ပေါင်ယုချန် (၁၉၄၉ခုနှစ်တွင်ဖွားမြင်ခဲ့သည်)

Alexander Zimmermann

နိဒါန်း

Bao Youxiang ကို မြန်မာနာမည် ပေါင်ယုချန် ဟူ၍လည်းကောင်း (တရုတ်-ဝ နာမည်) ဒတ်လောပန်ဟူ ၍လည်းကောင်း လူသိများပြီး မြန်မာ့နိုင်ငံရေးသမိုင်းတွင်မူ ခွန်ဆာ၊ လော်စစ်ဟန်တို့နှင့်အတူ ရွှေတြိဂံနယ်မြေတွင် ဘိန်းဘုရင်များဟု လူသိများကြပါသည်။

များသောအားဖြင့် ၎င်း၏နာမည်ကို ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ရှမ်းပြည်နယ်ရှိ ‚ဝ‘ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့နှင့် သက်ဆိုင်သော နေရာများတွင် တွေ့ရှိရလေ့ရှိသည်။ ခွန်ဆာ နှင့် လော်စစ်ဟန်တို့က နိုင်ငံရေးဇတ်ခုံမှ ထွက်ခွာခဲ့ကြသော်လည်း ဥက္ကဌပေါင်ကမူ ဆက်လက်ရှိနေခဲ့သည်။

ပေါင်ယုချန်သည် နာမည်ဆိုးနှင့် ကျော်ကြားသည့် ခွန်ဆာကဲ့သို့ မီဒီယာများ၏ အာရုံစိုက်ခြင်း မခံခဲ့ရသော်လည်း အရှေ့တောင်အာရှတွင် အင်အားအတောင့်တင်းဆုံး စစ်ဘုရင်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါသည်။ သူသည် မည်သည့်နိုင်ငံကမှ တရားဝင်အသိအမှတ်မပြုသော သီးခြားလွပ်လပ် သည့်“ဝ”ပြည်နယ်၏ ခေါင်းဆောင်ဖြစ်လာပြီး မြန်မာနိုင်ငံအတွင်းရှိ ဗဟိုအစိုးရအား တော်လှန်နေ ကြသည့်အခြား တိုင်းရင်းသား ခေါင်းဆောင်များကပင် မနာလိုဖြစ်ရသည့်အထိအောင်မြင်ခဲ့သည်။

ဤအတ္ထုပ္ပတ္တိတွင် ပေါင်ယုချန်နှင့် ရှမ်းပြည်နယ်ရှိ လူနည်းစုပဋိပက္ခများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း တို့အကြား မည်သို့ပါတ်သတ်ဆက်နွယ်နေကြောင်းကို ဖော်ပြသွားမယ်ဖြစ်ပါသည်။

အတ္ထုပ္ပတ္တိ

ပေါင်ယုချန်သည် ၁၉၄၉ ခုနှစ်တွင် မြန်မာနိုင်ငံရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့ တိုက်ရိုက်ထိဆက်လျှက်ရှိသည့် “ဝ” ဒေသအတွင်းရှိ ခွန်းမားဟု ခေါ်ဆိုသော ရွာငယ်လေးတွင် ဝ ဒေသလူမျိုးစုခေါင်းဆောင်ဖြစ်သူ၏ သားအဖြစ်မွေးဖွားလာခဲ့သည်။  ထိုဒေသတွင် ဗမာ၊ ကရင် နှင့် ဗမာတရုတ်ကပြားများအပြင်အခြားသော လူမျိုးစုများစွာလည်း ရောနှောနေထိုင် ကြသည်။  ပေါင်ယုချန်သည် “ဝ” လူမျိုးဖြစ်သော်လည်း ၎င်း၏အမည်မှာမူ တရုတ်အမည်ဖြစ်ပါသည်။  အကြောင်းအရင်းမှာ တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ပထဝီဝင်မြေအနေအထားအရ နီးစပ်မှုရှိသည့်အပြင် စီးပွားရေးအရပါတ်သတ်မှုများကြောင့်လည်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဝပြည်နယ်တွင် တရုတ်ဘာသာစကားကို ကျယ်ပြန့်စွာသုံးစွဲပြီး အခြားသောတိုင်းရင်းသား စကားများ ကိုလည်း သုံးစွဲကြသည်။

ပေါင်ယုချန်၏ ငယ်ဘဝသည် ထင်သလောက်တော့ ခမ်းနားကြီးကျယ်မှုမရှိပါ။  သူသည် မောင်နှမ ၈ယောက်ရှိသည့်အနက် ဒုတိယအငယ်ဆုံးသားဖြစ်ပြီး ငယ်စဉ်ကတည်းက ခွန်းမားရွာမှ ထွက်ခါခဲ့ခြင်း မရှိခဲ့ပါ။  မည်သို့ပင်ဆိုစေ ဝလူမျိုးတစ်ဦး ဖြစ်သည့်အလျောက် ၁၉၆၂ခုနှစ် မတ်လတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုရာတွင် ဗဟိုအစိုးရ၏ ဖိအားများကို ခံစားခဲ့ရကြောင်း သူမှတ်မိနေသည်။

အသက် ၁၇ နှစ်တွင် ပေါင်ယုချန်သည် သူ၏အစ်ကို ပေါင်ယုရီနှင့် သူ၏ ဦးလေးဖြစ်သူ ပေါင်စန်းဘန် တို့နှင့်အတူ ခွန်းမားရွာတွင် ပြောက်ကျားစစ်အုပ်စုတစ်ခုကို တည်ထောင်ခဲ့ပြီး သေနတ်ကိုင်ကာ နာမည်ကောင်း ရယူခဲ့သည်။ ဗမာအစိုးရအားဆန့်ကျင်ရေးအတွက် ငွေကြေးလိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရန် အခြားစစ်အုပ်စုခေါင်းဆောင်များကဲ့သို့ ပေါင်ယုချန်သည် ဘိန်းမှောင်ခိုလုပ်ငန်းတွင် ပါဝင်လာခဲ့သည်။ ဝဒေသသည် ရှမ်းပြည်နယ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်း၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မဟာဗျူဟာမြောက် အချက်အချာနေရာ ဖြစ်သောကြောင့် ရွှေတြိဂံဒေသအတွင်း ဘိန်းမှောင်ခိုကူးမှုအတွက် အထင်ကရာနေရာဖြစ်လာခဲ့သည်။ ၎င်းအပြင် ထူထပ်သောတောတောင်များနှင့် ဗဟိုအစိုးရ၏ ထိန်းချုပ်မှုကင်းမဲ့ခြင်း တို့ကြောင့် ဆယ်စုနှစ်များတစ်လျှောက် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငွေကြေးအထောက်အပံ့ပေးရာ မှောင်ခိုလုပ်ငန်းများ တည်ရှိရာ နေရာတစ်ခုဖြစ်လာခဲ့သည်။

ပေါင်ယုချန်သည် သူပုန်ခေါင်းဆောင်တစ်ဦးအဖြစ် အောင်မြင်ရမည့်အစား သူ၏ဘ၀ဇာတ်ကြောင်း တစ်လျှောက်တွင် စစ်ခေါင်းဆောင်တစ်ဦးအဖြစ်၊ မူးယစ်မှောင်ခိုသမားတစ်ဦး အဖြစ်သာ ဖော်ပြခြင်းခံခဲ့ရသည်။ ပေါင်ယုချန်သည် ၁၉၆၉ခုနှစ်တွင်  ဗမာပြည်ကွန်မြူနစ်ပါတီ (CPB)သို့ ဝင်ရောက်ခြင်းအားဖြင့် သူ၏နိုင်ငံရေးလောကကိုစတင်ခဲ့သည်။

ခေါင်းဆောင်တစ်ဦးအနေနှင့် ဝဒေသကို စည်းရုံးရန်အတွက် ပေါင်ယုချန်၊ တီးလူရိုင်လူရှင်းကွယ် (Zhai Nilai၊ Lu Xingguo) နှင့် အိုက်ခိုင်(Ai Ken) တို့သည် CPB သို့ ဝင်ရောက်ခဲ့ကြသည်။

ပထမဆုံး သူ၏ဇာတိရွာဖြစ်သော ခွန်းမားရွာ၏ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသော်လည်း တပ်မဟာမှူးအဖြစ်သို့  လျင်မြန်စွာရာထူးတိုးခဲ့သည်။  ပေါင်ယုချန်သည် တရုတ်ကွန်မြူနစ်ပါတီမှ လီဇီယူ (Li Ziru) နှင့်အတူ ထိုင်းနှင့်မြန်မာနယ်စပ်အနီးရှိ တပ်မဟာ၆၈၃ ကို ဦးဆောင်ခဲ့သည်။ ၁၉၈၅ ခုနှစ် ပန်ဆန်း(ပန်ခမ်း)တွင်ကျင်းပသော ၃ကြိမ်မြောက် ပါတီညီလာခံတွင် သူသည် ဗမာပြည်ကွန်မြူနစ် ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်လာခဲ့သည်။

ပါတီအတွင်း၌ သူ၏ကောင်းသတင်းများ မြင့်တက်နေသော်လည်း ပေါင်ယုချန်နှင့် သူ၏ ဝပြည်သူများသည် CPB အား ‚ဝ’တပ်မတော်အတွက် ဗမာအစိုးရအားတော်လှန်ရန် အရင်းအမြစ်များနှင့် လက်နက်များ ၀ယ်ယူရန်အတွက်သာ ရှုမြင်ခဲ့ကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပါတီ၏ ဗဟိုကော်မတီဝင် အများစုသည် ဗမာတိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသောကြောင့်ဖြစ်သည်။ နှစ်အနည်းငယ် ကြာသောအခါ ပေါင်ယုချန်၏ အမှန်တစ်ကယ်သစ္စာစောင့်သိမှုကို ဖွင့်ဟနိုင်ခဲ့သည်။

၁၉၈၈/၈၉ ခုနှစ်များတွင် ကွန်မြူနစ်ပါတီအတွင်းမှ အုပ်စုငယ်များသည် အတွင်းပိုင်းခေါင်းဆောင်မှုကို မေးခွန်းထုတ်ခဲ့ပြီး ပါတီကိုပြောင်ပြောင်တင်းတင်းဆန့်ကျင်သွားခဲ့သည်။ ဗကပလက်အောက်ရှိ ကိုးကန့်နှင့်ဝ လက်နက်ကိုင်အဖွဲ့များသည် ဗကပခေါင်းဆောင်များကို မကျေနပ်ကြပေ။ ပါတီ၏ ခေါင်းဆောင်ရာထူးများသည် လက်တွေ့မဆန်ဘဲ ယောင်ယောင်ဝါးဝးဖြစ်နေသည်ဟုလည်းယူဆသည်။ လူမျိုးစုအားလုံး၏ အကျိုးစီးပွားကို ဦးစားပေးရမည့်အစား တိုင်းရင်းသားလူမျိုးစုများအကြား နိုင်ငံရေးပဋိပက္ခများတွင် ကိုးကန့်နှင့်ဝစစ်သားများကို အမြောက်တပ်သားအဖြစ် အသုံးပြုခဲ့သည် ဟူသောစွပ်စွဲချက်များလည်းရှိခဲ့သည်။

ထိုတိုက်ပွဲများသည် ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုကို ဆန့်ကျင်သော တိုင်းရင်းသားလူနည်းစုများ၏ ပြည်တွင်းအုံကြွမှုကို ဖြစ်ပေါ်စေခဲ့ပြီး ပါတီခေါင်းဆောင်များအား တရုတ်ပြည်သို့မောင်းထုတ်ပစ်ခဲ့သည်။ ရလဒ်အနေဖြင့် CPB နှင့်၎င်း၏စစ်တပ်ကိုဖျက်သိမ်းစေခဲ့ပြီး တိုင်းရင်းသားဒေသတစ်လျှောက်တွင် သက်ဆိုင်ရာအဖွဲ့သစ်များစွာကိုဖွဲ့စည်းခဲ့ကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အကွဲကွဲအပြားပြားရလဒ်ကြောင့် မြန်မာအစိုးရသည် ပေါင်ယုချန်, ဖန်ကျားရှင်း (Peng Jiasheng) နှင့် ကျောက်ရီလိုင် (Zhao Nyi lai) ကဲ့သို့သော ဝလက်နက်ကိုင် သူပုန်ခေါင်းဆောင်များနှင့် ညှိနှိုင်းမှုများစတင်ခဲ့သည်။ ၁၉၈၉ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ‚ဝ‘ ဒေသသည် ဗကပမှခွဲထွက်ပြီး ညီညွတ်သောဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကိုဖွဲ့စည်းခဲ့သည်။ ပေါင်ယုချန်သည် UWSP ၏လက်နက်ကိုင်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည့် ပထမဆုံးသော တပ်မှူးဖြစ်ပြီး ၎င်းကိုစတင်ဖွဲ့စည်းချိန်တွင် တပ်သား ၁၀၀၀၀ ခန့်ရှိခဲ့သည်။ လက်ရှိခန့်မှန်းချက်များအရ စစ်သည်အင်အား ၂၀၀၀၀ မှ ၃၀၀၀၀ အထိရှိသည်။ ထို့ကြောင့် ဝတပ်မတော်သည် မြန်မာ့တပ်မတော် အားယှဉ်ပြိုင်နေသော လက်နက်ကိုင်အုပ်စုများ အားလုံးတွင် အင်အားအခိုင်မာဆုံးတပ်မတော် တစ်ခုဖြစ်သည်။

နှစ်အနည်းငယ်ကြာပြီး ၁၉၉၅ခုနှစ်တွင် လေဖြတ်ခြင်းကြောင့်ရာထူးမှ နုတ်ထွက်သွားခဲ့သော ကျောက်ရီလိုင် (Zhao Nyi lai)(၁၉၃၉-၂၀၀၉) ကိုယ်စား UWSP၏ ဥက္ကဋ္ဌအဖြစ် ပေါင်ယုချန်မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။  ထိုအချိန်မှစ၍ ပေါင်ယုချန်သည် မြန်မာနိုင်ငံအရှေ့ပိုင်းရှိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သောဝပြည်နယ်၏ စစ်တပ်နှင့်နိုင်ငံရေးကို ဦးစီးနိုင်သည့် ရာထူးနေရာကို ရယူခဲ့သည်။

၂၀၁၉ ခုနှစ်အခမ်းအနားတွင် ပေါင်ယုချန်နှင့် စွန်ဝချန် (孙国祥)တို့အားတွေ့ရစဥ် (ဓါတ်ပုံ – Frontier Myanmar)

၂၀၀၅ ခုနှစ်တွင် ပေါင်ယုချန်သည် ကျန်းမာရေးပြဿနာများကြောင့် သူ၏ညီအငယ်ဆုံးဖြစ်သူ ပေါင်ယူရီ (Bao Youyi) ထံသို့ ဥက္ကဋ္ဌရာထူး အပ်နှင်းပြီး ပါတီဥက္ကဋ္ဌအဖြစ်မှ နှုတ်ထွက်ခဲ့သည်။ သို့သော်လည်း ပေါင်ယုချန်သည် နိုင်ငံရေးဇာတ်ခုံမှ လုံးဝနှုတ်ထွက်ခဲ့ခြင်းမဟုတ်ပဲ UWSA ၏ ခေါင်းဆောင်တစ်ဦး အဖြစ် ဆက်လက်ရှိနေခဲ့သည်။

ဝပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက်ကြိုးပမ်းမှု

၁၉၈၉ ခုနှစ် မေလ ၁၈ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် UWSP သည် မြန်မာနိုင်ငံတွင် အစိုးရကို အချုပ်အခြာအာဏာပိုင်အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ပြီး အပြန်အလှန်အားဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပေးအပ်ခြင်းခံခဲ့ရသည်။ ထိုအချိန်မှစ၍ UWSP သည် ဝဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ပန်ဆန်းအားမြို့တော်သတ်မှတ်ကာ ဦးဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ပေါင်ယုချန် မှ “ဝပြည်နယ်” ဟု တရားဝင်အမည်ပေးခဲ့သည်။ 1989 ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ UWSP သည် ၎င်း၏ ပြည်နယ်ကို မြန်မာနိုင်ငံ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လက်ခံခဲ့သည်။ UWSP ဥက္ကဌ ပေါင်ယုချန်က “ဝပြည်နယ်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ခွဲခြားမရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟုဆိုခဲ့သည်။ လူနည်းစုဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် အစိုးရကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာပိုပေးနိုင်ရန်အတွက်သာ တောင်းဆိုပါတယ်။” နောက်ပိုင်းတွင် ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ‚ဝ‘ ဒေသရှိ မြို့ ၆မြို့ကို ‚ဝ‘ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် အသိအမှတ်ပြုရေးသားဖော်ပြခဲ့သည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် တည်ငြိမ်အေးချမ်းမှုကို အတိုင်းအတာတစ်ခုအထိ ဖန်တီးပေးနိုင်ခဲ့သော်လည်း စီးပွားရေး ရေရှည်တည်တံ့ရေး ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပေ။  ၎င်းသည် မြန်မာနိုင်ငံရှိ အခြားဒေသများနှင့် တရားဝင်ကုန်သွယ်မှုခြင်းအပြင် စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခြင်းတို့ကိုလည်း ကန့်သတ်ထားသည်။ အထူးဒေသ ၂ရှိ UWSP ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အပစ်အခတ်ရပ်စဲရေးနှင့် ပေါင်းစပ်လိုက်သောအခါ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအားလုံးကို သွယ်ဝိုက်သောနည်းဖြင့်လက်ခံခြင်းများဖြစ်လာပြီး ချဲ့ထွင်ရန်ပင် ဦးဆောင်ခဲ့သည်။ ရွေးချယ်စရာ စီးပွားရေးလုပ်ငန်းများ မရှိခြင်းအပြင် သမိုင်းကြောင်းအရ ပြောင်းလဲလာသော ဖွဲ့စည်းပုံများသည် ဘိန်းစိုက်ပျိုးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် မှောင်ခိုရောင်းဝယ်ခြင်းတို့ကို ဝပြည်နယ်အတွင်း အဓိကစီးပွားရေး လုပ်ငန်းတစ်ခုအဖြစ်  စုစည်းလာစေခဲ့သည်။ ထို့ကြောင့် ၁၉၈၉ ခုနှစ် နောက်ပိုင်းတွင် ဘိန်းထုတ်လုပ်မှု သိသိသာသာ များပြားလာခဲ့သည်။

၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အချိုးအစားသို့ ရောက်ရှိလာခဲ့ပြီး ပေါင်ယုချန် နှင့် ဝဒေသရှိ အခြားခေါင်းဆောင်များစွာတို့အား မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်မှုအတွက် တရုတ်ရဲများက အလိုရှိခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် ပေါင်ယုချန်နှင့် ကျောက်ရီလိုင် (Zhao Nyi lai)တို့သည် ချန်းယွမ်သဘောတူညီချက် (沧源合同) ကို တရုတ်နိုင်ငံရှိ Cangyuan Va ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (沧源佤族自治县) မှ ဒေသခံအရာရှိများနှင့် လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီခဲ့သည်။ (ဝ ဒေသမှ) မည်သည့်မူးယစ်ဆေးဝါးမဆို နိုင်ငံတစ်ကာ‌စျေးကွက်အတွင်းသို့ ဝင်ရောက်ခြင်းမရှိစေရ၊ (ဝ ဒေသမှ) မည်သည့်မူးယစ်ဆေးဝါးမဆို တရုတ်နိုင်ငံအတွင်းသို့ဝင်ရောက်ခြင်းမရှိစေရ၊ (ဝ ဒေသမှ) မည်သည့်မူးယစ်ဆေးဝါးမဆို မြန်မာအစိုးရ ထိန်းချုပ်ထားသော နယ်မြေများသို့ ဝင်ရောက်ခြင်းမရှိစေရ၊

မည်သို့ပင်ဆိုစေကာမူ ၁၉၉၅ခုနှစ်တွင် ပေါင်ယုချန်  ဥက္ကဌ ပေါင်အဖြစ် UWSP တွင်  ခေါင်းဆောင်တာဝန်စတင်ယူခဲ့သည့် အချိန်အထိ မည်သို့သော သိသာထင်ရှားသည့် ပြောင်းလဲမှုမျိုး မပေါ်ပေါက်ခဲ့ပေ။ UWSP တွင် ပေါင်ယုချန် စတင်တာဝန်ယူချိန်တွင် မူးယစ်ဆေးဝါးကုန်သွယ်မှုများကို အရေးယူခဲ့ပြီး ၂၀၀၅ခုနှစ်အကုန်တွင် ဝပြည်နယ်အား ဘိန်းကင်းစင်နယ်မြေဖြစ်စေရန် တရားဝင်ရည်မှန်းချက်အား ၁၉၉၇ ခုနှစ်တွင် ကြေညာခဲ့သည်။ ထိုသို့ ကြေငြာပြီးနောက် ၁၉၉၉ခုနှစ်တွင် ပေါင်ယုချန်သည် သောင်းနှင့်ချီသောရွာသားများကို  ပြန်လည်နေရာချထားရန် အမိန့်ပေးခဲ့သည်။ ထိုရည်ရွယ်ချက်ဖြင့် ဝဒေသရှိ ဘိန်းစိုက်တောင်သူများနှင့် ဆင်းရဲနွမ်းပါးသည့် ရွာသားများသည် မြောက်ဘက် တောင်တန်းဒေသမှ အခြားသီးနှံများ စိုက်ပျိုးနိုင်သည့် ရှမ်းပြည်တောင်ပိုင်း တောင်ပိုင်းချိုင့်ဝှမ်းများသို့ ပြန်လည် အခြေချ နေထိုင်ခဲ့ကြသည်။ ထိုအခြေအနေတွင် ရှမ်း၊ လားဟူနှင့် အာခါတို့မှလွဲ၍ ယခင်နေထိုင်သူများ၏ လယ်ယာမြေများသည်လျော်ကြေးမပေးဘဲ မကြာခဏ အသိမ်းခံခဲ့ရသည်။

UWSP ၏ ဘိန်းဆန့်ကျင်ရေးမူဝါဒ ဆောင်ရွက်မှုသည် ၂၀၀၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုအား တရားမဝင်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည့် အချိန်တွင်အရှိန်အဟုန်အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်။  မူးယစ်ဆေးဝါး စိုက်ပျိုးခြင်းသည် တောင်သူအများစုအတွက် အဓိက ဝင်ငွေရင်းမြစ်ဖြစ်သဖြင့် UWSP သည် ကုလသမဂ္ဂနှင့် တရုတ်အစိုးရတို့၏ အကူအညီဖြင့် အခြားရွေးချယ်စရာများ ဖန်တီးရန် ကြိုးစားခဲ့သည်။ ရော်ဘာ၊ လက်ဖက်နှင့် သကြားစိုက်ပျိုးရေးတို့တွင် တရုတ်တို့၏ ရင်နှီးမြုတ်နှံမှုများအား လက်ခံခဲ့သည်။  သို့သော်လည်း ထိုလုပ်ငန်းများသည် ရေရှည်တည်တံ့သော အခြားစီးပွားရေးရွေးချယ်စရာတစ်ခုအဖြစ် မလုံလောက်နိုင်ခံပါ။

ပေါင်ယုချန်သည် ဘိန်းစိုက်ပျိုးရေး တားမြစ်ချက်ကို အစပြုလိုက်ခြင်းအားဖြင့် ဝဒေသကို ခရီးသွားလုပ်ငန်းနှင့် ဗဟိုစီးပွားရေးဇုန်အဖြစ် ပြောင်းလဲနိုင်ရန် မျှော်လင့်ခဲ့သည်။ အစပိုင်းတွင် ကြီးကြီးမားမား အပြောင်းအလဲများ မရှိခဲ့သော်လည်း နှစ်များစွာကြာပြီးနောက် အချို့အရာများ အောင်မြင်ခဲ့သည်။ ၂၀၀၀၄ ခုနှစ်တွင် ဝဒေသမြောက်ပိုင်းတွင် ကီလိုမီတာ ၁၈၀၀ အရှည်ရှိသော လမ်းနှင့်  ထိုင်းနယ်စပ်အနီးရှိ UWSP တောင်ပိုင်းစစ်ဌာနချုပ်တည်ရှိရာနေရာတွင် ကီလိုမီတာ ၆၀၀ ရှည်လျားသော လမ်းများဖောက်လုပ်ပြီးစီးခဲ့ကြောင်း UWSP မှကြေငြာခဲ့သည်။  ထို့အပြင် UWSP မှ ဓာတ်အားပေးစက်ရုံ ခုနစ်ရုံကို တည်ဆောက်ခဲ့ပြီး UNODC (ကုလသမဂ္ဂ မူးယစ်ဆေးဝါးမှုခင်းဆိုင်ရာရုံး) ၏ အကူအညီဖြင့် မြို့ပြစီမံကိန်းများကို စတင်နိုင်ခဲ့သည်။ ထို့အပြင် ဝဒေသရှိ ပန်ဆန်းတွင် စီးကရက်စက်ရုံနှင့် စက္ကူစက်ရုံ၊ မီးခြစ်စက်ရုံ၊ ဓာတ်သတ္တုရေသန့် စက်ရုံနှင့် ဘီယာစက်ရုံများ ကဲ့သို့သော  ကိုယ်ပိုင်လုပ်ငန်း အသေးစားများစွာ ပေါ်ပေါက်လာခဲ့သည်။ သို့သော်လည်း ဝဒေသတွင် ကာစီနိုကြီးများ ဆောက်လုပ်ခြင်းသည် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်သောကြောင့် အထူးအရေးကြီးသော ၀င်ငွေရင်းမြစ်တစ်ခု လည်းဖြစ်လာခဲ့သည်။

ပေါင်ယုချန်နှင့် UWSP ၏ ဗဟိုအဖွဲ့ဝင်များသည် ဝင်ငွေအရင်းအမြစ်အသစ်များ ရရှိရန် ဝပြည်နယ် ပြင်ပတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ခဲ့ကြသည်။ ဥပမာအားဖြင့် ပေါင်ယုချန်၏ သားမက်ဖြစ်သူ ဟိုချိတင်သည် Yangon Airways တွင် ရှယ်ယာအများစုကို ပိုင်ဆိုင်ထားပြီး ဟိုတယ်လုပ်ငန်းလုပ်ကိုင်သည့် Tetkham Co Ltd ၏ ဥက္ကဌလည်းဖြစ်သည်။

စစ်ခေါင်းဆောင်တစ်ဦးဖြစ်သော ပေါင်ယုချန်သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝဒေသ၊ တရုတ်နှင့် မြန်မာနိုင်ငံတို့၏ ‚အိမ်နီးချင်းကြီးများ‘ ဆက်ဆံရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်ခဲ့သည်။ သူ၏ အဓိကရည်ရွယ်ချက်မှာ ဝလူမျိုးအတွက် တတ်နိုင်သမျှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံစလုံးကို အကွာအဝေးတစ်ခုစီတွင် ပါတ်သတ်ဆက်နွယ်ရန်ဖြစ်သည်။ သို့သော်လည်း UWSA သည် တရုတ်နိုင်ငံနှင့် ပိုမို၍ ဆက်ဆံရေးနီးစပ်ကောင်းမွန်ပါသည်။  မကြာသေးမီက တရုတ်နိုင်ငံ၏ အထူးကိုယ်စားလှယ် စွန်ကောရှောင် (孙国祥) သည် ပေါင်ယုချန်နှင့် တွေ့ဆုံခဲ့ပြီး ဝဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် နှစ်၃၀ပြည့်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ တရုတ်နိုင်ငံ၏ အထူးသံတမန် တတ်ရောက်ခဲ့သော အနှစ် ၃၀ ပြည့်အခမ်းအနားတွင် ပေါင်ယုချန်က ဤသို့ကြွေးကြော်ခဲ့သည်။

„ငါတို့လိုအပ်တာက တိုင်းရင်းသား တန်းတူညီမျှရေး၊ တိုင်းရင်းသား ဂုဏ်သိက္ခာ၊ တိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဖြစ်တဲ့အတွက် ဝဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းရင်းသား ပြည်နယ် အဖြစ် ပေးဖို့ အစိုးရကို ငါတို့တောင်းဆိုခဲ့တယ်။ ပြီးတော့ ငါတို့ဘဝအတွက် ငါတို့တိုက်ပွဲဝင်ခဲ့ကြတယ်။ ငါတို့ရဲ့ နိုင်ငံရေးတောင်းဆိုချက်တွေကို အကောင်အထည်မဖော်မချင်း တဖက်မှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဆိုင်းဘုတ်ကို ကိုင်ထားပြီး တဖက်မှာ လက်နက်ကိုင်ဆောင်ပြီး မိမိကိုယ်ကို ခုခံကာကွယ်ပြီး ပိုနေမြဲ ကျားနေမြဲ အနေအထားကို ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်တယ်။“

ပေါင်ယူရီ (ဘယ်ဘက်မှ နံပါတ် ၂) KIA ဥက္ကဌ (လက်ဝဲ) နှင့် USDDP နှင့် NLD ကိုယ်စားလှယ်နှစ်ဦးတို့နှင့်အတူ ၂၀၁၇ ခုနှစ် မေလတွင် (Photo: Reuters)

ပေါင်ယုချန်က ၎င်း၏မိန့်ခွန်းတွင် “ကျွန်တော်တို့ ဝလူမျိုးတွေဟာ ကိုယ့်ကံကြမ္မာရဲ့ ကိုယ်ပိုင်အရှင် သခင်များသာဖြစ်ပါတယ်” ဟုဆိုကာ ၎င်း၏ “စစ်ပွဲအတွေ့အကြုံရှိပြီးသူ” လူပေါင်း၆သိန်းကျော်သည် ကြားခံစစ်ပွဲများတွင် အပေါင်သဘောအနေဖြင့် ဘယ်တော့မှ ပါဝင်မည်မဟုတ်ကြောင်း ကြေငြာပြောဆိုခဲ့သည်။

၂၀၁၇ခုနှစ် ဧပြီလ ၁၉ရက်နေ့တွင် ပေါင်ယုချန်သည် ၂၀၁၅ခုနှစ် အောက်တိုဘာလတွင် မြန်မာအစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်မထိုးရသေးသော လက်နက်ကိုင် ခုနစ်ဖွဲ့ဖြင့် ပန်ဆန်းမြို့တွင် အသစ်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးအတိုင်ပင်ခံ ကော်မတီ (FPNCC) ၏ ဥက္ကဌ ဖြစ်လာခဲ့သည်။ ထိုအခြေအနေကို မြန်မာအစိုးရမှ စီစဉ်သော ၂၁ ရာစု ပင်လုံညီလာခံဟု အမည်ပေးထားသည့်  ငြိမ်းချမ်းရေး ညီလာခံများ၏ အခြားရွေးချယ်စရာတစ်ခုအဖြစ် ရှုမြင်ပါသည်။ အခမ်းအနားကို တရုတ်နိုင်ငံ နယ်စပ်ဒေသ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးရန် UWSA ခေါင်းဆောင်ပိုင်းနှင့် ပုံမှန်တွေ့ဆုံလေ့ရှိသည့်  အာရှရေးရာ တရုတ် အထူးသံတမန် စွန်ဝချန်  (孙国祥) လည်း တက်ရောက်ခဲ့သည်။ တစ်ဖက်တွင်လည်း UWSA သည် ပင်လုံညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခံရပြီး ပေါင်ယုချန်၏ အစ်ကိုဖြစ်သူကလည်း ဝပြည်သွေးစည်းညီညွတ်ရေးပါတီ နှစ်ပတ်လည်နေ့ကျင်းပပြီးနောက် မကြာမီ ၂၀၁၇ ခုနှစ် မေလတွင် နေပြည်တော်၌ ကျင်းပသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ သို့သော်လည်း ရှမ်းပြည်အရှေ့ပိုင်း၊ မြန်မာ့မြေပေါ်တွင် နှစ်ပေါင်းများစွာတည်ရှိနေခဲ့သော ဝဒေသမှ ‚ဝ‘ ခေါင်းဆောင်များသည် “သောင်မတင်ရေမကျ အခြေအနေ”ကို ရေရာသေချာစေနိုင်သည့် ကူညီပံ့ပိုးမှုများ မရှိခဲ့သည်ကိုတွေ့ရှိနိုင်ပါသည်။

ဝဒေသသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြားရှိ အထူးဒေသတည်ရှိရာနေရာဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အခြားသော သူပုန်အဖွဲ့များနှင့် နီးကပ်သော ဆက်ဆံရေးလည်းရှိသည့်အတွက် ပေါင်ယုချန်သည် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွင် အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။

သုံးသပ်ချက်

ယနေ့အချိန်တွင် ပေါင်ယုချန်အပေါ်ထားရှိသော အမြင်သဘောထားများ ကွဲလွဲနေပါသည်။ UWSA၏ ခေါင်းဆောင်တစ်ဦးအဖြစ် နိုင်ငံတကာအသိုင်းအဝန်းမှ ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွင် တာဝန်ရှိသော စစ်ဘုရင်အဖြစ် သတ်မှတ်ခံရသည်။ ၂၀၀၅ခုနှစ်တွင် US တရားရေးဌာနမှ ဥက္ကဌပေါင်ယုချန်နှင့်အခြားသော UWSP ခေါင်းဆောင်များအား ဘိန်းဖြူနှင့် စိတ်ကြွဆေးများ ရောင်းဝယ်ဖောက်ကားမှုဖြင့် တရားစွဲဆိုခဲ့သည်။ UWSA အား „ကမ္ဘာ့အကြီးဆုံး ဘိန်းဖြူထုတ်လုပ်ခြင်းနှင့် လူကုန်ကူးသည့် အဖွဲ့များထဲမှ တစ်ခု“ အဖြစ် ရှုတ်ချခဲ့သည်။

ထို့အပြင် ကလေးစစ်သားအသုံးပြုမှုနှင့် ဝဒေသများမှ လူနည်းစုများကို ကြမ်းတမ်းစွာ နှင်ထုတ်ခြင်းစသည့် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများသည် ပေါင်ယုချန်ကြောင့်ဟု ယူဆနိုင်သည်။ ထိုအရာများက ပေါင်ယုချန်ကို မကောင်းသော စစ်ဘုရင်အဖြစ် ရှုမြင်နိုင်စေသည် ။

သို့သော် ၁၉၈၉ ခုနှစ်မတိုင်မီနှင့် နောက်ပိုင်းတွင် တော်လှန်ရေးအဖွဲ့ အများအပြားက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် အခြားသောရာဇ၀တ်မှုအချို့ကို ငွေ​ကြေးလိုအပ်ချက်များအား ဖြည့်ဆည်းရန် လုပ်ကိုင်နေခဲ့သောကြောင့် ထိုအရာများအားလုံးကို ပေါင်ယုချန်တစ်ဦးတည်းဆီသို့သာ တိုက်ရိုက်စွပ်စွဲပြောဆိုခြင်းသည် မမှန်ကန်နိုင်ပေ။ ထို့အပြင် ဗမာပြည်ကွန်မြူနစ်ပါတီ အကွဲကွဲ အပြားပြားဖြစ်ပြီးနောက် UWSP သည် ဘိန်းဘုရင်ခွန်ဆာနှင့်အတူ  စစ်ဆင်ရေးများတွင် ၁၉၉၆ ခုနှစ် အထိပါဝင်နေဆဲဖြစ်ကြောင်းကိုလည်း သတိပြုရမည်ဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် ပေါင်ယုချန်သည် ပါတီဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူပြီးနောက်တွင် ၂၀၀၅ ခုနှစ်နောက်ဆုံးထား၍ ဝဒေသအားဘိန်းကင်းစင်နယ်မြေအဖြစ်ဖန်တီးရန် UWSP ၏ မူးယစ်ဆေးဝါး မူဝါဒကို စတင်လုပ်ဆောင်ခဲ့သည်။ ထိုအချိန်အတောအတွင်းတွင်လည်း ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးအတွက် ခိုင်မာသော အစီအမံများစွာကို လုပ်ဆောင်ခဲ့ပါသည်။ ထို့ကြောင့် ပေါင်ယုချန်ကိုယ်တိုင်က ဘိန်းကုန်သွယ်မှုကို ပြဿနာတစ်ခုအဖြစ် ရှုမြင်ပြီး ရေရှည်တွင် အခြားရွေးချယ်စရာများကို ဖန်တီးပေးခြင်းအားဖြင့် ၎င်း၏ပြည်သူများကို ဘိန်းကုန်သွယ်မှုပြဿနာမှ ဖယ်ရှားနိုင်ရန်ကြိုးပမ်းခဲ့သည်ဟုလည်း ဆိုနိုင်ပါသည်။  သို့သော်လည်း ဝပြည်နယ်အနေဖြင့် ရင်းနှီးမြှတ်နှံမှုများအား တရုတ်နိုင်ငံကဲသို့သော အင်အားကြီးသူများထံမှသာ မှီခိုကြသည်။

၁၉၉၅ ခုနှစ်ကတည်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အစီအမံများ ဆောင်ရွက်ခဲ့သော်လည်း ဝဒေသသည် မှောင်ခိုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအပေါ် မှီခိုအားထားနေရဆဲ ဖြစ်သောကြောင့် ပေါင်ယုချန်လုပ်ဆောင်ခဲ့သော စီမံကိန်းများ၏ရိုးသားမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ ဥပမာအားဖြင့် crystal methamphetamines (ice) စိတ်ကြွဆေးများကို ပြည်ပသို့ တင်ပို့ရန် ထုတ်လုပ်လျက်ရှိနေသည်။

သို့သော်လည်း ဝဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းနှင့် ‚ဝ‘ ခေါင်းဆောင်များ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမူဝါဒ ရှုံးနိမ့်မှုသည် ခေါင်းဆောင်မှု၏ လိုအပ်ချက်ကြောင့်ဖြစ်သည်ဟုလည်း တစ်ထစ်ချ ယူဆ၍မရနိုင်ပေ။ ‘ဝ’ ခေါင်းဆောင်များသည် မြန်မာအစိုးရမှ ချမှတ်ထားသော အတားအဆီးများစွာကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။ မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် ကုမ္ပဏီများနှင့် ထုတ်ကုန်အသစ်များကို အတည်ပြုခြင်းလုပ်ငန်းစဉ်များသည် ရှုပ်ထွေးပြီး ရှည်လျားပါသည်။ ထို့အပြင် ဗဟိုအစိုးရမှ ‚ဝ‘ ဒေသရှိ ကုမ္ပဏီများကို မြန်မာနိုင်ငံအလယ်ပိုင်းသို့ ကုန်ပစ္စည်းတင်ပို့ခွင့်မပြုနိုင်ရန်  ကန့်သတ်ချက်များ ပြုလုပ်ထားသည်။ ထို့အပြင် နိုင်ငံတကာဈေးကွက်သို့ တင်ပို့မှုကိုလည်း ဗဟိုအစိုးရထိန်းချုပ်ထားသော နယ်စပ်စစ်ဆေးရေးဂိတ်အချို့မှသာလျင် ဆောင်ရွက်နိုင်ရန် ကန့်သတ်ချက်များ ချမှတ်ထားသည်။ ထို့ကြောင့် ဝဒေသမှ ကုန်ပစ္စည်းများအား ပြင်ပသို့တင်ပို့ရာတွင် အကျင့်ပျက်ခြစားမှုများနှင့် ဗျူရိုကရေစီအတားအဆီးများကြောင့် အဟန့်အတားများစွာရှိနေသည်။ ထိုအချက်များက တရုတ်နိုင်ငံနှင့် တရားဝင်ကုန်သွယ်မှုကို ထိန်းညှိနိုင်ရန် အပြင် အပစ်ရပ်အဖွဲ့များကို အားနည်းသွားစေရန် မြန်မာအစိုးရ၏ ဗျူဟာတစ်ရပ်လည်းဖြစ်ပါသည်။ ထို့ကြောင့် ပေါင်ယုချန်သည် ‚ဝ‘ ဒေသကို တရားဝင်ဖွံ့ဖြိုးတိုးတက်စေရန် တရုတ်နိုင်ငံကို မဟာဗျူဟာမိတ်ဖက်အဖြစ် စဉ်းစားခြင်းကို နားလည်နိုင်ပါသည်။

 ပေါက်ယူချန်းသည် ဝဒေသရှိ ခေါင်းဆောင်တစ်ဦးအနေဖြင့် ရှမ်းပြည်နယ်နယ်နမိတ်အတွင်းရှိ လူနည်းစုဖြစ်သော ဝဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်အောင် ဖန်တီးနိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အပိုဒ် ၅၆/စတွင်လည်း ဟိုပန်၊ မိုင်းမ၊ ပန်ဝိုင်၊ နာဖန်၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ်များကို ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တရားဝင် ပြဌန်းထားပါသည်။

ဝမျိုးနွယ် လူနည်းစုဝင်တစ်ဦးဖြစ်သူ ပေါင်ယုချန်ကိုယ်တိုင်က ၎င်း၏အမျိုးသားရေးခံစားချက်ဖြင့် လွတ်လပ်သောနိုင်ငံထူထောင်ရေးတွင် သူ၏ပြည်သူများ၏အခွင့်အရေးအတွက် တိုက်ပွဲဝင်လိုကြောင်း မှန်းဆနိုင်သည်။ သို့သော်လည်း ယနေ့အချိန်တွင် သူ၏ ဂုဏ်သတင်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ အကျင့်ပျက်ခြစားမှုနှင့် မှောင်ခိုလုပ်ငန်းများဖြင့်သာ လွှမ်းမိုးနေသည်။ ဝေဖန်သူများက ပေါင်ယုချန်အား ဝဒေသရှိ သယံဇာတများကို ရောင်းချပြီး သူ့ပြည်သူများကို စတေးကာ ကိုယ်ကျိုးအတွက်ချမ်းသာအောင် ပြုလုပ်ခဲ့သည်ဟုလည်း စွပ်စွဲခဲ့ကြသည်။ ကြွယ်ဝချမ်းသာသော စစ်ဗိုလ်ချုပ်များ ဖြစ်လာကြသည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများကဲ့သို့ပင် ပေါင်ယုချန်သည်လည်း စည်းစိမ်းဥစ္စာများစွာ စုဆောင်းနိုင်ခဲ့ပြီး Myanmar May Flower Group ကဲ့သို့သော မြန်မာနိုင်ငံရှိ ကော်ပိုရိတ်လုပ်ငန်းအမျိုးမျိုးတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ခဲ့သည်။

ထို့ကြောင့် ထိုစွပ်စွဲချက်များကိုလည်း သေချာစွာမငြင်းဆိုနိုင်ခဲ့ပေ။  ပေါင်ယုချန်သည် ဝဒေသတွင် ဆုံးဖြတ်ချက်ချမှတ်နိုင်သော အဓိကခေါင်းဆောင်အဖြစ် ဆက်လက်တည်ရှိနေပါသည်။ ထို့ကြောင့် ၎င်း၏ ဂုဏ်သတင်းသည် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် ဝဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်နိုင်ရန် နှင့် အခြားရွေးချယ်စရာ စီးပွားရေးလုပ်ငန်းများ တရားဝင်ဖန်တီးပေးနိုင်ရန် ကြိုးပမ်းပေးနိုင်မည့် ၎င်း၏ စွမ်းရည်အပေါ် မူတည်မည်ဖြစ်သည်။

အောက်ခြေမှတ်စုများ

1  ဤအမည်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အသုံးပြုခဲ့သော အမည်ဖြစ်သည်။ ယခင်က ဝ အထူးဒေသ (၂) ဟု လူသိများသည်။

2 ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဌာနချုပ်နှင့် ၎င်း၏ ရှေးထုံးတမ်းစဉ်လာများအရ ထိုမြို့ကို ဝပြည်နယ်၏ မြို့တော်အဖြစ် သတ်မှတ်နိုင်သည်။

3  ၁၉၈၈ ခုနှစ် ဆန္ဒပြပွဲများကို အခွင့်အရေးအဖြစ် အသုံးမပြုခဲ့ခြင်းနှင့် ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ အကွဲကွဲအပြားပြားဖြစ်ခြင်း တို့ကိုပေါင်းစပ်လိုက်သောအခါ  ဗမာပြည်ကွန်မြူနစ် ပါတီကို ဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့ငယ်များ အုံကြွမှုဖြစ်စေခဲ့သည်။ (Kramer၊ 2019: p.11-44)။

4  ၁၉၈၈ခုနှစ် ဆန္ဒပြပွဲများအပြီးတွင် ယခင်ဆိုရှယ်လစ်အစိုးရ မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) ကိ ဗိုလ်ချုပ်ကြီး စောမောင်ဦးဆောင်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ (နဝတ) ဖြင့်ပြောင်းလဲအစားထိုး ခဲ့သည်။  (Kramer, 2019: p.9)

5  မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၆/စအရ ဟိုပန်၊ မိုင်းမ၊ ပန်ဝိုင်၊ နပန်၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ်များကို ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် အသွင်ပြောင်းခဲ့သည်။

6 The Irrawaddy, 17.4.2019 (https://www.irrawaddy.com/news/burma/uwsa-leader-repeats-demands-autonomous-wa-state-30th-anniversary.html; accessed 13.3.2019)

7 Mratt (2019)

8 In April 2017 the Arakan Army (AA), Kachin Independence Army (KIA), Myanmar National Democratic Alliance Army (MNDAA), and Ta’ang National Liberation Army (TNLA), Shan State Progress Party/Shan State Army (SSPP/SSA), Shan State East National Democratic Alliance Association (NDAA) and United Wa State Army (UWSA) jointly formed the FPNCC. (Tønnesson 2019, S.1)

9 Justice Department (2005)

ကိုးကားချက်များ

Justice Department (January 24, 2005): Justice Department Charges Eight in Burma with Drug Trafficking (Long-term international effort targeted leaders of United Wa State Army) (2060). Distributed by the Bureau of International Information Programs, U.S. Department of State. Web. https://wfile.ait.org.tw/wf-archive/2005/050124/epf102.htm (26.02.2020)

Ko-lin, Chin (January 14, 2009): The Golden Triangle: Inside Southeast Asia’s Drug Trade. Auflage: 1. Cornell University Press.

Kramer, Tom (July 2019): NEITHER WAR NOR PEACE. THE FUTURE OF THE CEASE – FIRE. Drukkerij Primavera Quint. Amsterdam

Liu, Yun (2017): Building Peace in Myanmar: Birth of the FPNCC. https://theasiadialogue.com/2017/10/06/building-peace-in-myanmar-birth-of-the-fpncc/ (29.02.2020)

Mratt, Kyaw Thu; AFP (April 17, 2019): ‘Armed self-defence’ needed till demands are met, says Wa leader. In: Myanmar Frontier. Web. https://frontiermyanmar.net/en/armed-self-defence-needed-till-demands-are-met-says-wa-leader (29.02.2020)

Ministry of Information (Sept. 2008): Constitution oft he Republic of The Union of Myanmar (2008). In: Nay Pyi Taw

Sai, Wansai (February 07, 2019): Shan State re-emerges as illicit narcotics production center. In: BNI Multimedia Group. Web. https://www.bnionline.net/en/news/shan-state-re-emerges-illicit-narcotics-production-center (20.10.2019)

Sandford, Steve (May 15, 2019): Relative Stability Brings Progress to Myanmar Region. In: VOICE OF AMERICA. Web. https://www.voanews.com/east-asia-pacific/relative-stability-brings-progress-myanmar-region (20.10.2019)

The Irrawaddy (17 April 2019): UWSA Leader Repeats Demands for Autonomous Wa State on 30th Anniversary. Web. https://www.irrawaddy.com/news/burma/uwsa-leader-repeats-demands-autonomous-wa-state-30th-anniversary.html (15.03.2020)

Tønnesson, Stein; Aung, Ne Lynn; Nilsen, Marte (2019): Will Myanmar’s Northern Alliance

Join the Peace Process? PRIO POLICY BRIEF 02.2019. Peace Research Institute Oslo (PRIO).

Weng, Lawi (May 5, 2015): We Have Been Subjected to International Pressure. Web. https://www.irrawaddy.com/in-person/interview/we-have-been-subjected-to-international-pressure.html (20.10.2019)

Xiaoning (August 24, 2005): Bao Youxiang, seigneur de la drogue. In: Courrier international. Web. https://www.courrierinternational.com/article/2005/08/25/bao-youxiang-seigneur-de-la-drogue (20.10.2019)

Yimou Lee (DECEMBER 29, 2016): Through reclusive Wa, China’s reach extends into Suu Kyi’s Myanmar. In: Reuters. Web. https://www.reuters.com/article/us-myanmar-wa-china-idUSKBN14H1V8 (20.10.2019)

Schreibe einen Kommentar

Deine E-Mail-Adresse wird nicht veröffentlicht. Erforderliche Felder sind mit * markiert