓဘာသာ၀င်များဦးဆောင်သော DKBA ကဲ့သို့သော လက်နက်ကိုင်ခွဲထွက်အုပ်စုများကို ဖြစ်တည်စေခဲ့သည်။ ကွဲပြားသောလက်နက်ကိုင် ကရင်အုပ်စုများအကြားပဋိပက္ခများ၊ သစ္စာခံမှုအပြောင်းအလဲများနှင့် တပ်မတော်၏ ထပ်ခါတလဲလဲတိုက်ခိုက်မှုများသည် နှစ်ပေါင်းများစွာကြာလာသည်နှင့်အမျှ အဖွဲ့အစည်းကို အားနည်းလာစေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ KNU အားကိုယ်စားပြုမှုသည် ထိုင်းနိုင်ငံရှိဒုက္ခသည်စခန်းများနှင့် ကရင်ပြည်နယ်တွင်နေထိုင်သော လူမှုအသိုင်းအဝိုင်းများ အကြားတွင်ခိုင်မာနေဆဲပင်ဖြစ်သည်။ အဘယ်‌‌‌‌‌‌‌ကြောင့်ဆိုသော် ထိုသူများသည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အကြမ်းဖက်မှုပါ၀င်သည့် ပဋိပက္ခများကြောင့် တိုက်ရိုက်ခံစားခဲ့ရခြင်း‌ ကြောင့်ဖြစ်သည်။ KNU သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ညှိနှိုင်းမှုများတွင် အရေးအကြီးဆုံး ဖြစ်သောအစိုးရမဟုတ်သောအဖွဲ့များ အနက်မှတစ်ခုဖြစ်သည်။ လက်ရှိခေါင်းဆောင် စောမူတူးဆေးဖိုးသည် ၂၀၁၂ ခုနှစ်တွင်မြန်မာအစိုးရနှင အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးခဲ့သည်။ သို့သော်လည်း ထိုအချိန်မှစ၍ တိုက်ပွဲအသစ်များဖြစ်ပွားခဲ့ပြီး ပဋိပက္ခမှာပို၍ ဆိုးလာခဲ့သည်။  ကရင်ခေါင်းဆောင်များသည် ၄င်းတို့၏ကြိုးပမ်းမှုသည် သီးခြားပြည်နယ် တစ်ခုအတွက်ရည်ရွယ်ခြင်းမဟုတ်ဘဲ ကရင်ခေါင်းဆောင်များ လက်အောက်ရှိ ကရင်ဒေသ အတွက်ငြိမ်းချမ်းရေးနှင့် ကြောက်ရွံ့မှုကင်းမဲ့သည့်ဘဝ၊ ယဉ်ကျေးမှုနှင့်ဘာသာစကားကို ထိန်းသိမ်းနိုင်ခြင်းစသည်တို့ကို ရည်ရွယ်ကြောင်းထပ်ခါတလဲလဲ အလေးပေးပြောကြားခဲ့သည်။ တည်ထောင်သူများ၏ အခန်းကဏ္ဍသည် ယနေ့တွင် အထိမ်းအမှတ်တစ်ခုဖြစ်လာခဲ့သည်။  စောဘဦးကြီး သည်နှစ်ပေါင်းများစွာကြာ‌အောင် ကရင်လှုပ်ရှားမှု၏ မျက်နှာစာအဖြစ်ရှိနေပါသည်။   သူ၏ဓါတ်ပုံသည် KNU ၏လွှမ်းမိုးမှုရှိသောဒေသများ (ဒုက္ခသည်စခန်းများအပါအ၀င်)၏ နေအိမ်များနှင့် အများပြည်သူဆိုင်ရာအဆောက်အအုံများ လက်ညိုးထိုးမလွဲပင်ဖြစ်သည်။ အထူးသဖြင့် အခမ်းအနားတိုင်းတွင် သူ၏ဓါတ်ပုံသည် ကရင်တို့၏ စွမ်းဆောင်ရည်နှင့် လုပ်နိုင်စွမ်းကို ပြသသည့်သင်္ကေတပင်ဖြစ်သည်။  ထုံးတမ်းစဉ်လာအရ တိုင်းရင်းသား ဝိသေသသရုပ်လက္ခဏာများကို“ အခြားသူများ” ဟုခွဲခြားသတ်မှတ်နိုင်သည်။ အများအားဖြင့် ဗမာများဖြစ်သည်။ တိုက်ပွဲကိုရှင်သန်စေခြင်းအားဖြင့် ဗမာဘုရင်များအုပ်စိုးစဉ်ကာလ၊ ကိုလိုနီခေတ်ကာလများအတွင်းနှင့် စစ်တပ်အတွင်းနှစ်ပေါင်းများစွာကပင် လူမျိုးစုနှင့် ဘာသာတရားတို့၏ ကွဲပြားခြားနားမှုများကို ဆက်လက်ဖော်ပြနေခဲ့သည်။ အောက်ခြေရှိကရင်လူမျိုး အများစုအတွက် တိုက်ပွဲသည်ပထမဦးဆုံးအနေနှင့် ၎င်းတို့၏လုံခြုံမှု၊ လေးစားမှုနှင့်လွတ်လပ်ရေး အတွက်၎င်းတို့၏လူမျိုးစုလက္ခဏာကိုထိန်းသိမ်းရန်မျှော်လင့်ချက်ဖြစ်သည်။

သတင်းအချက်အလက်များကို အီးမေးလ်ဖြင့်ဆက်သွယ်သည့်အတွက် ကျွနှ်ပ်အနေဖြင့် စောဘဉီးကြီး၏ မြေးဖြစ်သူ Paul Sztumpf အားကျေးဇူးတင်ကြောင်းပြောကြားလိုပါသည်။

ကျမ်းကိုးစာရင်းများ

Keenan, Paul (2008). Saw Ba U Gyi. Voices of the Revolution. KHCPS paper.

Smith, Martin (1991): Burma. Insurgency and the Politics of Ethnicity. Zed books.

Sztumpf, Paul (2011): The life and times of Saw Ba U Gyi. E-booklet.

South, Ashley (2011): Burma’s longest war. Anatomy of the Karen conflict. Transnational Institute Burma Center Netherlands.

South, Ashley (2008): Ethnic Politics in Burma: States of Conflict. Routledge. Thawnghmung, Ardeth Maung (2012): The „Other“ Karen in Myanmar: Ethnic Minorities And The Struggle Without Arms. Lexington Books.

Schreibe einen Kommentar

Deine E-Mail-Adresse wird nicht veröffentlicht. Erforderliche Felder sind mit * markiert