ဦးသုဇန (၁၉၄၈-၂၀၁၈)

Hans-Bernd Zöllner
Translation by Nang Lao Kham

English version of this article

မိတ်ဆက် – သံဃာ‌တော်တစ်ပါး၏ဘဝအား လေ့လာရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ

ဦးသုဇန ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ဒီမိုကရက်တစ်ဗုဒ္ဓဘာသာ ကရင့်တပ်မတော် (DKBA)တို့၏ ခွဲထွက်ခြင်းတွင် ပါဝင်ခဲ့‌သော ၎င်း‌၏အခန်းကဏ္ဍကြောင့် ခေါင်းကြီးပိုင်းတွင်ဖော်ပြခံခဲ့ရသည်။ သူသည် မကြာ‌သေးခင်က မြန်မာနိုင်ငံ၏နိုင်ငံရေးသမိုင်းတွင် နာမည်ကောင်းဖြင့်လည်းကောင်း နာမည်ဆိုးဖြင့်လည်းကောင်း ကျော်ကြားသော “နိုင်ငံရေး ဘုန်းကြီးများ” ဟုခေါ်ဆိုကြသူများထဲမှတစ်ဦးဖြစ်သည်။ ဘာသာရေးဆိုင်ရာနယ်ပယ်များနှင့် သူ၏ဘဝဇတ်ကြောင်းအား ဖော်ပြခြင်းသည်မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ သာမန်လူများနှင့် ဘာသာအယူဝါဒနယ်ပယ်များ၏ ရှုပ်ထွေးသောဆက်နွယ်မှုကိုနားလည်ရန် အထောက်အကူပြုနိုင်သည်။

အနောက်တိုင်းအတ္ထုပ္ပတ္တိရေးသားသူအနေဖြင့် ဘုန်းကြီးတစ်ပါး၏ ဘဝအချက်အလက်များကို ရှာဖွေခြင်းနှင့် အကဲဖြတ်ခြင်းအတွက် ထူးခြား‌သောစိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရပါသည်။ လူဝတ်ကြောင်များ၏အမြင်တွင် ဘုန်းကြီးကို “ဗုဒ္ဓ၏သားတော်” အနေဖြင့်မှတ်ယူထားကြသည်။ ထို့ကြောင့်ဗုဒ္ဓ၏ဘဝသည် ဘုန်းကြီးတစ်ပါး၏ တစ်သက်တာအောင်မြင်မှုက ိုတိုင်းတာရန်အတွက် အခြေခံဖြစ်သည်။ ဘုန်းကြီးတစ်ပါးချင်းစီ၏ ဉာဏ်အလင်းအဆင့်ကို ထိုဘုန်းကြီးအား ကိုးကွယ်သော လူဝတ်ကြောင်များမှ အကဲဖြတ်ပြီး ထိုဘုန်းကြီးအား ရုပ်ဝတ္တုပစ္စည်းများ လှူဒါန်းမှုအပေါ်အခြေခံ၍ ဆုံးဖြတ်ပါသည်။  လူဝတ်ကြောင်များအနေဖြင့် လူမှုအသိုင်းအဝိုင်းကိုအကျိုးပြု၍ ကောင်းမှုကုသိုလ် ပိုရလေလေ ထိုသံဃာတော်/သီလရှင်သည် နိဗ္ဗာန်သို့သွား‌ရောက်နိုင်ရန် အခွင့်အလမ်းပိုများလေလေ ဖြစ်သည်။ နိဗ္ဗာန်ဆိုသည်မှာ သံသရာအတွင်း နာကျင်ခံစားရခြင်းအားလုံးမှ ကင်းလွတ်ပြီး ပြန်လည် မွေးဖွားခြင်းလည်း မရှိတော့သည့် ‌ဘဝ၏ပန်းတိုင်တစ်ခုဖြစ်ပါသည်။

ထို့ကြောင့် သူ၏တပည့်များ ရေးသားသည့် ဘုန်းကြီးတစ်ပါး၏ ‚အတ္ထုပ္ပတ္တိ‘ သည် အမွှမ်းတင်‌ ရေးသားထားသောအတ္ထုပ္ပတ္တိ ဖြစ်ဟန်ရှိသည်။ ကျရှုံးခဲ့သော ဘုန်းကြီးတစ်ပါး၏ အကြောင်းကို ရေးသားခြင်းသည် အဓိပ္ပါယ်‌တော့မရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူသည်သူ့၏အလုပ်ကိုလမ်းလွဲခဲ့ပြီး ဟန်ဆောင်သူအဖြစ်သတ်မှတ်နိုင်သောကြောင့်ဖြစ်သည်။ တစ်နည်းဆိုရသော် ဗုဒ္ဓဘာသာ၏ရှုထောင့်မှ ကြည့်လျှင်“ နိုင်ငံရေးဘုန်းကြီး” ဟူသောဝေါဟာရသည် ရှေ့နောက်မညီသောဝေါဟာရဖြစ်သည်။ နိုင်ငံရေးသည် သာမန်လူများ၏နေရာဖြစ်သော လောကီနယ်ပယ်မှဖြစ်ပြီး ဘုန်းကြီးဆိုသည်မှာ ‌‌သာမန်လူများဖြင့်မဆိုင်‌သော လောကုတ္တရာနယ်ပယ်မှဖြစ်ပါသည်။

ဤသဘောထားသည် ၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် သူ၏အန္တိမဈာပနပွဲတွင် ဦးသုဇနအားသူ၏ တပည့်များမှ ပေးအပ်ထားသည့် “သူတော်စင်သူတော်ကောင်း” ဆိုသည့် ဂုဏ်ပုဒ်တွင် ဖော်ပြနေပါသည်။ ဦးသုဇနအား ဖော်ပြသည့် ထိုသူတော်ကောင်း ဟူသည့်အသုံးအနှုန်းကို “အငြင်းပွား” ၍မရနိုင်‌ပါ။  နောက်တိုင်းလေ့လာသူတစ်ဦးမှ သူ၏အခန်းကဏ္ဍကို “စစ်စခန်းရှိ သူတော်ကောင်းတစ်ဦး” ‌ဟူသော ခေါင်းကြီးပိုင်းကိုအသုံးပြု၍ ‌ဖော်ပြခဲ့ခြင်းသည်  ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သူများ၏ အမျိုးမျိုး‌သောကမ္ဘာ့အမြင်များတွင် အမြစ်တွယ်‌နေသည့် “နိုင်ငံရေး”ဟူ‌သောဝေါဟာရတစ်ခုအပေါ် ၎င်း‌တို့၏အမျိုးမျိုး‌သောနားလည်မှုများနှင့် ဆန့်ကျင်လျက်ရှိ‌သည်။

ထိုအခြေခံကျသည့် ပြဿနာများကြောင့် ကြည်ညိုခံရသောဘုန်းကြီးတစ်ပါး၏ဘဝကိုပုံဖော်ရာတွင် ဦးသုဇနဘဝ၏ „ဘက်မလိုက်သောဇာတ်ကြောင်း“ ဟူသည် မဖြစ်နိုင်သလောက်ဖြစ်သည်။ အခြားထင်ရှားသော ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနည်းတူရရှိနိုင်သည့်အချက်အလက်များမှာ သူ၏ပြောစကားများနှင့် အပြုအမူများမှ ပေါ်ထွက်လာသော သရုပ်သကန် အမျိုးမျိုးနှင့်ဆိုင်‌သော အငြင်းပွားဖွယ်ရာသုံးသပ်ချက်များအောက်တွင် ရှိ‌နေပါသည်။

ယနေ့ထက်တိုင် ဦးသုဇန၏အတ္ထုပ္ပတ္တိဟု ခေါ်ဆိုနိုင်သော စာအုပ်တစ်ခုသာရှိသည်။ ထိုစာအုပ်ကို သူ၏အနီးကပ်တပည့်တစ်ဦးမှ‌ ရေးသားခဲ့ခြင်းဖြစ်ပြီး “အတ္ထုပ္ပတ္တိ” ဟုမဖော်ပြထားဘဲ “ဆရာတော်၏ဘဝအတွေ့အကြုံမှတ်တမ်း” ဟုဖော်ပြထားသည်။ ထိုစာအုပ်သည် သူ၏ “ငယ်ပေါင်းကြီးဖော်သူငယ်ချင်း” ရေးသားခဲ့သော ဘုန်းကြီးတစ်ပါး၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိနှင့် နီးစပ်ကြောင်း နိဒါန်းတွင်ဖော်ပြထားသည်။ ဘုန်းကြီးဘဝ၏ အဓိပ္ပာယ်ကိုနားလည်ရန် ကြိုးစားသော အနောက်တိုင်းစာရေးဆရာများသည် ၁၉၉၉ ခုနှစ်တွင်ထုတ်ဝေသော စာအုပ်တစ်အုပ်ကို အသုံးပြုကြသည်။ ထိုစာအုပ်တွင် ၁၉၉၄ခုနှစ်နှင့် ၁၉၉၅ခုနှစ်တို့တွင် ဖြစ်ပျက်ခဲ့‌သော ဖြစ်ရပ်များနှင့် KNLA ပြိုကွဲရခြင်း၏အကြောင်းအရင်းဖြစ်သော အဖွဲ့ဝင်ကရင်လူမျိုး ဗုဒ္ဓဘာသာဝင်နှင့် ခရစ်ယာန်ဘာသာဝင်များ အကြားပဋိပက္ခအကြောင်းပါဝင်ပါသည်။  ၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် ဘုန်းကြီးဘဝ၏ လှုပ်ရှားမှုများနှင့်ပတ်သက်သည့် အစီရင်ခံစာအနည်းငယ်မျှသာရှိသည့် အထဲမှ အများအပြားသည် DKBA၏ မှားယွင်းသော ဦး‌ဆောင်မှုများနှင့် ခရစ်ယာန်နှင့် မွတ်စ်လင်မ်တို့၏ ဘာသာရေးအဆောက်အအုံများအတွင်း စေတီပုထိုးများတည်ဆောက်ခြင်းနှင့် စပ်လျဉ်းကာ သူ၏အမည်နာမကိုဖော်ပြခြင်းသာရှိခဲ့သည်။

အကျိုးဆက်အနေဖြင့် မျက်နှာသာပေးချီးမွမ်းထားသည့် သို့မဟုတ် ဆန့်ကျင်ရှုံ့ချထားသည့် ဘက်လိုက်သည်ဟု ယူဆရသည့် အရင်းအမြစ်များအပေါ် အခြေခံထား‌သည့် အောက်ပါ အတ္ထုပ္ပတ္တိပုံကြမ်းတွင် ဦးသုဇန၏ ဘဝနှင့်ပတ်သက်သော အချက်အလက်များကို ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် များစွာ‌သော အဓိပ္ပာယ်ကောက်ယူချက်များမှ ခွဲထုတ်၍မရနိုင်ပါ။ ဦးသုဇန၏ဘဝအကြောင်းသည် မကြာခဏဆိုသလို ဆန့်ကျင်လျက်ရှိ‌‌သော အစွန်းများကြားတွင် ယိမ်းထိုးလျက်ရှိသည် – ၎င်းသည် များမကြာမီကဗုဒ္ဓဘာသာမြန်မာသမိုင်းအတွက်ထုံးစံပင်ဖြစ်သည်။

အတ္ထုပ္ပတ္တိပုံကြမ်း

ဦးသုဇနကို ၁၉၄၈ခုနှစ် သြဂုတ်လ ၁ရက်နေ့တွင် သံလွင်မြစ်အရှေ့ဘက်ကမ်း အနီးရှိ ရွာတစ်ရွာတွင် ‌မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ ၁၂‌ ယောက်ရှိသည့်အနက် ၈ယောက်မြောက်ကလေးဖြစ်သည်။  ယနေ့ကရင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် ဘားအံမြို့၏မြောက်ဘက် ၇၀ကီလိုမီတာအကွာတွင် တည်ရှိသော ထိုကျေးရွာသည် မြိုင်ကြီးငူနှင့်မဝေးလှပါ။ မြိုင်ကြီးငူမှာ နောက်ပိုင်းတွင် ဘုန်းကြီး၏ လှုပ်ရှားမှုများအတွက် အချက်အချာ‌ဒေသဖြစ်လာသည်။ သူ၏အမည်မှာ သန်းစိန် ဖြစ်သည်။  သူသည်အလယ်တန်းအထိပညာသင်ကြားခဲ့ရပြီး အသက် ၈နှစ်အရွယ်တွင် အနီးရှိဘုန်းကြီးကျောင်းတွင် ကိုရင်တစ်ပါးဖြစ်လာသည်။  အလယ်တန်း‌ကျောင်းပြီးဆုံးချိန်တွင် မော်လမြိုင်မြို့၊ သထံမြို့၊ မုဒုံမြို့များရှိ ဘုန်း‌တော်ကြီးသင်စာသင်ကျောင်းတွင် ဆက်လက်ပညာ‌သင်ယူခဲ့သည်။  ထိုအချိန်တွင် သူ၏ ပါဠိအမည်ဖြစ်သော ဦးသုဇန (meaning virtuous and upright) ဟုမှည့်တွင်ခဲ့သည်။ ထို့နောက် အနိမ့်ဆုံး စာ‌မေးပွဲကို အောင်မြင်ခဲ့သည်။  အသက် ၁၇နှစ်အရွယ်တွင် သူ၏ ဖခင်နှင့် ညီငယ်တို့မှ ‌နေထိုင်မကောင်းသောကြောင့် ကျောင်းထိုင်ဆရာတော်၏အကြံပေးချက်နှင့် ဘုန်းကြီးကျောင်းမှ လူထွက်လာခဲ့ပြီး သန်းစိန်အဖြစ်နေထိုင်ခဲ့သည်။ ‌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) အတွက် ဆက်သားတစ်ယောက်အဖြစ် စစ်မှုထမ်းခြင်းမတိုင်မီအထိ သူသည် သူ့မိသားစုပိုင်ဆိုင်‌သော လယ်ယာမြေတွင် အလုပ်လုပ်ခဲ့သည်။ သူ၏အတ္ထုပ္ပတ္တိအရ ကရင်ပြည်နယ်အတွင်းခရီးသွားလာစဉ် ဗုဒ္ဓဘာသာဝင်များ၏ ဘာသာရေးအဆောက်အအုံများစွာ ပျက်စီးယိုယွင်း‌နေသည်ကို မြင်တွေ့ခဲ့ရပြီး ထိုအရာများကို ပြန်လည်တည်ဆောက်ရန် စိတ်ကူးရရှိခဲ့သည်။

ဦးသုဇနသည် သူ၏စစ်မှုထမ်းခြင်းအပြီး သူ့မိသားစု၏ကျန်းမာရေးနှင့်စီးပွားရေးပြဿနာများအပြီး ၁၉၆၈ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ၎င်း‌၏အသက် ၂၀ အရွယ်တွင် ဘုန်းကြီးအဖြစ်ပြန်လည် နေထိုင်ခဲ့သည်။ ထို့နောက်သူသည် မုဒုံတွင်ဘာသာရေးဆိုင်ရာ ပညာများကိုဆက်လက်ဆည်းပူးခဲ့သည်။ သို့သော်မကြာမီ ဗုဒ္ဓ၏သင်ကြားမှု အယူဝါဒ (ပရိယတ်တိ)ကို ဆည်းပူးနေမည့်အစား လက်တွေ့လိုက်နာ ကျင့်ကြံမှုဖြစ်‌သော ပဋိပတ်တိကိုအာရုံစိုက်သည့် ဝိပဿနာတရားကျင့်ကြံအားထုတ်ခဲ့သည်။  ဝိပဿနာ တရားကျင့်ကြံအားထုတ်ပြီး အချိန်တစ်ခုအကြာတွင် သူ၏ကျောင်းထိုင်ဆရာတော်နှင့် တိုင်ပင် ဆွေးနွေးပြီး တောထွက်ရန် ဆုံးဖြတ်ခဲ့သည်။  အသက် ၂၄နှစ်အရွယ်တွင် သူသည် မြိုင်ကြီးငူတောင် အနီးရှိ သူ၏‌မွေးရပ်ဒေသတွင် တရားအားထုတ်ရန် ထွက်ခွာခဲ့သည်။  သူသည် အတွေ့အကြုံရှိသော တရားအားထုတ်ကျင့်ကြံသူရသေ့တစ်ပါးနှင့် တွေ့ဆုံခဲ့ပြီးထိုရသေ့ထံမှသင်ယူခဲ့သည်။ ထိုသင်ယူမှုမှ တဏှာရာဂ၏ သွေးဆောင်မှုများကို တွန်းလှန်နိုင်ခဲ့သည့်အပြင် စပါးကြီးမြွေနှင့် ကြုံတွေ့ရချိန် လွတ်မြောက်ခဲ့ပြီး ယခင်က ရိုးရာဆေးနည်းများဖြင့် မကုသနိုင်ခဲ့သော အဆစ်ရောင်ရောဂါလည်း ပျောက်ကင်းခဲ့သည်။

မည်သို့ပင်ဆိုစေ သူသည် အခြား‌‌ကျန်းမာရေးပြဿနာများကိုလည်း ကြုံတွေ့နေရသည်။

ထိုအတွေ့အကြုံများရရှိပြီး‌နောက် သူ၏အတ္ထုပ္ပတ္တိတွင် ဗုဒ္ဓ၏ဉာဏ်အလင်းနှင့်ဆိုင်‌သော ဇတ်လမ်းများကို နမူနာအဖြစ်ထားရှိပြီး ဗုဒ္ဓ၏လမ်းကြောင်းအတိုင်းလိုက်ရန် နောက်တစ်ဆင့်သို့ တက်လှမ်းခဲ့သည်။  တပည့်တပန်းများစွာ၏ အကူအညီဖြင့် မြိုင်ကြီးငူရှိ ပျက်စီးနေသော‌စေတီကို မပြုပြင်ခင်အချိန်အထိ သူသည်ကရင်ပြည်နယ် တစ်လျောက်လှည့်လည်သွားလာခဲ့သည် ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလတွင် အုတ်မြစ်တည်ခဲ့ပြီး နောက်နှစ်ဝက်အကြာ မြန်မာ့နှစ်သစ်ကာလဖြစ်‌သော သင်္ကြန်အချိန်အခါတွင် ထီးတော်တင်ခဲ့သည်။ အခမ်းအနားသို့ လူပေါင်း ၂၀၀၀၀ တက်ရောက်ခဲ့သည်ဟု သတင်းများအရသိရသည်။ ထိုအချိန်မှစ၍ ဦးသုဇနသည် မြိုင်ကြီးငူဆရာတော် (ကျောင်းထိုင်ဆရာတော်) အဖြစ်လူသိများလာခဲ့ပြီး ချက်ခြင်းမဟုတ်သော်ငြားလည်း စေတီပုထိုးများ တည်ထောင်သူအဖြစ် သူ၏လုပ်ငန်းစတင်ခဲ့သည်။

မြိုင်ကြီးငူစေတီ (Photo G. Baumgard, 2004)

သူသည် ၁၉၈၂ခုနှစ် မှ ၁၉၈၄ ခုနှစ်အတွင်း စေတီပုထိုး ၁၂ခုကိုတည်ဆောက်ခဲ့ပြီး ၁၉၉၀ပြည့်နှစ်တွင် စေတီပုထိုး ၅၃ခုနှင့် သိမ် ၂၈ဆောင် အထိတည်ဆောက်နိုင်ခဲ့သည်ဟု အတ္ထုပ္ပတ္တိတွင် ‌ဖော်ပြထား ပါသည်။ ထိုအထဲမှ ‌တစ်ခုသည် ပြဿနာရှိပါသည်။ အဘယ်‌‌‌‌‌‌‌ကြောင့်ဆိုသော် ထိုစေတီသည် သံလွင်မြစ်နှင့် ‌သောင်ရင်းမြစ်တို့၏မြစ်ဆုံနေရာတွင်ရှိ‌သော KNUဌာနချုပ်ဖြစ်သော မာနယ်ပလောရွာနှင့် ၄၀ကီလိုမီတာခန့်အကွာ အ‌ရေးပါသည့်နေရာတွင် တည်ရှိ‌သောကြောင့်ဖြစ်သည်။  KNU ခေါင်းဆောင်များမှ စိုးရိမ်သည်မှာ ထိုဆောက်လုပ်ခြင်းသည် ဌာနချုပ်၏ လုံခြုံရေးကို ဆိုးကျိုးသက်ရောက်စေနိုင်‌သောကြောင့်ဖြစ်သည်။  ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ အငြင်းပွားမှုများသည် နောက်ဆုံးတွင် ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာအစည်းအရုံး (DKBA) ကိုဗုဒ္ဓဘာသာစစ်သားများစွာရောက်ရှိလာ‌စေရန် အထောက်အကူပြုခဲ့သည်။ အစည်းအရုံးကို အရပ်ဘက်အာဏာပိုင်အဖြစ် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့၏အောက်တွင် ဖွဲ့စည်းခဲ့သောကြောင့် နောက်ပိုင်းတွင် တူညီသည့်အတိုကောက်စာလုံးပါသည့် အစည်းအရုံးဟု‌သော စာလုံးကို စစ်တပ်ဟူသော စာလုံးဖြင့် အစားထိုးခဲ့ပြီး ၎င်း၏လုပ်ဆောင်မှုများကိုလည်းလုပ်ဆောင်ခဲ့ပါသည်။  KNLA၏ အုပ်ချုပ်မှုအောက်တွင်ရှိကြသည့် စစ်သားများသည် တစ်ချိန်က ဦးသုဇနှင့်အတူ အချိန်တစ်ခုကြာအောင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏စစ်တပ်တွင် စစ်မှုထမ်းဆောင်ခဲ့ကြသည်။ ၁၉၄၉ ခုနှစ်တွင် ဗမာစစ်တပ်ကိုစတင်တိုက်ခိုက်ခဲ့သည့် KNLA၏ အတွင်းရေးပြိုကွဲမှုသည် ၁၉၉၄ နှောင်းပိုင်းတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ လေ့လာသူအများစုက နှစ်ပေါင်းများစွာကြာမြင့်ခဲ့သည့် စစ်တပ်၏ ဗုဒ္ဓဘာသာဝင်များ၏ရာထူအဆင့်အတန်းနှင့် ခရစ်ယာန်ခေါင်းဆောင်များအကြား မကျေနပ်မှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု သဘောတူကြသည် ဘုရားဆောက်လုပ်ရေးကိစ္စနှင့် ပတ်သက်၍ KNU ခေါင်းဆောင် ဘိုမြနှင့် ဦးသုဇနတို့အကြားပုဂ္ဂိုလ်ရေးဆွေးနွေးမှုများသည် အဆင်မပြေခဲ့ပါ။

၁၉၉၂ ခုနှစ်ခန့်က မာနယ်ပ‌လောရှိ KNU ဌာနချုပ်များ (Phto: Richard Humphries)

၁၉၉၅ ခုနှစ်အစောပိုင်းတွင် ဦးသုဇနသည် အဖွဲ့အစည်းအသစ်၏ ဆရာတော်ခြောက်ပါးအနက် တစ်ပါးအနေဖြင့် အထင်ရှားဆုံး နာယကဆရာတော်ဖြစ်လာခဲ့သည်။ ထိုအချိန်မှစတင်ကာ သူသည်အငြင်းပွားဖွယ်ရာအဖြစ် သတ်မှတ်ခံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကရင်ဗုဒ္ဓဘာသာစစ်တပ်ကို ဦးဆောင်နေပြီး စစ်တပ်၏ အကာအကွယ်ကိုလည်းရနေသည် ဟုမှတ်ယူကြ‌သောကြောင့်ဖြစ်သည်။  သူ၏တပည့်များက သူသည်ဗုဒ္ဓဘာသာကိုမြှင့်တင်ရန် အဓိကရည်ရွယ်သည်ဟုဆိုကြသည်။ သူ့အားဝေဖန်သူများကမူ KNU နှင့် KNLA ကိုတိုက်ခိုက်ရာတွင် အာဏာသိမ်းစစ်တပ်၏ စစ်တုရင်နယ်ရုပ်တစ်ခုအဖြစ် သုံးသပ်ကြသည်။

မြိုင်ကြီးငူ၊ ၂၀၀၄ ခုနှစ်အခြေခံပညာအထက်တန်းကျောင်းတွင် အုတ်မြစ်ချအခမ်းအနားကျင်းပခြင်း (ဓာတ်ပုံ – G. Baumgard)

၁၉၉၅ နောက်ပိုင်းတွင် ဦးသုဇနအကြောင်းရေးသားထားသော အတ္ထုပ္ပတ္တိဆိုင်ရာအချက်အလက် သိပ်မများလှပါ။ သူ့ကို DKBA၏ “ဥက္ကဌ” သို့မဟုတ် “ခေါင်းဆောင်” ဟုယေဘူယျအားဖြင့် ခေါ်ဆိုကြသည်။ ဘုန်းကြီးသည် မြိုင်ကြီးငူတွင် စုရုံးနေသောလူထုကို ကြီးကြပ်ရန်သာ အာရုံစိုက်ခဲ့ဖွယ်ရှိသည်။  ထိုလူထုအများစုမှာ KNU၊ မြန်မာစစ်တပ်နှင့် DKBA တို့အကြားရှိတိုက်ပွဲများမှ ရှောင်ရှားရန်မိမိတို့နေအိမ်များကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြသူများဖြစ်သည်။ ထို့အပြင် ဘုန်းကြီးက ထိုင်းနိုင်ငံတွင်နေထိုင်သော ဒုက္ခသည်များကိုပြန်လာရန်ဖိတ်ကြားခဲ့သည်။ “နယ်မြေ”အား ကျောင်းထိုင်ဆရာတော်မှ ရှင်းလင်းပြဌာန်းထားသည့် ဗုဒ္ဓဘာသာအခြေခံမူများအပေါ် အခြေခံ၍ ငြိမ်းချမ်း‌‌သော။ တရားမျှတသော တင်းကြပ်သည့်စည်းမျဉ်းကိုထုတ်ပြန်ကြေငြာခဲ့သည်။ ဘာသာရေးနှင့် နိုင်ငံရေးမတူကွဲပြားမှုများကတော့ ဖယ်ထုတ်ခံလိုက်ရသည်။

ဘုန်းကြီးသည် ထိုသို့သောလုပ်ရပ်များအပြင် အခြားဘုန်းကြီးများကဲ့သို့ ဗုဒ္ဓဘာသာကျမ်းချက်များကို အခြေခံ၍ တရားဟောခဲ့သည်။ အများပြည်သူကိုလည်းအခမဲ့ဖြန့်ဝေခဲ့သည်။ တရားဒေသနာတော် တစ်ခုတွင် ကောင်းမွန်သော၊ ကောင်းမြတ်သော ဘဝအတွက်လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် မကြာခဏရွတ်ဆိုသော မင်္ဂလသုတ် အားအင်္ဂလိပ်ဘာသာသို့ပင်ပြန်ဆိုခဲ့သည်။ ၎င်းသည် အမေးအဖြေ ပုံစံဖြင့် ရေးသားထားပြီး စာသားများ၏ရှေးရိုးစွဲအနက်အဓိပ္ပါယ်များပါဝင်ပါသည်။

ဂျာမနီNGOတစ်ခုဖြစ်သော“People In Need, Gerhard Baumgard Stiftung”မှ ထောက်ပံ့သော ဘုန်းကြီး၏အုပ်ချုပ်မှု‌အောက်တွင်အခြေချခဲ့သူများအကြောင်းအစီရင်ခံစာအရ ၂၀၀၄ ခုနှစ်တွင် မြိုင်ကြီးငူဒေသတွင် လူပေါင်း ၂၀၀၀၀ (မိသားစု ၄၀၀၀) ခန့်နေထိုင်ကြသည်။ အစီရင်ခံစာက စစ်အစိုးရမှ ‌နယ်မြေနေရာချမှုကို DKBA ၏ဌာနချုပ်အဖြစ်မှတ်ယူမှု နှင့် တစ်ပြိုင်နက်ထဲဖြစ်နေသည့် ဆက်နွယ်မှုကို ဖော်ပြ‌နေသည်။ အစိုးရအခြေခံပညာအထက်တန်းကျောင်း (BEHS) ကို ၁၉၉၆ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး ကျောင်းသား ၁၅၀၀ မှ ၁၇၀၀ အထိတက်ရောက်ခဲ့သည်။ မူလတန်းကျောင်းသားအများစုသည် ကျေးရွာရှိ ကျောင်းမျးစုတွင်တတ်ရောက်နိုင်ကြသော်လည်း အလယ်တန်းနှင့်အထက်တန်းကျောင်းသားများသည် ကျောင်းတတ်ရန် ကျောင်းသို့ နာရီပေါင်းများစွာ သွားခဲ့ရသည်။ ထို့ကြောင့် ကျောင်းအိပ်ကျောင်းစားစာသင်ကျောင်းများ လိုအပ်သောကြောင့် NGO၏ ငွေကြေးအကူအညီဖြင့် တည်ဆောက်နိုင်ခဲ့သည်။ ထိုကျောင်းသည်ဗုဒ္ဓဘာသာဝင်ကရင်များ၏ ပံ့ပိုးမှုနှင့် ဘုန်းကြီး၏ကြီးကြပ်မှုအောက်တွင် မြန်မာစစ်တပ်၏ ဦးဆောင်မှုဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရန် စီမံကိန်းများစွာအနက်မှတစ်ခုသာဖြစ်သည်။ အဆိုပါ “မြို့”တွင် ဓာတ်အားပေးစက်ရုံနှင့် ဆေးရုံလည်းရှိပါသည်။

ဂျာမန်NGOမှ တင်ပြသောအစီရင်ခံစာအရ ၂၀၀၃ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်ကာလအတွင်း အာဏာရစစ်အစိုးရ၏ဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဦးခင်ညွန့်၏ အထူးနာယက ဖြစ်ရခြင်းကိုဘုန်းကြီးက ကျေနပ်နှစ်သက်ခဲ့သည်။ ယခင်စစ်အစိုးရ၏ခေါင်းဆောင်ဟောင်းသည် ထိုနေရာကိုမကြာခဏလာရောက်ပြီး ဦးသုဇနအား ဖူးမျှော်ခြင်းဖြင့် လေးစားမှုကိုဖော်ပြခဲ့သည်။  သူသည် 2018 ခုနှစ်တွင် ဘုန်းကြီး၏ စျပနအခမ်းအနားသို့လည်း တက်ရောက်ခဲ့သည်။ ဦးသုဇန၏ တပည့်များအား အထူးစာရွက်စာတမ်းများ ထုတ်ပေးခဲ့ပြီး ၎င်းတို့အားပေါ်တာများအဖြစ် အတင်းအဓမ္မစေခိုင်းခံရခြင်းမရှိပဲ မြန်မာစစ်တပ်ထိန်းချုပ်သောဒေသများသို့ပြောင်းရွှေ့ခွင့်ပေးခဲ့သည်။ အခြားတစ်ဖက်တွင်မူ စစ်အစိုးရကပေးအပ်သော ဘာသာရေးဆောင်ရွက်မှုများအတွက် ဆုတံဆိပ်များကို ဘုန်းကြီးကလက်ခံရန်ငြင်းဆန်ခဲ့သည်

ဦးသုဇန၏ ဈာပနအခမ်းအနားရှိ ခင်ညွန့် (ဓါတ်ပုံများ Mikael Gravers )
ဦးသုဇန၏ ဈာပနအခမ်းအနားရှိ ခင်ညွန့် (ဓါတ်ပုံများ Mikael Gravers )

၁၉၉၅ ခုနှစ်မှ စ၍ DKBAသည် ဦးသုဇန၏အမိန့်အရ သို့မဟုတ်သဘောတူညီချက်ဖြင့် ခရစ်ယာန်နှင့် မွတ်စလင်အခြေချနေထိုင်သူများကို တိုက်ခိုက်ခဲ့ပြီး အခြားဘာသာရေးအသိုင်းအဝိုင်းများ၏ ခြံဝင်းများတွင်စေတီပုထိုးများကိုဆောက်လုပ်ခဲ့သည်။

အစိုးရ၏အထောက်အပံ့များက အခြေချမှုအားစီးပွားရေးလုပ်ငန်းများစွာလုပ်ဆောင်ရန်ကူညီခဲ့သည်။ ဘားအံမြို့မှရန်ကုန်သို့ ကုန်ပစ္စည်းများနှင့်လူများကို သယ်ယူပို့ဆောင်ရန် လိုင်စင်ရရှိခဲ့သည်။ အထူးဆောက်လုပ်ထားသောလမ်းသည် အထူးနယ်မြေကို ထိုင်းနိုင်ငံနှင့်ဆက်သွယ်ထားသည်။ ကျွန်း၊ ကျောက်မျက်နှင့်အခြားကုန်စည်များကို တင်ပို့နိုင်သည့်အပြင် အခြားကုန်ပစ္စည်းများကိုလည်း အကောက်ခွန်ကင်းလွတ်တင်သွင်းနိုင်သည်။ ထို့အပြင် DKBAသည် KNU ကဲ့သို့ပင် ၎င်းတို့ထိန်းချုပ်ရာဒေသများ၏ နယ်နိမိတ်များတွင် အကောက်ခွန်ကောက်ခံခြင်းနှင့် လမ်းခ ကောက်ခံခြင်းများကိုပြုလုပ်ခဲ့သည်။

၂၀၁၀ခုနှစ်တွင် နိုင်ငံရေးအခြေအနေသည် နောက်တဖန်ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံရှိ လက်နက်ကိုင်သူပုန်အုပ်စုများကို ပြည်နယ်၏စစ်တပ်ထိန်းချုပ်မှုအောက်သို့ရောက်ရှိစေရန်အတွက် အစိုးရကနယ်ခြားစောင့်တပ် (BGFs) များဖြစ်လာရန်တောင်းဆိုခဲ့သည်။ ထို့ကြောင့် လက်နက်ကိုင်အုပ်စုများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းထားနိုင် သော်လည်း အစိုးရ၏လုံခြုံရေးတပ်ဖွဲ့များတွင်တရားဝင်ပါဝင်နေသည်။ မြိုင်ကြီးငူဒေသကို ထိန်းချုပ်ထားသည့် DKBA တပ်ဖွဲ့အများစုက ကမ်းလှမ်းမှုကိုလက်ခံခဲ့ကြသော်လည်း အချို့ကမူ လက်မခံခဲ့ပါ။ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်ဟုခေါ်သည့် စစ်တပ်သစ်မှတပ်မှူးတစ်စုသည် အုပ်စုနှစ်ခုအကြားခြားနားချက်ကို အကျဉ်းချုပ်ဖော်ပြခဲ့သည်။ “အကယ်၍မင်းကမင်းရဲ့ ဘာသာရေးဘက်မှာရပ်တည်မယ်ဆိုရင် နယ်ခြားစောင့်တပ် BGF ထဲကိုဝင်ပါ၊ KNLA လိုမျိုး မင်းတို့ရဲ့လူမျိုးအတွက် ရပ်တည်မယ်ဆိုရင်ငါတို့နဲ့အတူပူးပေါင်းပါ” အဆိုပါပြိုကွဲမှုများသည် မတူညီသည့်အုပ်စုများအကြား တိုက်ပွဲအသစ်များဖြစ်ပေါ်စေခဲ့ပြီး ဦးသုဇနထောက်ပံ့သော မြိုင်ကြီးငူအနီးရှိပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များအတွက် စခန်းအသစ်များပေါ်ပေါက်လာခဲ့သည်။

နှစ်အတော်ကြာအောင် ဦးသုဇနသည်လူထု၏ အာရုံကိုဆွဲဆောင်နိုင်ခြင်းမရှိခဲ့ပါ။ သို့သော် ၂၀၁၅ ခုနှစ်မှစ၍ ခရစ်ယာန်ဘာသာနှင့် မူဆလင်ဘာသာဝင်များ၏ ခြံဝန်းများထဲတွင် ဘုရားပုထိုးများ တည်ဆောက်ခြင်းသည် ခေါင်းစီးပိုင်းတွင်နေရာယူခဲ့သည်။ ဆောက်လုပ်ရေးကိုရပ်တန့်ရန် မတူညီသော အဖွဲ့အစည်းများ ဝင်ရောက်ဟန့်တားခြင်းများလည်း ကျရှုံးခဲ့သည်။ အဘယ်‌‌‌‌‌‌‌ကြောင့်ဆိုသော် ဦးသုဇနမှ စေတီပုထိုးများကို ယခင်ဗုဒ္ဓဘာသာဘာသာရေး အဆောက်အအုံများ တည်ရှိခဲ့‌သော နေရာများတွင် ပြန်လည်ဆောက်လုပ်ခြင်းဖြစ်ပြီး ရှေးဟောင်းဗုဒ္ဓဘာသာအမွေအနှစ်များကို ကာကွယ်ရန် လိုအပ်သည်ဟုဆိုသောကြောင့်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ဦးသုဇန၏အသံကို မကြာခဏကြားရလေ့ရှိသည်။ သူသည် အဆုတ်ပြဿနာနှင့် အသက်ရှူကျပ်သည့် ‌‌‌ဝေဒနာကို အချိန်အတော်ကြာအောင်ခံစားခဲ့ရသည်။ ခရီးသွားလာသည့်အခါ အောက်ဆီဂျင်ဘူးကို သယ်၍သွားလာရသည်။  သူသည် ၂၀၁၈ ခုနှစ်အောက်တိုဘာ ၁၃ ရက်နေ့တွင်ဘန်ကောက်ဆေးရုံကြီးတွင် ၁၀ လကြာ‌အောင်ဆေးကုသခဲ့ရသည်။ သူ၏ဘုန်းကြီးဘဝအစတွင် သူ၏လှုပ်ရှားမှုများကို ထောက်ခံအားပေးခဲ့သည့် တပည့်များစွာ ထိုင်းနိုင်ငံတွင်ရှိပါသည်။

ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ

စေတီပုထိုးများတည်ဆောက်ရန် ဦးသုဇန၏စိတ်အားထက်သန်မှုသည် KNLA၏ ပြိုကွဲမှု နှင့် KNU အုပ်ချုပ်ရေးဌာနချုပ်ဖြစ်သော မာနယ်ပလောနှင့် ၎င်း၏ တိုင်းရင်းသား‌ပေါင်းစုံပါဝင်သော မဟာမိတ်များ၏ကျဆုံးခြင်းကို အထောက်အကူဖြစ်နေခဲ့သည်မှာ မလွဲမသွေပင်ဖြစ်သည်။ ထိုမဟာမိတ်များသည် ၁၉၈၈ခုနှစ် စက်တင်ဘာလတွင် အာဏာသိမ်းယူခဲ့သော စစ်အစိုးရကို ချေမှုန်းရန်ဆုံးဖြတ်ခဲ့ကြသူများဖြစ်သည်။ သို့သော် ထိုသို့ဖြစ်ခြင်းသည် တစ်ခုတည်းသော အကြောင်းပြချက် မဟုတ်ကြောင်းရှင်းရှင်းလင်းလင်းသိမြင်နိုင်သည်။ ဘုန်းကြီးက ရည်ရွယ်ချက်ရှိရှိဖြင့် ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် ဖွဲ့စည်းရန်ထောက်ခံခဲ့ခြင်း ဟုတ်မဟုတ်ဟူသော မေးခွန်းမှာလည်း အငြင်းပွားဖွယ်ရာကိစ္စတစ်ခုဖြစ်သည်။ သို့သော် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအပေါ် အာရုံမစိုက်မီ အာဏာသိမ်းစစ်အစိုးရ၏ ပထမဦးဆုံး ရည်မှန်းချက်တစ်ခုဖြစ်သည့် နိုင်ငံအတွင်း ဥပဒေစိုးမိုးရေးနှင့် အာဏာတည်မြဲ‌ရေးတွင် မြန်မာစစ်တပ်များနှင့် ၎င်း‌တို့၏မဟာမိတ်အသစ်ဖြစ်သော DKBA တို့၏ အောင်ပွဲသည် မှတ်ကျောက်တစ်ခုဖြစ်ကြောင်းကို ၁၉၉၇ခုနှစ်နှောင်းပိုင်းတွင် SLORC အဖြစ်မှ SPDCအဖြစ်သို့ နာမည်ပြောင်းလဲသွားရခြင်းဖြင့် ညွှန်ပြနေပါသည်။  ၁၉၉၀ခုနှစ် ဒီဇင်ဘာလတွင် မာနယ်ပလော၌ တည်ထောင်ခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)ဖြစ်သော „အခြားအစိုးရ“ ကိုတောင်းဆိုခဲ့သည့် အတိုက်အခံပါတီကို အနိုင်ရပြီး လအနည်းငယ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထိုညွှန့်‌‌ပေါင်းအစိုးရကို သူမ၏ အကိုဝမ်းကွဲဖြစ်သူ စိန်ဝင်းမှ ဦး‌ဆောင်ခဲ့ပြီး “ပြည်ပရောက်အစိုးရ” ဖြစ်ကာ ယနေ့အချိန်တွင် မြန်မာနိုင်ငံတွင်မရှိတော့ပဲ အမေရိကားနိုင်ငံတွင်သာ နေထိုင်ရသည်။

ဦးသုဇန၏အတ္ထုပ္ပတ္တိသည် ၎င်း‌အားနိုင်ငံရေးမှခပ်ခွာခွာ‌နေရန် ဆုံးဖြတ်ချက်ကို ဖိအားများစေခဲ့သည်။ မည်သို့ပင်ဆိုစေ သူ့ကို ကရင်“အမျိုးသား‌ရေးလှုပ်ရှားတတ်ကြွသူ” အဖြစ် နိုင်ငံရေးနှင့် စစ်ခေါင်းဆောင်ဘိုမြကဲ့သို့ပင် ကရင်လူမျိုးတို့အတွက် ငြိမ်းချမ်းရေးကိုလိုလားခဲ့သူဟု ဖော်ပြခံခဲ့ရသည်။ သို့သော်သူတို့၏နည်းလမ်းများမှာ မတူညီသောကြောင့်သူတို့နှစ်ဦးကြားပြိုင်ဆိုင်မှုကိုဖြစ်ပေါ်စေသည်။  အတ္ထုပ္ပတ္တိမှ ဦးသုဇန၏အ‌ကြောင်းကို အောက်ပါအတိုင်းရှင်းပြထားပါသည်။

သူသည် လွပ်လပ်သူဖြစ်ပြီး နိုင်ငံရေးနှင့်လည်း ‌‌ဝေးဝေးနေသူဖြစ်သည်။  ဆရာတော်ဘဝတွင် အဓိကမှာ ဗုဒ္ဓသာသနာကို ပြန့်ပွားစေရန်ဖြစ်သည်။ အမှန်တစ်ကယ်မှာတော့ ဆရာတော်သည် အမျိုးသားရေးဝါဒများနှင့် ပြည့်နှက်နေသည်။ သူ၏အမျိုးသားရေးဝါဒသည် သူတို့ပြောသကဲ့သို့ မဟုတ်ပေ။  သူ၏အမျိုးသားရေးဝါဒသည် ကရင်လူမျိုးသည် တစ်ချိန်ကယဉ်ကျေးမှုမြင့်မားသော လူမျိုးဖြစ်သည်။ ၎င်းတို့သည် ပြည်နယ်အနှံ့အပြားတွင် ‌ဘုရားစေတီပုထိုးပေါင်းများစွာကို ဆောက်လုပ် ပူဇော်ခဲ့ကြသည်။  ထိုဘာသာရေးအဆောက်အအုံများသည် ယခုအခါ တောထဲတွင်ပျက်စီးကုန်ကြသည်။ ဆရာတော်သည် အတိတ်ကာလက တောက်ပနေခဲ့ပြီး ငြိမ်းအေးသွားခဲ့သောအလင်းကို ပြန်လည်ထွန်းလင်းစေခဲ့သည်။ လက်ရှိအချိန်တွင် ထွန်းလင်း‌နေသည့် အလင်းရောင်သည် အနာဂတ်ကာလတွင် ကရင်ပြည်နယ်အနှံ့အပြားသို့ ထွန်းလင်းလာမည့် အလင်းရောင် ဖြစ်ပါသည်။ ၎င်းတို့သည် မြိုင်ကြီးငူ၏  အမျိုးသားရေးဝါဒ ဖြစ်သည်။

၎င်းသည် ဘာသာရေးဆိုင်ရာယဉ်ကျေးမှုတစ်ခု ပြန်လည်ရှင်သန်မှု၏ အစီအစဉ်တစ်ခုဖြစ်ပြီး အတိတ်ကာလ၏ဘုန်းကျက်သရေကို အချိန်များကုန်လွန်သွားသည်နှင့်အမျှ သဘာဝအတိုင်းနှင့် ယဉ်ကျေးမှုများအရပြန်လည်ရရှိ‌စေရန် ရည်ရွယ်ထားသည်။  ဤကျဆုံးမှုဖြစ်စဉ်၏အကျိုးဆက်တစ်ခုမှာ သံဃာတော်များမှ ဗမာဘာသာမှကောက်နှုတ်ထားသောအက္ခရာများကို တိုင်းရင်းသားဘာသာအဖြစ် ပြန်လည်ဆန်းသစ်တီထွင်ထား‌သော ကရင်စာအရေးအသားဆုံးရှုံးမှုပင်ဖြစ်သည်။ ထိုစာ‌ပေကို ခရစ်ယာန်သာသနာပြုများက ကရင်များ စာတတ်မြောက်ရေးအတွက်အသုံးပြုခဲ့ကြပါသည်။  ဤအသေးစိတ်အချက်အလက်များသည် ခရစ်ယာန်ဘာသာဝင် KNU ခေါင်းဆောင်ဘိုမြနှင့် သံဃာတော်တို့အကြား ဘာသာရေးဆိုင်ရာယဥ်‌ကျေးမှု အငြင်းပွားမှု၏ အဓိကအချက်ဖြစ်သည်။ ထိုအရာသည် အတ္ထုပ္ပတ္တိ၏ဒုတိယပိုင်းတွင်များစွာနေရာယူပြီး စစ်တပ်အသစ်တွင် နေရာယူထားသည့် နောက်လိုက်များထံမှ စာရွက်စာတမ်းများအရ အတ္ထုပ္ပတ္တိရေးသားသူ၏အမြင်ကိုလည်း အ‌ထောက်အကူပြုနေပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးနယ်ပယ်အားလုံးနီးပါးကို လွှမ်းမိုးနေသော အငြင်းပွားဖွယ်ရာများကြောင့်  DKBA (အသင်းအဖွဲ့တစ်ဖြစ်လဲစစ်တပ်)၏ နာယကအဖြစ်လည်း‌ကောင်း ဗုဒ္ဓဘာသာအား ပံ့ပိုးသူအဖြစ်လည်း‌ကောင်း ဉူးသုဇန၏ အခန်းကဏ္ဍသည် ခရစ်ယာန်ဆန့်ကျင်ရေးနှင့် မွတ်စလင်ဆန့်ကျင်ရေး ဟူ၍ အဓိပ္ပာယ်ကောက်ယူခဲ့သည်။ ထိုသို့သော ထင်မြင်ချက်ပေးခြင်းက သံဃာတော်များ၏ စိတ်နေသဘောထားများနှင့်တော့ ဆန့်ကျင်လျက်ရှိနေပါသည်။  DKBA၏ စစ်သားတစ်ချို့သည် ခရစ်ယာန်ဘာသာဝင်များဖြစ်ပြီး ရာထူးမြင့်သူများဖြစ်ကြသည်။  ကရင်ပြည်နယ်၏ မြို့တော်ဖြစ်သော ဘားအံမြို့ရှိ ခရစ်ယာန်ဘာသာဝင်များနှင့် ဂျာမနီနိုင်ငံအခြေစိုက်NGOနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ရာတွင် ကရင်နီစစ်စစ်ဖြစ်သော နှစ်ခြင်းခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးပါဝင်ခဲ့သည်။

မြိုင်ကြီးငူစေတီရှိ ဗုဒ္ဓဘာသာဝင်နှင့် ခရစ်ယာန်ဘာသာဝင်များ၊ နှစ်ခြင်းခရစ်ယာန်သင်းအုပ်ဆရာတစ်ဦး (ဓါတ်ပုံ G. Baumgard, 2004)

မြိုင်ကြီးငူကျေးရွာကို ဗုဒ္ဓဘာသာဝင်များအတွက် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနွယ်ဖွားများ ဖြစ်သည့်“ကုလား”များအပါအဝင် အခြားဘာသာဝင်များကိုမူကျေးရွာ၏ တံခါးပေါက်ဝတွင် ဥူးသုဇနသတ်မှတ်ထားသောဆိုင်းဘုတ်ရှိ စည်းမျဉ်းများနှင့် အညီနေထိုင်ရန်ခွင့်မပြုခဲ့ပါ။ “ မြိုင်ကြီးငူအထူးဒေသ” ဟုခေါ်ဆိုသော နေရာအနီးတွင် နေထိုင်သည့် ဗုဒ္ဓဘာသာမဟုတ်သူများအပေါ် ဉူးသုဇန၏လုပ်ရပ်များကို အနီးအနားရှိမွတ်စလင်အသိုင်းအဝိုင်းထံသို့ သူရေးသောစာတစ်စောင်တွင် တွေ့ရှိနိုင်သည်။ သံဃာတော်များမူ မွတ်စလင်များကိုအခြားနေရာတစ်နေရာသို့ ပြောင်းရွှေ့ရန် အမိန့်ပေးရခြင်းအကြောင်းရင်းများမှာ ၎င်းတို့အနေဖြင့် ငါးနှင့်အသားများစားခြင်း၊ နွားများကိုသတ်ခြင်း စသည်တို့အကြောင့်ဖြစ်သည်ဟု ရှင်းပြထားသည်။  မြိုင်ကြီးငူ‌ဒေသကို ဗုဒ္ဓဘာသာများအတွက် သီးသန့်ထားရန် အကြောင်းပြချက်တစ်ခုမှာ ဗုဒ္ဓဘာသာ၏ ကျင့်ဝတ်၅ခုအနက်မှ သူတပါး အသတ်မသတ်ဖြတ်ရဆိုသည့်အချက်ကို လိုက်နာရန်လိုအပ်ခြင်းဖြစ်သည်။ ဉူးသုဇန၏ ကြီးကြပ်မှု အောက်တွင်နေထိုင်သော လူအားလုံး သက်သက်လွတ်စားသုံးသူများ ဖြစ်ရမည်ဟု စည်းကမ်းချက်ရှိပါသည်။

ထိုဆုံးဖြတ်ချက်ကို ချပြီးသည့်နောက် “ဗလီခေါင်းဆောင်များနှင့်ရွာသားများထံသို့” စာတစ်စောင် ရေးသားခဲ့သည်။

သင်နှင့်ကျွန်ုပ်သည် ဘာသာရေးခေါင်းဆောင်များဖြစ်သည့်အလျောက် တစ်ယောက်ကိုတစ်ယောက် ရင်းနှီးကြပါသည်။  ကျွန်ုပ်တို့အနေဖြင့် အပြန်အလှန်နားလည်မှုနှင့်ခွင့်လွှတ်မှုရရှိထားသော်လည်း ကျွန်ုပ်တို့နှင့်သက်ဆိုင်သည့် လူငယ်များနှင့်တပည့်များသည် အချိန်တန်လျှင်တစ် ဦးနှင့်တစ်ဦး အချိန်မရွေးပဋိပက္ခဖြစ်လာနိုင်သည်။

ထို့ကြောင့် ယခုအသစ်တည်ဆောက်ထား‌‌သော “ညီညာ‌အေးချမ်း” ဟုအမည်ရသော ရွာအသစ်သို့ စောဒကတတ်ခြင်းမရှိဘဲပြောင်းရွှေ့ပေးကြပါ။

တခွက်ဖိုး ကျေးရွာအနီးသို့ ဗုဒ္ဓဘာသာဝင်များပြောင်းရွေ့လာပြီး နန်းဟိုင်မြိုင်ဟုခေါ်သော ရွာအသစ်တစ်ခုကို တည်ဆောက်ကြမည်ဖြစ်သည်။  ဒါဟာ နှစ်ဦးနှစ်ဖက်အကျိုးရှိ‌‌စေမည့် အရာဖြစ်ပါတယ်။

ရုတ်တရက် ပြောင်းရွေ့မှုအတွက် ထိုအချိန်အတောအတွင်း သင့်တို့အနေဖြင့် ကျွန်ုပ်ကို နာကြည်း ကောင်းနာကြည်းနိုင်ပါတယ်။  အချိန်ကြာလာတာနဲ့အမျှ သင်တို့ ကျွန်ုပ်ရဲ့ ‌စေတနာကို အသိအမှတ်ပြုလာကြမှာပါ။

လျော်‌‌ကြေးငွေအနေဖြင့် သင်တို့၏ ပြန်လည်နေရာချထားရေးအတွက် ကျပ်သိန်း ၂၀,၀၀၀,၀၀၀ ( ငွေကျပ် ၅၀၀,၀၀၀ ကိုဗလီတည်ဆောက်ရန်အတွက်သတ်မှတ်ထားပြီး ကျန်ငွေများမှာမူ ရွာသားများအတွက်ဖြစ်သည်) ကိုလှူဒါန်းပါမည်။

သင်၏ ရွာသူရွာသားများက လျော်ကြေးငွေနည်းလွန်းသည်ဟုဆိုကာ ကမ်းလှမ်းမှုကို ငြင်းဆန်လိုသည်ဟု ကျွန်ုပ်ကြားသိရသည်။  ဒါဆိုရင်တော့ လျော်ကြေးငွေကမ်းလှမ်းချက်ကို ကျွန်ုပ်ဝမ်းသာစွာပယ်ဖျက်ပေးပါ့မယ်။

ကျွန်ုပ်ဟာ ကျဉ်းမြောင်းတဲ့အတွေးအခေါ်ရှိသူတစ်‌ယောက်မဟုတ်ပါဘူး။ အကယ်၍ ကျွန်ုပ်သာ ကျဉ်းမြောင်းတဲ့ အတွေးအခေါ်ရှိသူတစ်‌ယောက်ဖြစ်ခဲ့လျှင် ကျွန်ုပ်ခင်းထားတဲ့ လမ်းမ ‌တွေအပေါ်မှာ ကုလားဖြတ်သန်းခွင့်မရှိဆိုသည့် ဆိုင်းဘုတ်ကပ်ထားမှာဖြစ်တယ်။ 

အားလုံးအပေါ်မှာ ကျွန်ုပ် ‌မေတ္တာထားပါတယ်။  ဒီဘဝမှာ ကျွန်ုပ်တို့ဟာ ကရင်၊ ဗမာ၊ ကုလားစသည့် ကွဲပြားခြားနားသောလူမျိုးများဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ဘဝသံသရာထဲမှာ ကျွန်ုပ်တို့အားလုံးဆွေမျိုး‌ တွေဖြစ်ပါတယ်။  အခုလို လုပ်ရတဲ့အတွက် မင်းတို့အားလုံး ကျွန်ုပ်ကို နားလည်ပေးပြီးခွင့်လွှတ် လိမ့်မယ်လို့လည်း ‌မျှော်လင့်ပါတယ်။

အားလုံးအပေါ် မေတ္တာဖြင့် ….

ထိုစာထဲတွင် ဉူးသုဇနသည်သူကိုယ်သူ “အထူးဒေသ” ၏အမြင့်ဆုံးအာဏာပိုင်အဖြစ် ရှုမြင်ကြောင်း ရှင်းလင်းစွာဖော်ပြထားသည်။ သူ၏အမြင်တွင် “တရားဓမ္မ၏ဘုန်းတန်ခိုး” အား ပြည်သူလူထုများ အတူယှဉ်တွဲနေထိုင်ရေးအခြေခံနိယာမနှင့် ထိန်းချုပ်ရန်လိုအပ်သည်ဟု ထင်မြင်နေခဲ့သည်။  ငြိမ်းချမ်းမှုကို ထိန်းသိမ်းရန် ရပ်ရွာလူထုများကို ခွဲခြားထားရန်လိုအပ်သည်ဟုယူဆကာ ဗုဒ္ဓဘာသာဝင်များ၏ ကျင့်ဝတ်များထဲမှတစ်ခုဖြစ်သော ရက်ရောမှု (ဓန)ကို ကျင့်သုံးကာ ဆရာတော်က ရွေ့ပြောင်းပေးသူများအား ငွေအနည်းငယ်ပေးခဲ့သည်။

ဤ “ဓမ္မကရေစီ” ကြီးစိုးသောဝါဒတွင် ဓမ္မသည် အခြား‌‌ဥပဒေများအားလုံး၏ အထက်တွင်ရှိပြီး အထူးသဖြင့် ရပ်ရွာလူထုတစ်ခုတွင် သြဇာအကြီးဆုံးဖြစ်သော သံဃာတော်ဖြစ်သူ၏ ကြီးကြပ်မှုအောက်ရှိ သာလွန်သော အုပ်ချုပ်မှုစနစ်ကို ဦးထိပ်ထားလိုက်နာကြသည်။ အစ္စလာမ်ဘာသာဝင်ရပ်ရွာများ ၏ဘာသာရေးခေါင်းဆောင်များကမူ ဤအရာကို နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် အခြေအနေအဖြစ် နားလည်လက်ခံခဲ့ကြသည်။ ကံ၏ အကြောင်းတရားအရ မတူညီသော လူမျိုးစုများနှင့် မတူညီသောဘာသာဝင်ဖြစ်သူများ၏ ဆက်စပ်မှုများကို ချက်ချင်းပြောင်းလဲ၍ မရပါ။ တစ်ဖန်ပြန်လည်မွေးဖွားခြင်းသံသရာကို ထည့်သွင်းစဉ်းစားမှသာ လူအားလုံးသည် ဆွေမျိုးများ ဖြစ်နိုင်ပါသည်။ လောလောဆယ်တွင် အဆင့်ဆင့်တည်ရှိပြီး ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့်ပညာရှိစွာကိုင်တွယ်ရမည်ဖြစ်သည်။

မြိုင်ကြီးငူ “အထူးဒေသ” တွင် ဉူးသုဇန၏အခန်းကဏ္ဍမှာ သူ့အနေဖြင့်  နာယကတဦး၏ အခွင့်အာဏာကို လေးစားခြင်းဖြင့် သူကသင့်လျော်သည်ဟုယူဆသော အရာကို အကောင်အထည်ဖော်ရန် မည်သည့်အုပ်ချုပ်ရေးအာဏာကိုမှ အသုံးမပြုပါ။ ဂျာမန် NGO နှင့် ဘုန်းကြီးကျောင်းတို့အကြား စာချုပ်ကို ဆရာတော်နှင့်နိုင်ငံခြားအဖွဲ့အစည်း၏ ဥက္ကဌတို့ အကြားတွင်သာ ချုပ်ဆိုခဲ့သော်လည်း ၎င်းကိုအထူးဒေသ၏အုပ်ချုပ်ရေးမှူးမှ လက်မှတ်ရေးထိုးခဲ့သည်ဟု ကြေငြာခဲ့သည်။  လေ့လာမိသလောက် သံဃာတော်တစ်ပါးသည် ငွေရေးကြေးရေးကိစ္စများတွင်တိုက်ရိုက်မပါဝင်ရဟူသော ရိုးရာဗုဒ္ဓဘာသာထုံးတမ်းစဉ်လာကို လိုက်နာရမည်ဖြစ်သည်။

ထိုရှု‌‌ထောင့်မှ စဉ်းစားလျှင် အခြားဘာသာရေးဆိုင်ရာ နယ်မြေများအတွင်း ဘုရားများ တည်ဆောက်ခြင်းသည် ဘုရားကျောင်းသို့မဟုတ်ဗလီတစ်ခုကို စေတီပုထိုးတစ်ခုဖြင့်အစားထိုးရန် အပြင် အခြားလူမျိုးစု အသိုင်းအဝိုင်းများကိုပင် အပီးတိုင်းဖယ်ရှားလိုခြင်းသာမက ဤဒေသရှိ ဗုဒ္ဓဘာသာဝင်ကရင်များ၏ ယဉ်ကျေးမှုတွင် သမိုင်းကြောင်းအရ သံဃာတော်များအား မည်သို့ဦးစားပေး ကြောင်းဖော်ပြလိုခြင်းလည်းပါဝင်ပါသည်။ မည်သို့ပင်ဆိုစေ ထိုသို့သောအမြင်များသည် မတူညီသည့် လူမှုအသိုင်းအဝိုင်းများ၏ အတူယှဉ်တွဲနေထိုင်မှုကို အုပ်ချုပ်ရန်အတွက်သတ်မှတ်ထား‌သော စံချိန်စံညွှန်းများစွာဖြင့်ဆန့်ကျင်လျက်ရှိသည်။

သုံးသပ်ချက်

ထိုအကျိုးပြု ကရင်ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ၏ အခြေခံများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ စည်းမျဉ်းများနှင့် မကိုက်ညီသည့်အပြင် နိုင်ငံများရှိ ပြည်သူလူထု၏ သဘောတူခွင့်ပြုချက်ဖြင့် ပြဌာန်းထားသော ဥပဒေများအရ လူအားလုံးသည်တန်းတူညီမျှသည်ဟု လူအများယူမှတ်ထားသည့်အနောက်တိုင်းဒီမိုကရေစီဆိုင်ရာ နားလည်မှုများနှင့်လည်း ဆန့်ကျင်လျက်ရှိသည်။   ဉူးသုဇနအုပ်ချုပ်‌သော ထို“အထူးဒေသ”သည် မြန်မာနိုင်ငံ၏ ပြည်နယ်အတွင်းရှိ သေးငယ်သည့် ပြည်နယ်တစ်ခုဖြစ်ပြီး ၎င်းသည်တစ်ခုတည်းမဟုတ်ပါ။ အခြားသော ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများသည်လည်း “ပြည်နယ်များအတွင်း၎င်းတို့၏ ပြည်နယ်တစ်ခု” တည်ထောင်ခဲ့ကြပြီး တစ်နိုင်ငံလုံးကိုစီမံခန့်ခွဲရန် ကြိုးပမ်းနေသည့် မြန်မာအစိုးရအဖွဲ့အစည်းများနှင့် နည်းအမျိုးမျိုးဖြင့် အပြန်အလှန်ဆက်သွယ်ခဲ့သည်။ ဉူးသုဇန၏ ပြိုင်ဘက်ဖြစ်သူ ဘိုမြသည် မြန်မာနိုင်ငံတွင်မှေးမှိန်နေဆဲဖြစ်သောတိုင်းရင်းသားဗဟိုပြုပြည်နယ်နှင့် တူသောအဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ဗဟိုပြုအစိုးရ၏ လက်အောက်ခံအင်အားစုများ၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများနှင့်အခြားလုပ်ငန်းဆောင်တာများကိုစိန်ခေါ်နေသူ တစ်ဦး ဖြစ်သည်။

ဉူးသုဇန ဖန်တီးခဲ့သောစိန်ခေါ်မှုမှာ ထူးခြားပါသည် အကြောင်းမှာ ထိုစိန်ခေါ်မှုသည် သူ၏ဘဝဇာတ်ကြောင်းနှင့် ခွဲခြား၍မရနိုင်‌အောင် ချိတ်ဆက်ထားသောကြောင့်ဖြစ်သည်။ သူသည် နိုင်ငံရေးဘုန်းကြီးတစ်ပါး မတော်တဆဖြစ်လာသည်ဆိုသောအချက်သည် အငြင်းပွားဖွယ်ရာ ဖြစ်နိုင်သော်လည်း  တောထွက်ဘုန်းကြီးတစ်ပါးအဖြစ် သူကျင်လည်ခဲ့စဉ်အခါက ရှာ‌ဖွေတွေ့ရှိခဲ့သည့် ကရင်နယ်မြေများက ၎င်းကို ဗုဒ္ဓဘာသာ၏သက်ဝင်ယုံကြည်မှုများအပေါ် အခြေခံထားသော ကရင်ယဉ်ကျေးမှုဟောင်းများ၏ သက်သေခံချက်များဟု သူယုံကြည်မှတ်ယူထား‌သော အမွေအနှစ်များ ကိုရှာ‌ဖွေတွေ့ရှိ‌စေခဲ့သည်။  သူ၏နောက်လိုက်များ၏ အကူအညီဖြင့် သူပြန်လည်တည်ဆောက်ခဲ့သော (သို့မဟုတ်) ပြန်လည်တည်ဆောက်ခဲ့သည့် စေတီတော်များ၊ သိမ်များနှင့် အခြားဘာသာရေး အဆောက်အအုံများ၊ ဗုဒ္ဓဘာသာကရင်များ၏ ဘဝများကိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်ခြင်းသည်  ထိုလူမှုတိုးတတ်မှုတစ်ခုကိုသူ၏အမြင်ဖြင့် ပြန်လည်ရှင်သန်လာရန် „စိတ်ကူးယဥ်လှုမှုအသိုင်းအဝိုင်း“ တစ်ခု (Benedict Anderson) တည်‌ဆောက်ခြင်းအားဖြင့် လုပ်‌ဆောင်သည့် ရုပ်ပိုင်းဆိုင်ရာ ရလာဒ်တစ်ခုပင်ဖြစ်သည်။  ခွေးများ၏ အစားအစာအပါအဝင် အစားအစာအားလုံးကို သက်သတ်လွတ်သာဖြစ်ရမည်ဟု သတ်မှတ်ထားခြင်းသည် စံပြဗုဒ္ဓဘာသာအသိုင်းအဝိုင်း၏ နယ်နိမိတ် အတွင်းတွင် မည်သည့်သက်ရှိသတ္တဝါကိုမျှ သတ်ဖြတ်ခြင်းမပြုရန် ကျိုးကြောင်းဆီလျော်သော ဥပမာတစ်ခုဖြစ်သည်။

ထိုကဲ့သို့သောလူမှုအသိုင်းအဝိုင်းအဖြစ် ၎င်း၏ခေါင်းဆောင်နှင့် သူ၏‌နောက်လိုက်များမှ သတ်မှတ်ထားခြင်းသာဖြစ်သည်။  ထို့ကြောင့် တည်ထောင်သူ၏‌ သေဆုံးခြင်းက ထိုအသိုင်းအဝိုင်း၏ မွန်မြတ်သန့်စင်ခြင်း၏အဆုံးသတ်ခြင်း အစလည်းဖြစ်နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသန့်စင်မှုကို ‌ဘုန်းကြီးသက်ရှိထင်ရှားရှိစဉ်ကာလက ချမှတ်ခဲ့ခြင်းကြောင့်သာဖြစ်သည်။  ဘာသာရေး သို့မဟုတ် နိုင်ငံရေးအရဆွဲဆောင်နိုင်မှုတို့သည် စနစ်တကျဖွဲ့စည်းမှုမပြုလုပ်နိုင်သည့်အရာများ မဟုတ်ကျပါ။

 မြိုင်ကြီးငူ“အထူးဒေသ”၏ အနာဂတ် သည် သာမညဆရာတော် (၁၉၁၂-၂ဝ၀၃)တည်ထောင်ခဲ့သည့် ကရင်ပြည်နယ်၏ အခြားဗုဒ္ဓဘာသာစံပြအသိုင်းအဝိုင်းတစ်ခု ကဲ့သို့ထိုနေရာကို လာရောက် ဘုရားဖူးသူများမှ လှူဒါန်းခြင်းကိုအခြေခံကာ စီးပွားရှာရမည်ဖြစ်သည်။ ဆရာ‌‌တော် ကွယ်လွန်ပြီးနောက်တွင် သူ၏တပည့်လေးဦးအနက် မည်သူဆက်ခံသင့်သည်နှင့် ပတ်သက်၍ အငြင်းပွားကြကာ အစိုးရကလည်း ထိုဒေသတွင် အခြေချနေထိုင်ခဲ့သူများ၏ အချို့သောအခွင့်ထူးများကို ပြန်လည်သိမ်းဆည်းခဲ့သည်။  ထိုဥပမာသည် လူမှု‌ရေးကိစ္စများတွင် ပါဝင်ပါတ်သတ်သည့် သံဃာတော်များကိုအကဲဖြတ်ရာတွင်လည်းအသုံးတည့်ပါသည်။  သူမကို သာမညဆရာတော်ထံသို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်လည်ပတ်ခဲ့ပြီး‌နောက် ဆရာတော်အားစစ်အစိုးရကို ဆန့်ကျင်သူ အဖြစ်ရှုမြင်ကာ လူအများကဆရာတော်အား ချီးကျူးခဲ့ကြသည်။ အမှန်တကယ်တမ်း‌တော့ သူသည် ဉူးသုဇနကဲ့သို့ ပြည်နယ်အာဏာပိုင်များများ နှင့် နီးကပ်မှုရှိရန် ကြိုးစားခဲ့သည်။

ဉူးသုဇနနှင့် သာမညဆရာတော်တို့ကို လူမှု‌ရေးကိစ္စများတွင် ပါဝင်ပါတ်သတ်သည့် သံဃာတော်များဟု ‌ခေါ်ဆိုနိုင်သည်။ အခြားအဓိပ္ပါယ်သတ်ရောက်မှုတစ်ခုဟုဆိုရလျှင် မြန်မာနိုင်ငံ၏နိုင်ငံရေး အငြင်းပွားဖွယ်ရာ ကိစ္စရပ်များတွင် ပါဝင်ခဲ့ကြသည့် နိုင်ငံရေးဘုန်းကြီးများလည်း ဖြစ်ကြသည်။  စစ်ကိုင်းမြို့တွင် ဗုဒ္ဓဘာသာတက္ကသိုလ်တည်ထောင်ကာ သင်ကြားမှုနှင့်ပရဟိတလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော မြန်မာနိုင်ငံ၏အလေးစားခံရဆုံး ဘာသာရေးခေါင်းဆောင်များအနက်မှ တစ်ဦး ဖြစ်သူ သီတဂူဆရာတော်နှင့်နှိုင်းယှဉ်၍လည်း ထိုအရာအား အတိအလင်းတံဆိပ်ကပ်ခြင်းအား ထပ်မံသရုပ်ဖော်နိုင်သည်။  စက်တင်ဘာလ ၂၀၁၇ ခုနှစ်တွင် ကရင်ပြည်နယ်ရှိ စစ်ရေးလေ့ကျင့်ရေးကျောင်းတွင် ဟောကြားသည့် တရား‌တော်နှင့်ပါတ်သတ်ပြီး သူသည်အငြင်းပွားဖွယ် ဖြစ်လာခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်လွှင့်ပြသလျက်ရှိသည့် ရုပ်မြင်သံကြားမှ ၎င်း‌၏ဟောပြောချက်များသည် ဗုဒ္ဓဘာသာစစ်သားများက အခြားဘာသာတရားများမှ စစ်သားများကိုသတ်ဖြတ်မှုသည် တရားမျှတမှုအဖြစ်အဓိပ္ပာယ်ကောက်ယူနိုင်ခဲ့သည်။ ၁၉၉၉ ခုနှစ်ဇွန်လတွင် ဆရာ‌တော်သည်မြိုင်ကြီးငူ၌ “ငြိမ်းချမ်းရေးမြစ်” ခေါင်းစဉ်ဖြင့်ဟောကြားခဲ့သည်။ ဉူးသုဇနက ထိုတရားတော်ကို “DKBA နှင့်သင့်တော်ပြီးဥပမာယူကာ တရားဝင်နေရာသို့ ပြန်သွားသင့်သည်” ဟုကြေငြာခဲ့သည်။ ဟောပြောသူက သူ၏မိန့်ခွန်းနိဒါန်းတွင် “ မြိုင်ကြီးငူသို့ ဓမ္မခရီးသည် အစောကြီးကတည်းကရှိခဲ့သင့်သည်” ဟုပြောကြားခဲ့သည်။

သီတဂူဆရာတော်၏ခရီးစဉ်နှင့်အချို့သောဓာတ်ပုံများကိုမှတ်တမ်းတင်ထားသည့်စာအုပ်၏မျက်နှာဖုံး
သီတဂူဆရာတော်၏ခရီးစဉ်နှင့်အချို့သောဓာတ်ပုံများကိုမှတ်တမ်းတင်ထားသည့်စာအုပ်၏မျက်နှာဖုံး
သီတဂူဆရာတော်၏ခရီးစဉ်နှင့်အချို့သောဓာတ်ပုံများကိုမှတ်တမ်းတင်ထားသည့်စာအုပ်၏မျက်နှာဖုံး

ဇာတ်လမ်းအရ ဉူးသုဇနသည် မြန်မာပြည်ရှိသံဃာတော်များ၏ ကိုယ်စားလှယ်အဖြစ် လူသိများသည်။ သူသည် ကျဉ်းမြောင်းသော ကရင်ဗုဒ္ဓဘာသာယဉ်ကျေးမှုဆိုင်ရာ အမျိုးသားရေးဝါဒအတွက်သာမက တိုင်းရင်းသားနယ်နိမိတ်များကိုကျော်လွန်သည့် “ဗုဒ္ဓဘာသာဝင်သီးသန့်” အတွက်သာ ကိုယ်စားပြု ခဲ့သည်။ မည်သို့ပင်ဆိုစေ ထိုကဲ့သို့သော အယူအဆသည် အသိဉာဏ်ရှိသော“ ခေတ်သစ်” နိုင်ငံရေးအတွေးအခေါ်နှင့်ဆန့်ကျင်သည်။ ဤအတိုင်းအတာအထိ ဉူးသုဇနသည် မြန်မာနိုင်ငံ၏ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အဆင်မပြေသောဆက်ဆံရေးကိုပြသသည်။

အောက်ခြေမှတ်ချက်များ

မြန်မာနိုင်ငံပြည်တွင်းစစ်တွင်ပါဝင်ပတ်သက်သောအခြားအုပ်စုများနည်းတူ ၁၉၉၄ ခုနှစ်နှောင်းပိုင်းတွင်ပေါ်ပေါက်ခဲ့သောဗုဒ္ဓဘာသာအဖွဲ့အစည်းအသစ်များသည်နိုင်ငံရေးအဖွဲ့အစည်းနှင့်၎င်း၏လက်နက်ကိုင်တပ်များအကြားခွဲခြားမှုကိုခံရသည်။ DKBA အတိုကောက်ဝေါဟာရကိုပထမ ဦး ဆုံးနိုင်ငံရေးအသင်းအဖွဲ့အဖြစ်သတ်မှတ်ခဲ့ပြီး၊ လှုပ်ရှားမှု၏နိုင်ငံရေးဆိုင်ရာအရေးပါမှုကို DKBO-O“ အဖွဲ့အစည်းအတွက်ရပ်တည်ချက်” ဟူသောဝေါဟာရကဖော်ပြသည်

2 ဖတ်စရာများ: Mathew J. Walton: Buddhism, Politics and Political Thought in Myanmar, Cambridge University Press, 2016.

https://www.mmtimes.com/news/last-journey-kayins-most-revered-monk.html (accessed 15.3.2019).

4Gravers 2018.

5Myaing Nan Swe 1999: 1.

6Ibid.: 2.

 7. တတိယလူအနေဖြင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ်ခုရေးသားခြင်းသည် ဗုဒ္ဓဘာသာစာပေးများရေးသားသူအတွက် မထူးခြားပါ။ ဦးနု (၁၉၇၆ ခုနှစ်တွင်ထုတ်ဝေခဲ့သည့်“ စနေနေ့၏သားတော်”) ၏ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို တတိယမှ ရေးသားခဲ့ခြင်းဖြစ်သည်။ မိမိကိုယ်ကို “ငါ” ဟူသောစကားလုံးကိုရှောင်ရှားသည့် စာ‌ရေးနည်းပုံစံသည် ဗုဒ္ဓဘာသာနိယာမနှင့်အညီဖြစ်သည်

8ကောဇာသက္ကရာဇ် ၁၃၁၀ ပြည့်နှစ်၊ ဒုတိယဝါဆိုလဆုတ် (၁၂)ရက်နေ့

9Myaing Nan Swe 1999: 15.

10မြန်မာပြက္ခဒိန် – ကောဇာသက္ကရာဇ် ၁၃၃၀ ပြည့်နှစ် လဆန်း ၈ ရက်

11Myaing Nan Swe 1999: 62.

12Ibid.: 73.

13Ibid.: 109.

14. အမျိုးမျိုးသောအစီရင်ခံစာများအရ အရေအတွက် 200 နှင့် 300 အကြားဖြစ်နိုင်သည် ဤစာတမ်းကိုအနောက်တိုင်းစာပေတွင် DKBO – ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာအဖွဲ့အစည်းဟုလူသိများသည်။

15The rules were: စည်းမျဥ်းများမှာ  နယ်မြေအတွင်းနှင့် ပြင်ပတွင် တစ်သက်တာလုံး သားသတ်လွတ်စားသုံးသူအဖြစ် ‌နေထိုင်သွားရန် – မည်သူမှ နယ်မြေအပြင်ဘက်တွင် စကားများ ရန်ဖြစ်ခြင်းမပြုရန် – နယ်မြေအတွင်း လူမျိုးရေးခွဲခြားမှုမရှိစေရ။ – လူတိုင်း ဂေါတမ မြတ်စွာဘုရား၏ ငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းရမည်။ (သူတပါးအသက်မသတ်ရ)။  – နယ်မြေထဲရှိမည်သူ့ကိုမဆို ထိခိုက်စေမည့် အသရေဖျက်သည့်အတင်းအဖျင်းကိုမပြောဆိုရ။  – နယ်မြေအတွင်းရှိ လူများကိုအနှောင့်အယှက်ဖြစ်စေသည့် မည်သည့်နိုင်ငံရေးဆွေးနွေးမှုသို့မဟုတ်အငြင်းပွားမှုများကိုခွင့်မပြုပါ။ – နယ်မြေအတွင်းတွင် ဗုဒ္ဓဘာသာ မှလွဲ၍ မည်သည့်အခြားဘာသာကိုမျှဆွေးနွေးခြင်းမပြုရပါ။

 (Keenan 2016). မြိုင်ကြီးငူတွင် စာသင်ကျောင်းတစ်ကျောင်းတည်ဆောက်သည့် ဂျာမန်ဖောင်ဒေးရှင်း၏ အစီရင်ခံစာအရ ထိုဒေသရှိသက်သတ်လွတ်မူဝါဒသည် ထိုဒေသတွင်နေထိုင်သောခွေးများပင်ပါဝင်သည်။ ၎င်းတို့ကို ဆန်နှင့်ဟင်းသီးဟင်းရွက်များသားကျွေးသည်။ (People in Need 2004: 5) ။

16Ibid. 17 ဦးခင်ညွန့် ၂၀၀၄ ခုနှစ်အောက်တိုဘာလတွင်ရာထူးမှနှုတ်ထွက်ခဲ့ပြီးနောက် တွင် NGO များ၏ထောက်ပံ့မှုအဆုံးသတ်ခဲ့သည်။ မူလကစီစဉ်ထားသည်ထက်ပို၍‌ သေးငယ်သော ကျောင်းသား

ကျမ်းကိုးစာရင်း

Equality Myanmar 2016 Situation of Freedom of Religion and Belief in Myanmar. (http://www.burmalibrary.org/docs22/FoRB%20situation%20briefer%20Full%20Report%20(Eng).pdf; accessed 25.9.2019)

Gravers, Mikael 2015 Religious Imaginary as an Alternative Social and Moral Order – Kayin Buddhism across the Thai-Burma Border. Jung, Jin-Heong and Alexander Horstmann (eds.) 2015 Building Noah’s Ark for Migrants, Refugees and Religious Communities. New York, Palgrave McMillan: 45-67.

– 2018 A Saint in Command? Spiritual protection, justice, and religious tensions in the Kayin State. Independent Journal of Burmese Scholarship 1, 2: 87-119 (https://journalofburmesescholarship.org/issues/v1n2/04Gravers.pdf; accessed 259.2019).

Jolliffe, Kim 2016 Ceasefire, Governance, Development: The Kayin National Union in Times of Change. The Asia Foundation.

Keenan, Paul 2016 The Formation of the DKBA. (https://paullkeenan.net/2016/05/06/the-formation-of-the-dkba/; accessed 18.4.2019).

မြိုင်ကြီးငူဆရာတော် ၂၀၀၂ခုနှစ် မင်္ဂလာသုတ် အမေးအဖြေ  ဦးသန်းဇွန် (ရွှေဘို)မှ  အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ မန်းဘညွှန့်‌ဖေ မြိုင်ကြီးငူအထူး‌ဒေသ မှ ပုံနှိပ်ထုတ်‌ဝေခဲ့သည်။

မြိုင်နန်းဆွေ ၁၉၉၉ခုနှစ် မြိုင်ကြီး ငူဆရာတော် ရှင်ခေမိန္ဒ ဘာသာပြန်ဆိုထားသော A Jahan who Shines the light of Dhamma.  (www.burmalibrary.org/docs11/U_Thuzana’s_Book-red.pdfaccessed 29.5.2019).

People in Need – Gerhard-Baumgard Stiftung 2004 Report on the Foundation, December 1004 (https://peopleinneed.de/pdf/PIN-Annual_Report-2004.pdf; accessed 28.5.2019).

Rozenberg, Guillaume 2010 Renunciation and Power. The Quest for Sainthood in Contemporary Burma. New Haven, Ct. Yale Southeast Asian Studies.

သီတဂူဆရာတော်ဘုရား၏ ၂၀၀၁ခုနှစ်တွင် ‌ဟောကြားခဲ့သည့် “ငြိမ်းချမ်းရေးမြစ်” တရားဒေသနာ။ (မြိုင်ကြီးငူသို့ ဓမ္မခရီး) မြိုင်နန်းဆွေ မှ အသံဖမ်းယူပြီး ဦးသန်းဇွန် (ရွှေဘို)မှ  အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ မန်းဘညွှန့်‌ဖေ မြိုင်ကြီးငူအထူး‌ဒေသ မှ ပုံနှိပ်ထုတ်‌ဝေခဲ့သည်။

Toza, Keiko 2009 The Cult of Thamanya Sayadaw. The Social Dimension of a Formulating Pilgramage Site. Asian Ethnology 68,2: 230-264 (https://nirc.nanzan-u.ac.jp/nfile/830; accessed 25.9.2019)

အချက်အလက်များအတွက် Gerhard Baumgard အားကျေးဇူးတင်ကြောင်းစာရေးသူမှ ပြောကြားလိုပါသည်။

Schreibe einen Kommentar

Deine E-Mail-Adresse wird nicht veröffentlicht. Erforderliche Felder sind mit * markiert