ဦးချစ်လှိုင် – ဗမာ့ဆိုရှယ်လစ် စနစ် အစပျိုးသူ

Rodion Ebbighausen
Translation by Nang Lao Kham
English version of this article

မိတ်ဆက်

မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စနစ် သေဆုံးခဲ့ပြီးပါပြီ။ နိုင်ငံအတွင်းရှိ ဆိုရှယ်လစ်ဝါဒီ သမားများကို တွေ့ဆုံလိုသူ မည်သူမဆို ရန်ကုန်မြို့၏ ဗဟန်းမြို့နယ်တွင် ရှိသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (National Unity Party) ကို သွားရောက်လည်ပါတ်သင့်ပါသည်။ 

ဟောင်းနွမ်းနေသော အလံတိုင်အနီးရှိ သစ်သားဖြင့်ဆောက်လုပ်ထားသောအဆောက်အအုံ တန်းလျား အတွင်းတွင် ဆိုရှယ်လစ်စနစ်လက်ကျန်အား ပါတီခေါင်းဆောင်များမှ ထိန်းသိမ်းလျက်ရှိသည်။ 

ထိုပါတီဝင်များထဲတွင် ဦးနေဝင်းလက်ထက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဟောင်း တဖြစ်လဲ ဗမာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ (Burma Socialist Program Party) ၏ ခေါင်းဆောင်အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်သူ ဦးခင်မောင်ကြီး ကဲ့သို့သော အသက်အရွယ်ကြီးရင့်သူများလည်း ပါဝင်ပါသည်။  မြန်မာတို့ရဲ့ ဆိုရှယ်လစ်စနစ်ဆီသို့ ခရီးစဥ် အဆုံးသတ်သွားသည့် ၁၉၈၈ခုနှစ်တွင် BSPP ကိုလည်းပဲ တရားဝင်ဖျက်သိမ်းခဲ့သည်။ ဆိုရှယ်လစ်ဝါဒ“ ဟူသောအသုံးအနှုန်းသည် နိုင်ငံရေးလောကထဲမှ တဖြည်းဖြည်းပျောက်ကွယ်လုဖြစ်လာပါသည်

ဦးခင်မောင်ကြီး အနေဖြင့် ပါတီနှင့် ရာထူးမှထုတ်ပါယ်ခံလိုက်ရချိန်တွင် ၎င်း၏ နိုင်ငံရေးအသိုက်အမြုံကိုပါ ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲကာလတွင် ဆိုရှယ်လစ်ဝါဒီများသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(NUP) တွင်ပြန်လည်စုံစည်းခဲ့ကြသည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီ(NUP) ကို ၁၉၈၈ခုနှစ် အောက်တိုဘာလ ၁၂ရက်နေ့တွင် တည်ထောင်ခဲ့ပါသည်။ မြန်မာ့ဆိုရှယ်လစ် ဝါဒ အတွေးအခေါ်ပညာရှင်ဖြစ်သူ ဦးချစ်လှိုင်သည် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) သည် ဗမာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(BSPP) အားတိုက်ရိုက် အရိုက်အရာခံယူသည့်ပါတီအဖြစ် ရှုမြင်နိုင်ပါသည်။

ဗဟိုမှခွဲထွက်ခဲ့သည့် ပါတီတစ်ခုအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) အား သီးသန့်ရှုမြင်ရန် ကုန်သွယ်ရေး ဝန်ကြီးဟောင်းမှ ၂၀၁၃ခုနှစ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ စီးပွားရေးစံစနစ် စီမံချက်အား သွေဖယ်ခဲ့သည်မှအပ ပါတီတွင်းစည်းမျဉ်းစည်းကမ်းများသည် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (BSPP) ၏ ဆိုရှယ်လစ် လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာစောင့်ထိန်း လျက်ရှိသည်။ ၂၀၁၃ခုနှစ်တွင် ဦးခင်မောင်ကြီးသည် အနာဂါတ်အတွက် အကောင်းမြင်ဆဲပင်ဖြစ်သည် နှင့်အမျှ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အောင်နိုင်ပြီး လွတ်တော်အတွင်းဝင်ရောက်ရန် မျှော်လင့်လျက်ရှိသည်။ သို့သော်လည်းမျှော်လင့်ထားသကဲ့သို့ဖြစ်မလာခဲ့ပေ။၂၀၁၅ခုနှစ်တွင်  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(NUP)သည် အမျိုးသားလွှတ်တော်တွင် တစ်နေရာသာ အနိုင်ရရှိခဲ့ပါသည်။ ဆိုရှယ်လစ်ဝါဒနှင့် ၎င်း၏ နောက်ဆုံးဆက်ခံသူများသည် လာမည့်နှစ်များတွင် ကွယ်ပျောက်လာနိုင်ဖွယ်ရှိပါသည်။ လူအများစုအတွက် အထူးသဖြင့် ငယ်ရွယ်သူမျိုးဆက်သစ်များ အတွက် ယနေ့ဆိုရှယ်လစ်ဝါဒသည် လုံးဝကျရှုံးသောအတွေးအခေါ်တစ်ခုအဖြစ် ကျန်ရှိနေပါသည်။ 

ဆိုရှယ်လစ်ဝါဒနှင့် ကွန်မြူနစ်ဝါဒတို့သည် မြန်မာနိုင်ငံလွပ်လပ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည့် ၁၉၃၀ နှင့် ၁၉၄၀ အချိန်ကာလများတွင် အဓိကနေရာမှ ပါဝင်ခဲ့ကြသည်။ လွပ်လပ်ရေးသူရဲကောင်းဖြစ်သော အောင်ဆန်းသည်လည်းပဲ နိုင်ငံ၏ပထမဆုံးသော ကွန်မြူနစ်ပါတီတွင် တည်ထောင်သူတစ်ယောက် အဖြစ်ပါဝင်ခဲ့သည်။ ၎င်း၏မိန့်ခွန်းများနှင့် အရေးအသားများသည် ဆိုရှယ်လစ် အတွေးအခေါ်များနှင့် မာတ်စ်ဝါဒဆိုင်ရာအသုံးအနှုန်း တို့ဖြင့် ပြည့်နှက်လျက်ရှိပါသည်။

ဦးချစ်လှိုင်၏ အစောပိုင်းကာလများ

ဗမာ့ဆိုရှယ်လစ်ဝါဒီ၏ ဒုတိယမျိုးဆက်အတွက် အရေးပါဆုံးသော ဝါဒခေါင်းဆောင်များထဲတွင် ဦးချစ်မောင်တစ်ယောက် အပါအဝင်ဖြစ်သည်။ ဦးချစ်မောင်ကို ၁၉၂၆ခုနှစ် မတ်လ ၁၅ရက်နေ့တွင် ကသာခရိုင်၌ မွေးဖွားခဲ့သည်။ ကသာဒေသသည် စစ်ကိုင်းတိုင်းအတွင်းရှိ ဧရာဝတီအထက်ပိုင်းဒေသတွင် တည်ရှိပါသည်။ ၁၉၄၂ခုနှစ်တွင် ဗြိတိသျကိုလ်ိုနစ်စနစ်အားတိုက်ခိုက်ရန်အတွက် ၁၆နှစ်အရွယ် ကျောင်းသား ချစ်လှိုင်သည် ဗမာ့လွပ်လပ်ရေးတပ်မတော် (BAI) သို့ဝင်ရောက်ခဲ့သည်။ ဂျပန်တို့၏အကူအညီဖြင့် ဗြိတိသျများကို တိုက်ထုတ်ခဲ့ပြီးနောက်ပိုင်းတွင် ဗမာ့လွပ်လပ်ရေးတပ်မတော် (BAI) အား ဗမာ့ကာကွယ်ရေးတပ်မတော် ( BDA) အဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့ချိန်တွင် ချစ်လှိုင်သည် ၆လတာ အရာရှိသင်တန်းအားတတ်ရောက်ခွင့်ရခဲ့သည်။ မြန်မာနိုင်ငံအား ဂျပန်တို့ သိမ်းပိုက်ချိန်ကာလတွင် ချစ်လှိုင်သည် တပ်ကြပ်ကြီးအဆင့်သို့ ရောက်ရှိခဲ့သည်။

၎င်း၏ စစ်ဘက်ဆိုင်ရာပညာရေးအပြင် ဆယ်ကျော်သက်ကျောင်းသူတစ်ယောက်ဖြစ်သော ချစ်လှိုင်သည် ကွန်မြူနစ်ဝါဒ နှင့် မာက့်စ်-လီနင်ဝါဒ များဖြင့်လည်း ကြုံကြိုက်ခဲ့ရသည်။ နဂါးနီ စာချစ်သူများအဖွဲ့၏ အဖွဲ့ဝင် တစ်ဦးဖြစ်သည့်အလျောက် လက်ဝဲဆိုရှယ်လစ် ဆိုင်ရာအရေးအသားများကိုလည်း လေ့လာခဲ့သည်။ ချစ်လှိုင်ကိုယ်တိုင်မှ ၎င်းပထမအကြိမ် ပုံနှိပ်ထုတ်ဝေသည့် မာ့က်စ်၊ Engels၊ လီနင် နှင့် အခြားသောမြန်မာဘာသာဖြင့်ထုတ်ဝေမှုများတွင်  ၁၉၃၉တွင် “ဆိုရှယ်လစ်ဝါဒ” ဟူသောစာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သည့် သခင်စိုး၏ လွှမ်းမိုးမှုကို ကြီးစွာခံရကြောင်း ဝန်ခံထားပါသည်။ အခြား လွှမ်းမိုးမှုရှိသူတစ်ယောက်မှာ ဆိုရှယ်လစ်ဝါဒီတစ်ယောက်ဖြစ်သူ သခင်တင်မြဖြစ်ပါသည်။ ၎င်း၏ဆရာများမှတစ်ဆင့် ချစ်လှိုင်သည် ကွန်မြူနစ်ဝါဒကို လက်ခံကျင့်သုံးသူတစ်ယောက်ဖြစ်လာခဲ့ပြီး ဗမာကွန်မြူနစ်ပါတီ (BCP)သို့ဝင်ရောက်ကာ တပ်မတော်အတွင်း ကွန်မြူနစ်သမားများ များပြားလာအောင် အားထုတ်ခဲ့ပါသည်။ 

ချစ်လှိုင်၏ အသက်မွေးဝမ်းကြောင်းအစတွင် နောက်ပိုင်းတွင် ခါးခါးသီးသီးရန်သူဖြစ်လာနိုင်သည့် စခန်း၃ခုတွင် ရှိခဲ့ပါသည်။ ပထမပိုင်းတွင် ၎င်းသည် အောင်ဆန်း၏ခေါင်းဆောင်မှုဖြင့် ဂျပန်တို့ဖြင့် ပူးပေါင်းခဲ့သော တပ်မတော်အတွင်းတွင် ရှိခဲ့ပါသည်။ ဒုတိယနေဖြင့် ၎င်းသည် ဂျပန်စစ်အစိုးရနှင့် ပူးပေါင်းမှုကိုတော်လှန်သည့် ကိုယ်စားလှယ်များပါဝင်သော ကွန်မြူနစ်ဝါဒီအုပ်စုတွင် ရှိနေခဲ့ပါသည်။ တတိယနေဖြင့် ၎င်းသည် သခင်တင်မြ၏ ဆိုရှယ်လစ်ဝါဒီသမားများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။ 

နောက်ပိုင်းတွင် ၎င်း၏ဆရာဖြစ်သူ သခင်စိုး၏ အလံနီကွန်မြူနစ်ဝါဒီအစား နှစ်ပေါင်းများစွာကြာမြင့်သော လွပ်လပ်ရေးလှုပ်ရှားမှုတွင် အတူတကွတိုက်ပွဲဝင်ခဲ့သော ဩဇာသက္ကမကြီးမားသည့် အောင်ဆန်း၏ စစ်စခန်းနှင့် ၎င်း၏ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွပ်လပ်ခွင့်အဖွဲ့ (AFPFL) သို့ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၄၂ ခုနှစ် နှင့် ၁၉၄၃ ခုနှစ်အကြားတွင် အောင်ဆန်းနှင့် တွေ့ဆုံခဲ့ပြီးနောက် ချစ်လှိုင်သည် အောင်ဆန်းနှင့် သခင်စိုး နှင့် အခြားသော ကွန်မြူနစ်ခေါင်းဆောင်များအကြား သတင်းစကားပေးပို့သူအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ဦးချစ်လှိုင်အနေဖြင့် ၎င်း၏ ထင်မြင်ယူဆချက်ကို ပြောင်းလဲခဲ့သည်။ “ သူက အယူသန်တဲ့ စစ်ဝါဒီသမားလို့ထင်ခဲ့တာ။ အခုတော့ သူက ဒီမိုကရေစီဝါဒီသမား တစ်ယောက်ဆိုတာ သိခဲ့ရတယ်။ သူကို မာ့က်စ်ဝါဒရဲ့ ရန်သူတစ်ယောက်လို့လည်းထင်ခဲ့သေးတယ်။ ခုတော့ သူ့ကို ကျွန်တော် ရိုးသားစစ်မှန်တဲ့ ဆိုရှယ်လစ်ဝါဒီသမား စစ်စစ်အဖြစ် လေးစားတယ်” ဟုပြောဆိုခဲ့သည်။ 

၁၉၆၄ခုနှစ်မှာ အောင်ဆန်းမှ ဆိုဗီယက် ယူနီယံ၏ ခေါင်းဆောင်မှုအောက်တွင် ကမ္ဘာ့လုံးဆိုင်ရာ တော်လှန်ရေး ဟုကိုယ့်ကိုယ်ကို ဝန်ခံသော ကွန်မြူနစ်ဝါဒီသမားများနှင့် ကွာပြဲသောအခါ ဦးချစ်လှိုင်မှ နှုတ်အားဖြင့် ကွန်မြူနစ်ဝါဒီသမားအဖြစ်မှ နှုတ်ထွက်ခဲ့သည်။ ၎င်းကိုယ်တိုင်ပြောသောစကားမှ ၎င်းသည် ကွန်မြူနစ်ဝါဒီသမားအဖြစ်မှ ဒီမိုကရေစီဝါဒီသမားအဖြစ်သို့ ပြောင်းလဲခဲ့ကြောင်း ပါရှိပါသည်။ စိတ်သဘောထားတူညီသူများဖြင့် အတူတကွ ပြည်သူ့စာပေ ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ထို့နောက် ဦးချစ်မောင်သည် Marx and Mao ကဲ့သို့သော ကြော်ကြားသည့်စာပေ များအား ဘာသာပြန်ခဲ့သည့်အပြင် မောင်ချစ်ကြီး (နောက်ပိုင်းတွင် ကိုကိုမောင်ကြီး ဟူသောကလောင်အမည်ကို အသုံးပြုခဲ့သည်။) နှင့်လည်း ကလောင်အမည်ခံရေးသားခဲ့သည်။

 ၁၉၅၁ ခုနှစ်တွင် ဦးချစ်မောင်သည် အရှေ့ဘာလင်အား နိုင်ငံတကာလူငယ်အစည်းအဝေးအတွက် AFPFL ကိုယ်စားလှယ်အနေဖြင့် သွားရောက်ခဲ့ပါသည်။ အစည်းအဝေးအား ဆိုဗီယက် ယူနီယံမှ ပံ့ပိုးကူညီခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဦးချစ်လှိုင်သည် ဆိုဗီယက်ယူနီယံတွင် ၎င်း၏ပညာရေးအားဆက်လက် သင်ယူချင်ခဲ့သော်လည်း ဦးချစ်လှိုင်၏ကြိုးပမ်းမှုကို ဗမာ့ကွန်မြူနစ်ပါတီ (BCP) မှ ဦးထွန်းစိန်မှ ဦးချစ်လှိုင်၏ ကွန်မြူနစ်ဝါဒီသမား စစ်စစ်မဖြစ်ခဲ့ခြင်းကြောင့် ဆန့်ကျင်ခဲ့သည်။ နောက်ဆုံးတွင် ဦးချစ်လှိုင်သည် ဆိုဗီယက်ယူနီယံ၏ ကွန်မြူနစ်ပါတီမှ ခွင့်ပြုချက်မရရှိခဲ့ပေ။ မော်စကိုအစား ပါရီတွင် ၁၉၅၅ ခုနှစ်အထိ နေထိုင်ခဲ့ပြီး ဒဿနိကဗေဒ ဘာသာရပ်ကို လေ့လာခဲ့သည်။ ၎င်း၏ကိုယ်ပိုင်အကောင့်အရ ဦးချစ်လှိုင်သည် ပါရီမြို့တွင် နေထိုင်စဉ်ကာလအတွင်း လျို့ဝှက်ရဲများနှင့် တက္ကသိုလ်ပညာသင်ခွင့် မရရှိမည်ကို စိုးရိမ်သောကြောင့် နိုင်ငံရေးဆိုင်ရာလုပ်ငန်းများ ကို ရှောင်ကျဉ်ခဲ့သည်။ 

တစ်ပြိုက်နက်တည်းမှာပဲ ဦးချစ်လှိုင်ဟာ ဆိုရှယ်လစ်ဝါဒအတွေးအခေါ်အသစ်များနဲ့ ကြုံကြိုက်ခဲ့ပါသည်။ သမ္မတ မာရှယ်တီတို လက်အောက်က ယူကိုဆလားဗီးယားမှာရှိတဲ့ အထူးလမ်းကြောင်းတစ်ခုကို သူငယ်ချင်းတစ်ယောက်မှတစ်ဆင့် သိရှိခဲ့ပါသည်။ ၁၉၄၈ခုနှစ်မှာ ကွန်မြူနစ်တစ်ယောက်ဖြစ်တဲ့ တီတိုဟာ စစ်အေးတိုက်ပွဲမှာ အနောက်နိုင်ငံစစ်စခန်းတွေမှာ ပါဝင်ခြင်းမရှိဘဲ စတာလင်ကို အာဏာဖီဆန်ခဲ့ပါသည်။

 ၁၉၆၁ခုနှစ် ဘော်လကန်ဒေသတွင် တည်ထောင်ခဲ့သည့် ဘက်မလိုက်နိုင်ငံများအုပ်စု၏  ခေါင်းဆောင်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ခဲ့သည်။ ဘက်မလိုက်နိုင်ငံများအုပ်စု နှင့် ၎င်း၏ရှေးဦးဖြစ်သော ၁၉၉၅ခုနှစ် ဘန်ဒေါင်းမူ ကို မြန်မာနိုင်ငံမှ ကောင်းမွန်စွာ လက်ခံခဲ့သည်။ တီတိုဥပမာသည် ရှေးရိုးစွဲကွန်မြူနစ်သမားများသာမက ဆိုဗီယက်ယူနီယံ၏ မာ့က်စ်-လီနင် ဝါဒီသမားများ လည်းဝေဖန်ခံရနိုင်ကြောင်း ပြသခဲ့သည်။ ထိုအမြင်ရှုထောင့်အသစ်နှင့်အတူ ဗိုလ်မှူးချုပ်အောင်ကြီး၏ ခေါ်ယူမှုကြောင့် ၁၉၅၅ခုနှစ်တွင် ၎င်း၏ဆန္ဒမပါရှိပဲ မြန်မာနိုင်ငံသို့ပြန်လာခဲ့သည်။ ဗိုလ်မှူးချုပ်အောင်ကြီး သည် ကိုလိုနီခေတ်အလွန်ကာလများတွင် အလွန်အရေးပါသော သူတစ်ယောက်ဖြစ်ခဲ့သည်။ ၁၉၅၀ ခုနှစ်နှောင်းပိုင်းများတွင် မောင်မောင်နှင့်အတူ တပ်မတော်တွင် ခေါင်းဆောင်အဖြစ်အတူတကွလုပ်ကိုင်ခဲ့ ကြသည်။

ဗိုလ်မှူးချုပ်အောင်ကြီး၏ တောင်းဆိုချက်ကြောင့် ဦးချစ်လှိုင်သည် တပ်မတော်ပညာရေးနှင့် စိတ်ဓါတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးတွင် စစ်ရေးအယူဝါဒနှင့် ကွန်မြူနစ်ဝါဒဆန့်ကျင်ရေး ဝါဒဖြန့် လုပ်ဆောင်ရသည့် ဒါရိုက်တာအဖွဲ့ဝင်အဖြစ်လုပ်ကိုင်ခဲ့သည်။ ထိုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရဲအရာရှိများအား သင်တန်းများပေးခြင်း၊ ဝါဒဖြန့်ချီရေးဆိုင်ရာ လက်ကမ်းစာစောင်၊ ရေဒီယိုနှင့် ရုပ်သံထုတ်လွှင့်မှုများ ဖြန့်ဝေခြင်းစသည်တို့ပါဝင်ပါသည်။

 ရည်ရွယ်ချက်နှင့် ပြီးမြောက်မှုများ

မောင်မောင်၏ စီမံမှုဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့သော တပ်မတော်ရာထူးအသစ်တွင် ဦးချစ်လှိုင် ရေးသားခဲ့သော ပထမဆုံးအရေးပါသည့် စာဆောင်မှာ “နိုင်ငံတော်၏ အတွေးအခေါ်နှင့် တပ်မတော်၏အခန်းကဏ္ဍ” ဖြစ်ပါသည်။ ထိုစာဆောင်သည် တပ်မတော်နှင့် နိုင်ငံရေးအကြားရှိ ပါတ်သတ်ဆက်နွယ်မှုများကို ဖော်ပြထားပါသည်။ တပ်မတော်၏လုပ်ငန်းဆောင်တာမှာ နိုင်ငံ၏ အမြင်သဘောထားများကို ကာကွယ်ရန်အတွက် ဖြစ်သည်။ နိုင်ငံ၏အမြင်သဘောထားဟုဆိုရာတွင် ငြိမ်းချမ်းရေးသို့ပန်းတိုင်၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနှင့် ဆိုရှယ်လစ်စီးပွားရေးစနစ် စသည်တို့ဖြစ်ပါသည်။ 

နိုင်ငံ၏အမြင်သဘောထား အတွက် လုပ်ဆောင်ခြင်းအပြင် စစ်တပ်မှထုတ်ဝေသော မြဝတီ မဂ္ဂဇင်းတွင် ချစ်လှိုင်သည် အရေးပါသော စာရေးဆရာတစ်ယောက်လည်း ဖြစ်ခဲ့ပါသည်။ ထိုမဂ္ဂဇင်းသည် ၁၉၅၂ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ၁၉၅၆ခုနှစ်တွင် စောင်ရေ ၁၈၀၀၀ အထိထုတ်ဝေနိုင်ခဲ့ပါသည်။ ဦးချစ်လှိုင်၏ ဆောင်းပါးများထဲတွင် ဗမာ့ကွန်မြူနစ်ပါတီ (BCP) နှင့် စတာလင်၏အယူဝါဒတို့ကို ဝေဖန်ခဲ့ပြီး ၎င်း၏ကိုယ်ပိုင်နိုင်ငံရေးအယူဝါဒ ဖြစ်သော နမာရူပ ဝါဒကို မိတ်ဆက်ခဲ့သည်။ ထိုသို့လုပ်ဆောင်ရန် ဦးချစ်လှိုင်သည် ရိုးရာဗုဒ္ဓဘာသာအသုံးအနှုန်းများ အသုံးပြု၍ အဓိပ္ပါယ်ဖွင့်ဆိုချက် အသစ်များ ပေးရန်ကြိုးစားခဲ့သော်လည်း မာ့က်စ်နှင့် ဆိုရှယ်လစ်ဝါဒများကဲ့သို့ တည်မြဲသည့်အသုံးအနှုန်းအဖြစ် မတည်ရှိနိုင်ခဲ့ပါ။

နာမရူပ ဆိုသည်မှာ ပါဠိအသုံးအနှုန်းတစ်ခုဖြစ်ပြီး နာမ နှင့် ရူပကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ နာမဆိုသည်မှာ စိတ်၏ကျယ်ပြန့်သည့်သဘောကို ဆိုလိုပြီး ရူပဆိုသည်မှာ ရုပ်ဝတ္ထု ကိုဆိုလိုပါသည်။ ဦးချစ်လှိုင်သည် ထိုအသုံးအနှုန်း ၂ခုကို တွဲဆက်၍ “အသိတရား” နှင့် “အကြောင်းကိစ္စ” မူကွဲပြားခြင်းကို ဆိုလိုခြင်းဖြစ်သည်။

ဝါဒဆိုသည်မှာ (ကွန်မြူနစ်ဝါဒ၊ အရင်းရှင်ဝါဒ စသည်ကဲ့သို့သော) သဘောထားများကို ဆိုလိုပါသည်။ ထိုကြောင့် နာမရူပဆိုသည်မှာ စိတ်ကူးစိတ်သန်းတစ်ခုပင်ဖြစ်ပါသည်။  

ဦးချစ်လှိုင်၏ တွေးမြင်ပုံအရ နာမရူပ ဝါဒသည် အနာဂါတ်ဆိုရှယ်လစ်နိုင်ငံတည်ဆောက်ရေးအတွက် အခြေခံလမ်းညွှန်သဘောတရားဖြစ်ပါသည်။ သူ၏မျှော်လင့်ချက်မှာ မာ့က်စ်ဝါဒ၏ ရုပ်ဝတ္ထုဝါဒနှင့် ဗုဒ္ဓ၏ ဝါဒများကို ရောမွေ၍ နိုင်ငံ၏စည်းလုံးညီညွတ်မှုကို မြှင့်တင်ရန်ဖြစ်ပါသည်။ နာမရူပဝါဒသည် ကွန်မြူနစ် ဝါဒနှင့် အမျိုးသားရေးဝါဒကို တိုက်ရိုက်ဆန့်ကျင်သည့် ဝါဒတစ်ခုဖြစ်သည်။ အနောက်တိုင်း အတွေးအခေါ်ပညာရှင်များ၏ အမြင်အရ ဦးချစ်လှိုင်၏ အတွေးအခေါ်သည် ဗန်းစကားများနှင့် ဒွိဟဖြစ်စေသော ပါဠိစကားလုံးများဖြင့်သာပြည့်နှက်နေသော စိတ်ကူးစိတ်သန်းတစ်ခုမျှသာဖြစ်ပြီး အလွန်အမင်းရှုပ်ထွေးသည်ဟု နာကာနီရှီမှ ဝေဖန်ထားပါသည်။

၁၉၅၇ ခုနှစ်နှောင်းပိုင်းတွင် တပ်မတော်ပညာရေးနှင့် စိတ်ဓါတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးတွင် နိုင်ငံရေးအတွေးအမြင် ဘာသာရပ်သင်ကြားပို့ချသူအဖြစ် တာဝန်ယူခဲ့သည်။ “လူ့သဘာ၀နှင့် ဒီမိုကရေစီတို့၏ ဖွံ့ဖြိုးတိုးတတ်ရေးအတွက်ဝေဖန်ထားသည့် အတွေးအခေါ်များ” ဆိုသည့်လက်စွဲစာအုပ် တွင် ၎င်း၏ဆောင်းပါးများနှင့် အတွေးအခေါ်များကို အကျဉ်းချုံးဖော်ပြထားပါသည်။ ထိုသီအိုရီရေးသား ချက်များသည် နောက်ပိုင်းတွင် အရာရှိများနှင့် စာပေပညာရှင်များသာလျှင် သိရှိခဲ့ကြသည်။ 

 နောက်ပိုင်းအာဏာပြိုင်ဆိုင်ကြသည့်နှစ်များ နှင့် ၁၉၅၄ခုနှစ်တွင် AFPFL ပြိုကွဲသည့်အချိန်နှင့် တစ်ပြိုက်နက်တည်း တပ်မတော်အတွင်း ဆိုရှယ်လစ်ဝါဒသည် အလယ်အလတ်လမ်း စဉ်အားပေးသော မောင်မောင်နှင့် အောင်ကြီးတို့ထက် ရေပန်းစားနာမည်ကြီးလာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ထိုကိစ္စများ အားလုံးတွင် ဦးချစ်လှိုင်သည် အသေးအဖွဲအနေနှင့်သာ ပါဝင်ခဲ့ပါသည်။ သူ၏အရေးပါသော အချိန်ကာလသည် ၁၉၆၂ခုနှစ် မတ်လအာဏာသိမ်းမှုနှင့် တော်လှန်ရေးကောင်စီ ဖွဲ့စည်းချိန်တွင်  ဖြစ်ပါသည်။ အုပ်ချုပ်သူအသစ်များသည် နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်များ မရှိကြပေ။ နေဝင်းသည် အလျှင်အမြန်ပင် ချစ်လှိုင်အပါအဝင်အခြားသောရဲဘော် ၂ယောက်အား အတွေးအခေါ်အသစ် ပေါ်ပေါက်လာစေရန် လုပ်ပိုင်ခွင့်ပေးခဲ့သည်။ တပ်မတော်ထဲတွင် ထိုသို့သော ဗဟုသုတ များနှင့် စာရေးသည့်အရည်အချင်းရှိသူများ အလွန်နည်းပါသည့်အနက် ချစ်လှိုင်သည်တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ ထိုအတွေးအခေါ်အသစ်သည် တော်လှန်ရေးကောင်စီကိုလည်း တရားဝင်ဖြစ်စေရမည်။ စစ်အေးတိုက်ပွဲ၏ နိုင်ငံရေးပိတ်ဆို့မှုများနှင့် အတူ မြန်မာနိုင်ငံအား အထူးအခြေအနေသို့ ရောက်ရှိစေရန် ရည်ရွယ်သည့် အထူး သဘောတရားအမြင် တည်ဆောက်မှုကို နေဝင်းမှ အားပေးခဲ့ပါသည်။  

ထိုကြောင့် ဦးချစ်လှိုင်အနေဖြင့် တော်လှန်ရေးကောင်စီ၏ မူဝါဒ (မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်) ကို ရေးသားခွင့်ရရှိခဲ့ပါသည်။ နောက်ပိုင်းတွင် (လူနှင့်ပါတ်ဝန်းကျင်တို့၏ အညမည သဘောတရား) ဟူ၍ ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တရားဝင် အတွေးအခေါ် ဖြစ်လာခဲ့သည်။ ထို နေဝင်းလက်ထက်ရှိ ထင်ရှားသော အတွေးအခေါ် ၂ခုအား ဖန်တီးရာတွင် ဦးချစ်လှိုင်သည် ၁၉၅ဝခုနှစ်နှောင်းပိုင်းတွင် ကြိုတင်ပြင်ဆင်ခဲ့သည့် အတွေးအခေါ်ဆိုင်ရာ စာတမ်းများပေါ်အခြေခံ၍ ဖန်တီးခဲ့ခြင်း ဖြစ်သည်။

အရေးပါသော သဘောတရားဆိုင်ရာလုပ်ငန်းများ

ထိုသဘောတရားများကို ဖတ်ရှုရာတွင် မာ့က်စ်အသုံးအနှုန်းများနှင့် ဗုဒ္ဓဘာသာယုံကြည်မှုသီအိုရီများ နှင့် ပါဠိအသုံးအနှုန်းများ ရောနှောပါဝင်နေခြင်းသည် အခက်အခဲတစ်ခုဖြစ်သည်။ ထိုစနစ်ကို တစ်ဆင့်ချင်းစီ ချဉ်းကပ်သည့်နည်းလမ်းဖြင့်ဖွဲ့စည်းထားသည်။ ပထမဦးစွာ သဘာ၀၏ဖွဲ့စည်းပုံကို သတ်မှတ်ထားသည်။ ထို့နောက် လူ၏သဘာ၀ နောက်ဆုံးတွင် လူ့ပါတ်ဝန်းကျင်၏ သဘာဝတို့ပါဝင်သည်။

အခြေခံတွင် ရုပ်ဝတ္ထုဆိုင်ရာလောက၊ သက်ရှိလောက နှင့် နောက်ဆုံးတွင် လူ့လောကသဘာဝတွင် ဖြစ်ပေါ်တတ်သောဖြစ်ရပ်များဟု ဖေါ်ပြထားသော ထိုလောကသုံးခုအား တစ်ခုတည်း အဖြစ်  ဖော်ပြချက်ပါရှိသည်။ လူ့လောကသဘာဝတွင် ဖြစ်ပေါ်တတ်သောဖြစ်ရပ်များ ဟုဆိုရာတွင် စိတ်နှင့်အကြောင်းအရာများအကြား အပြန်အလှန်အကျိုးပြုဖြစ်စဉ်ကို ဆိုလိုခြင်းဖြစ်သည်။ ဦးချစ်လှိုင်သည် ထိုစကားလုံး များကိုဖော်ပြရန် ဗုဒ္ဓဘာသာမှ အသုံးအနှုန်းများကို အသုံးပြုခဲ့သည်။ ဥက္ကစလောက (ရုပ်ဝတ္ထုဆိုင်ရာလောက)၊ စိတ္တလောက (သက်ရှိလောက)၊ “မမြဲခြင်းသဘောတရား” သို့မဟုတ် “ပြောင်းလဲခြင်းသဘောတရား” စသည်ကဲ့သို့သော အသုံးအနှုန်းများပါရှိသည်။ 

လူသားအား အကောင်းဆုံးသောဖန်တီးမှုအဖြစ် သတ်မှတ်ထားပြီး အရားအားလုံးကို စတင်သူအဖြစ် သတ်မှတ်ထားသည်။ “လူသာလျှင်အဓိက” ဟုဖော်ပြထားသည်။ လူသည် လောက၃ခုစလုံး၏ ပုံရိပ်ဖြစ်သည့်အလျောက် လူများသည် ပါတ်ဝန်းကျင်စနစ်ကို ဖန်တီးသည်၊ ပြောင်းလဲသည်။ ကိုယ်ကျိုးကြည့်မှုနှင့် ပရဟိတဝါဒ နှစ်ခုစလုံးကို သိရှိပြီး ပါတ်ဝန်းကျင်ကို ပုံဖော်သည့် သက်ရှိများအဖြစ် လူကို အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ 

ဦးချစ်လှိုင်သည် တည်ထောင်ခြင်းနှင့် ပါတ်ဝန်းကျင်ဆိုင်ရာဥပဒေများ ကဏ္ဍတွင် မာ့က်စ်ဝါဒဆိုင်ရာအသုံး အနှုန်းများအကို အလွန်အမင်းအသုံးပြုထားပါသည်။ ၎င်းသည် ထုတ်ကုန်တိုးမြှင့်ရေးနှင့် ရုပ်ဝါဒဆိုင်ရာ ဥပဒေများ ကိုအသားပေးသည့် အရင်းရှင်စနစ်ကို  သွယ်ဝိုက်၍ ဝေဖန်ထားပါသည်။ ဦးချစ်လှိုင်သည် ယုတ္တိဗေဒကျကျစဉ်းစားဆင်ခြင်မှု (ဒိုင်ယာလက်တစ်ကယ်)နည်းလမ်းသို့မဟုတ် ဒိုင်ယာလက်တစ်ကယ် ဥပဒေအကြောင်းပြောရာတွင် ပါဠိစကားလုံး ပဋိစ္စသမုပ္ပါဒ် (သက်ရှိအားလုံး၏ဖြစ်ပျက်ပုံတရား) ဟုသုံးနှုန်းထားသည်။ တော်လှန်ရေးတစ်ခုလည်း ဖြစ်ပွားခဲ့ပါသည်။ ဤအခန်း၏အဆုံးတွင် ဦးချစ်လှိုင်သည် ဗမာဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဒဿနိကစီမံကိန်း နှင့် မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်၏ စီးပွားရေးဥပဒေ ၆ခုကို သတ်မှတ်ခဲ့ပါသည်။

ထိုအထဲတွင် မြန်မာပြည်အသစ်ရှိ အလုပ်သမားများအတွက် အခိုင်အမာချမှတ်ထားသည့် အခန်းကဏ္ဍများ နှင့် ပါတီများသို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် အတွေးအခေါ်များရှိ ၎င်းတို့၏အပြုအမှုများကို ထင်ဟပ်စေပါသည်။ ထိုစာတမ်း ၂ခုစလုံးကို ပြင်ဆင်ပြောင်းလဲမှုမပြုလုပ်ဘဲ တော်လှန်ရေးကောင်စီသို့ တင်ပြခဲ့သည်။

ထိုစာတမ်း ၂ခုစလုံး၏ အကျိုးသက်ရောက်မှုမှာ နားလည်လက်လှမ်းမှီနိုင်ရန်ခက်ခဲခြင်းဖြစ်သည်။ သို့သော်အလွန်အမင်းမဟုတ်ပါ။ ပြန်လည်၍ ခြေရာကောက်ကြည့်လျင် “ကျွန်တော့်စိတ်ထဲမှာ ၁၉၆၂ခုနှစ် ဧပြီလ ၂၅ရက်နေ့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အပြောင်းအလဲဖြစ်ခဲ့တဲ့အချိန်ပဲ” ဟု ဦးချစ်လှိုင်မှ တော်လှန်ရေးကောင်စီမှ စနစ်ကို နိုင်ငံ၏အရေးပါဆုံးသောအရာအဖြစ် ထုတ်ပြန်ခဲ့ချိန်ကို  ဝေဖန်ခဲ့သေးသည်။  

ဦးချစ်လှိုင်၏ ထိုဝေဖက်ချက်၏ ကောက်နှုတ်ချက်သဘာ၀ကြောင့် ထိုစာတမ်းများ၏လွှမ်းမိုးနိုင်မှု သိပ်မကျယ်ပြန့်ခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ တပ်မတော်ပညာရေးနှင့် စိတ်ဓါတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးတွင် သင်တန်းတတ်ခဲ့သူ ဗိုလ်မှူးချုပ် ခင်ညိုမှ ဗမာ့ဆိုရှယ်လစ်ဝါဒ ဒဿနိက အုတ်မြစ်အကြောင်းပြောကြားရာတွင် “ကျွန်တော့်အတွက်တော့ ဝန်ခံရမယ်ဆိုရင် နိုင်ငံရေးမှာ “စိတ်” နဲ့ “အကြောင်းတရား”တွေက ဘယ်လိုသက်ဆိုင်မှုရှိတယ်ဆိုတာ ကျွန်တော်နားမလည်နိုင်ဘူး”   ဟုပြောကြားခဲ့သည်။ အတွင်းလူမှပင် စနစ်၏ ဆက်စပ်မှုများကို နားလည်နိုင်ခြင်းမရှိသောကြောင့် ထိုအရာကို ပြည်သူလူထုမှ ၁၉၆၃ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့တွင် ရေဒီယိုမှ အသံထုတ်လွှင့်ခြင်းအားဖြင့် မည်သို့မျှနားလည်နိုင်မည်မဟုတ်ပါ။ ဒါဟာ ပါဝင်တဲ့အကြောင်းအရာတွေကြောင့် ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မည်ဟု နကာနီရှီမှ သံသယရှိခဲ့သည်။ “ နိုင်ငံတစ်နိုင်ငံရဲ့ အတွေးအခေါ်ဆိုတာ  အဲ့ဒီမှာပါဝင်တဲ့အကြောင့်အရာထက် အများကြီးအရေးပါတယ်” ဟုပြောကြားခဲ့သည်။ 

သမ္မတဟောင်းဖြစ်သူ ဒေါက်တာဘမော်မှ ၁၉၆၃ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် ဗြိတိသျှ သတင်းစာဖြစ်သော the guardian တွင် အနာပေါ်တုတ်ကျစေမည့် သုံးသပ်ချက်တစ်ခုကို ဖော်ပြခဲ့သည်။ “အခြေခံအားဖြင့်တော့ တော်လှန်ရေးကောင်စီ လုပ်တာမှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်မြင်တာကတော့ ဘာမှားသွားတာလဲဆိုရင် လူမျိုးနဲ့ ဘာသာရေး ဒါမှမဟုတ် ဘာသာရေးနဲ့ လူမှုအသိုင်းအဝိုင်းကို ထပ်ခါထပ်ခါ ရောထွေးသွားတာ ကမှားတာပဲ။  အဲ့ဒါက ဘာသာတရားတဲ့ အဆုံးအမတွေကို လူမှုအသိုင်းအဝိုင်းမှာရှိတဲ့ အမှန်တရားနဲ့ ဥပဒေတွေအဖြစ် ပြောင်းလဲစေလိုက်တာပဲ။ အဲ့လိုနဲ့ အစဉ်အမြဲပြောင်းလဲနေတဲ့ အခြေအနေနဲ့ ဥပဒေတွေအပေါ်မှာ အခြေခံထားတဲ့ လူမှုဒဿနိကတွေကို ဘယ်တော့မှ ပြောင်းလဲခြင်းမရှိဘဲ လုံးဝမှန်ကန်ပါတယ်လို့ ဆိုထားတဲ့ တသမတ်တည်းဖြစ်တဲ့ ဘာသာရေး နဲ့ချည်နှောင်လိုက်ပြီး ဒီကနေ့ခေတ်နဲ့ တိုင်းတာလို့တောင်မရတဲ့ ဟိုးရှေးနှစ်ပေါင်းများစွာကို နောက်ပြန်ဆုတ် နေတာပဲ”။  ဒီနေ့ခေတ်ကိုလည်းထင်ဟပ်စေတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါသည်။

ဆိုရှယ်လစ်ခေတ်ရဲ့အခြေခံအကျဆုံးသော စာတမ်းများဟာ နားလည်ရန်ခက်ခဲရုံ သာမက ရှေ့နောက်မညီ သောတွေးခေါ်မှု အကြံဥာဏ်များလည်း ပါဝင်နေသေးသည်။ အကြီးမားဆုံးကိစ္စကတော့ အတွေးအခေါ် နှင့် ဘာသာရေးဆိုသည်မှာ မတူညီသည့် ကိစ္စပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဦးချစ်လှိုင်သည် လိုက်ဖက်မညီသော ဘာသာရေးယုံကြည်ချက်၊ အတွေးအမြင်များနှင့် အတွေးအခေါ်များကို ညှိနှိုင်းရန်ကြိုးစားခဲ့သေးသည်။ သို့သော် မာ့က်စ်ဝါဒနှင့် ဗုဒ္ဓဝါဒ တို့တွင် ဘုံတူညီသည့် ပိုင်းခြေမရှိပါ။ နောက်ဆုံးတွင် စိတ်ပိုင်းဆိုင်ရာဆက်နွယ်မှုမရှိဘဲ တစ်ဖက်ဆီတွင် ရပ်တည်နေသော အဆိုအရအလွန်နက်နဲသော ရှုထောင့်များသာ ကျန်ရှိနေခဲ့ပါသည်။

အခြေခံစနစ်၏ မှုန်ဝါးနေသောအယူအဆသည်မြန်မာနိုင်ငံတွင် ပျက်သုန်းလာနေသည့် ဆိုရှယ်လစ်ဝါဒ အတွက်တော့ပြည့်စုံလုံလောက်သည့် ရှင်းပြချက်မပေးနိုင်ခဲ့ပါ။ သို့သော် လူမှုပါတ်ဝန်းကျင်ဆိုင်ရာ စမ်းသပ်ချက်၏ အစပိုင်းတွင် တသမတ်တည်းဖြစ်ခြင်းနှင့် ရှင်းလင်းခြင်းမရှိကြောင်း တိုင်းတာချက်တစ်ခုတော့ အနည်းဆုံးရှိခဲ့ပါသည်။ 

ဆိုရှယ်လစ်လမ်းစဉ် စည်းမျဉ်းများချဲ့ထွင်ခြင်း အဆုံးသတ်သည်နှင့်တစ်ပြိုင်နက်တည်း ဦးချစ်လှိုင်၏ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်လည်း ပြီးဆုံးခဲ့သည်။ သူ၏ သီအိုရီကို ကျစ်လစ်သောနိုင်ငံရေး တစ်ခုအဖြစ်သို့ ဘာသာပြန်ရန် တာဝန်မရှိတော့ပေ။ ၁၉၇၀ ခုနှစ်တွင် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ နှုတ်ထွက်ခြင်းမပြုမီ ပါတီအတွင်း ရဲဘော်များအား သင်ကြားပို့ချသူအဖြစ် ၈နှစ်ကြာတာဝန်ထမ်း ဆောင်ခဲ့ပြီး ၁၉၇၁ခုနှစ်တွင် အနားယူခဲ့သည်။ 

၁၉၈၈ခုနှစ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(NUP) တည်ထောင်ခဲ့ပြီးနောက်တွင် ပါတီဝင်ဖြစ်လာခဲ့သည်။ သို့သော ၈၈ မတိုင်မီက ဦးချစ်လှိုင်၏ ရာထူးမှာ ဟောပြောသူ သို့မဟုတ် လူသိများသော ပညာရှင်တစ်ယောက်ဖြစ်ခဲ့ပြီး လွှမ်းမိုးနိုင်သော နိုင်ငံရေးသမားတစ်ဦးတော့မဟုတ်ခဲ့ပေ။ ဦးချစ်လှိုင်သည် အသက်၉၂ နှစ်အရွယ်တွင် ၂၀၁၈ခုနှစ် မတ်လ ၂၆ရက်နေ့တွင် ရန်ကုန်ဆေးရုံးကြီးတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။ 

သုံးသပ်ချက်

ခြုံငုံသုံးသပ်ရလျှင် ဦးချစ်လှိုင်သည် ကြော်ကြားသော အတွေးအခေါ်ပညာရှင် တစ်ယောက် ဖြစ်ခဲ့သော်လည်း လက်တွေ့သမားတော့ မဟုတ်ခဲ့ပေ။ သူ့ကိုယ်သူပြောခဲ့သော “ကျွန်တော်ကတော့ ကျွန်တော့ကိုပေးလာတဲ့တာဝန်ကို ကျေပွန်ခဲ့တာပဲ” ဆိုတဲ့အချက်လည်း မှားတော့မမှားခဲ့ပေ။  

မည်သို့ပင်ဆိုစေကာမူ ဦးချစ်လှိုင်သည် မျိုးဆက်သစ် အရာရှိများကို သင်ကြားလေ့ကျင့်ပေးခဲ့သူအဖြစ် မှတ်မိနေသင့်ပါသည်။ ထိုအထဲမှအချို့သူများသည် နောက်ပိုင်းတွင် သန်းရွှေ နိုင်ငံအကြီးအကဲအဖြစ်တာ ဝန်ယူချိန်တွင် ဝန်ကြီးများဖြစ်လာကြသည် ။ ၁၉၈၈ ကတည်းကမြန်မာနိုင်ငံတွင် ဆိုရှယ်လစ်ဝါဒကို နိုင်ငံရေးအတွေးအခေါ်တစ်ခုအဖြစ်အသိအမှတ်မပြုခဲ့ကြသော်လည်း မြန်မာနိုင်ငံရှိ အတန်းအစား တစ်ခုနှင့် တပ်မတော်တို့၏ စိတ်ထဲတွင်တော့ ဦးချစ်လှိုင်၏ အတွေးအခေါ်ယူဆချက်များ ရှင်သန်လျက်ရှိနေသေးသည်။

အကိုးအကားများ

Callahan, Mary P. 2003 Making enemies. War and state building in Burma. Ithaca [et.al.]: Cornell University Press, 2003.

Chit Hlaing 1963 The System of Correlation of Man and his Environment. The Philosophy of the Burma Socialist Programme Party.

Nakanishi, Yoshihiro 2013 Strong Soldiers, Failed Revolution. The State and Military in Burma. Singapore: NUS Press.

Taylor,  Robert H. 2015 General Ne Win. A Political Biography. Singapore ISEAS.

Walton, Matthew J. 2017 Buddhism, Politics and Political Thought in Myanmar. Cambridge: Cambridge University Press.

Zöllner, Hans-Bernd (Hrsg.) 2008 Myanmar literature project. Working paper number 10:10. Soe, Socialism and Chit Hlaing, Memories. Introduction by Robert H. Taylor.

Schreibe einen Kommentar

Deine E-Mail-Adresse wird nicht veröffentlicht. Erforderliche Felder sind mit * markiert