ဆရာစံ (1876-1931)

Eileen Brandenburg / Hans-Bernd Zöllner
Translation by Nang Lao Kham

English Version of this article

မိတ်ဆက်

ဆရာစံသည် ဗမာ့လွပ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် သူရဲကောင်းများထဲမှ တစ်ဉီးအပါအဝင်ဖြစ်သည်။ အဘယ်‌‌‌‌‌‌‌ကြောင့်ဆိုသော် ၁၉၃၀ခုနှစ်နှောင်းပိုင်းတွင်  စတင်ခဲ့သည့် တောင်သူလယ်သမားအရေး‌‌တော်ပုံတွင် ဉီး‌‌‌‌‌‌‌‌‌ဆောင်ပါဝင်ခဲ့သော‌ကြောင့် ဖြစ်သည်။ ဆရာစံ အရေး‌‌‌‌တော်ပုံ ဟုအမည်ရသော ထိုအရေး‌‌‌‌တော်ပုံကို ဆရာစံသည် ‌‌‌ခေါင်းဆောင်နေဖြင့် ၈လခန့်သာ ‌ဆောင်ရွက်ခဲ့သော်လည်း ထိုအရေး‌‌‌‌တော်ပုံသည် မြန်မာနိုင်ငံအနှံအပြားတွင် လ‌‌ပေါင်းများစွာ ဆက်လက်ဖြစ်ပေါ်‌‌‌‌‌နေခဲ့ပါသည်။   ဆရာစံသည် သူပုန်ခေါင်း‌‌‌‌‌ဆောင်အဖြစ် ခဏတာမျှသာ ပါဝင်ခဲ့‌သော်လည်း ကိုလိုနီဆန့်ကျင်ရေးကာလအတွင်းရှိ အရေး‌‌‌‌တော်ပုံ၏ရည်ရွယ်ချက် နှင့် ထိုအထဲတွင်ပါဝင်သော ဆရာစံ၏အခန်းကဏ္ဍတို့ကို စစ်ဆေး‌‌ရန် ကြိုးပမ်းမှုများကို ကြိမ်ဖန်များစွာခံခဲ့ရသည်။ “ဆရာစံအရေး‌‌တော်ပုံ” အပေါ်ရှိ များစွာ‌သော ရှုမြင်ပုံတို့သည် ယနေ့တိုင် မြန်မာ့သမိုင်းနှင့် နိုင်ငံရေး တို့၏‌‌နောက်ကွယ်ရှိ တွန်းအားများအားနားလည်သဘော‌ပေါက်သည့် ပုံစံများအား ညွှန်ပြလျက်ရှိသည်၊

အတ္ထုပ္ပတ္တိပုံကြမ်း

ဆရာစံကို ၁၈၇၆ခုနှစ် ‌အောက်တိုဘာလ ၂၄ရက်နေ့တွင် ‌‌နောက်ဆုံး ဗမာ့မင်းဆက် တည်ထောင်သူ အလောင်းဘုရားမင်း၏ မြို့တော်ဖြစ်သော ရွှေဘိုခရိုင်အနီးရှိ ရွာတစ်ရွာတွင်‌ မွေးဖွားခဲ့ပြီး ငယ်နာမည်မှာ ဦးရာ‌ကျော်ဖြစ်သည်။  ဆရာစံကို မွေးဖွားပြီး ၁၀နှစ်အကြာတွင် ဗြိတိသျှတို့၏ မြန်မာနိုင်ငံအပေါ် အုပ်ချုပ်မှုအဆုံးသတ်ချိန်ရောက်လာခဲ့သည်။  ထိုအချိန်တွင် ၎င်း‌မွေးဖွားရာ ‌ဒေသအနီးတွင် မိရိုးဖလာ ဘုန်း‌တော်ကြီးသင် စာသင်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။  အရွယ်ရောက်လာချိန်တွင် အနီးအနားရှိ အခြားရွာသို့ ‌‌ပြောင်းရွေ့ကာ ဖျာနှင့် ခြင်း‌‌တောင်းများ ယက်လုပ်ရောင်းချ၍ အသက်မွေးပါသည်။  နောင်တွင် ထိမ်းမြားလက်ထက်ခဲ့ပြီး သား‌‌ယောကျာ်းလေး ၁ယောက်နှင့် သမီးမိန်းကလေး ၁ယောက် ထွန်းကားခဲ့သည်။  နောက်ပိုင်းတွင် မြန်မာနိုင်ငံ‌တောင်ပိုင်းရှိ ‌‌မော်လမြိုင်မြို့အနီးရှိ မိုးမိန်းသို့ မိသားစုလိုက် ပြောင်းရွေ့ကာ လက်သမားဆရာအဖြစ် အသက်‌မွေးခဲ့ပြီး ဗေဒင်ဆရာ၊ တိုင်းရင်းဆေးဆရာအဖြစ်လည်း အောင်မြင်ခဲ့သည်။  ဆရာစံသည် အနောက်တိုင်းဆေးပညာနှင့် မိရိုးဖလာဗမာ့တိုင်းရင်း‌ဆေးပညာ ကို နှိုင်းယှဉ်ထား‌သော ကျမ်း၂အုပ် ကိုလည်းပြုစုရေးသားခဲ့သည်။  ထိုအချိန်မှစတင်၍ ၎င်းအနေဖြင့် ဆရာစံဟူသော အမည်အား ‌ခေါ်တွင်‌စေခဲ့ခြင်း ဖြစ်နိုင်ပါသည်။  ဆေးဆရာ တစ်ယောက်အနေဖြင့် ဗေဒင်၊ ဝိဇ္ဇာ နှင့် ဂါထာ ဆိုင်ရာ နယ်ပါယ်များတွင် အထူးကျွမ်းကျင်သူအဖြစ်သတ်မှတ်ခံခဲ့ရသည်။

Saya San around 1927

၁၉၂၀ ခုနှစ်တွင် မြန်မာနိုင်ငံလွပ်လပ်ရေး အတွက် တိုက်ပွဲဝင်ရန် နိုင်ငံအနှံ့အပြားရှိ အမျိုးသား‌ရေး လှုပ်ရှားတတ်ကြွသူများဖြင့် ဖွဲ့စည်းထား‌သော မြန်မာနိုင်ငံလုံးဆိုင်ရာအသင်းချုပ် (GCBA) သို့ ဝင်ရောက်ခဲ့သည်။ ပထမပိုင်းတွင် ဆရာစံသည် ၎င်း‌၏ ‌ကျေးရွာအဖွဲ့အစည်းကို ကိုယ်စားပြုပြီး ‌နောက်ပိုင်းတွင် ‌‌မော်လမြိုင်ခရိုင် ရုံးခွဲအတွက် တာဝန်ထမ်း‌ဆောင်ခဲ့သည်။  ဗြိတိသျှ၏ အခွန်ကောက်ခံမှုစနစ်ကြောင့် ဖြစ်ပေါ်လာ‌‌သော လယ်သမားများ၏ မကျေနပ်မှုများအား စာရင်း‌‌ကောက်ယူရန်အတွက် ဆရာစံအား ၁၉၂၄ခုနှစ်တွင် စုံစမ်းရေးကော်မတီဉက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။  ၁၉၂၉ခုနှစ်တွင် ဆရာစံမှ ကိုလိုနီအစိုးရမှ မတရားဖိနှိပ်ခြင်းကို ခံနေရသည့် ရွာသားများကို ကာကွယ်ရန်အတွက် ခုခံကာကွယ်ရေးအဖွဲ့အစည်းများကို တည်ထောင်ပြီး အမြတ်ခွန်ပေးခြင်းကို ငြင်းဆန်ရန်အဆိုပြုခဲ့သည်။  ထိုအဆိုပြုချက်ကို ၁၉၂၉ခုနှစ်တွင်ကျင်းပသော GCBA ညီလာခံတွင် ငြင်းပါယ်ခံခဲ့ရပြီး‌‌နောက် ဆရာစံသည် ဂဋုန်အသင်းဟုအမည်ရသော ၎င်း‌၏ကိုယ်ပိုင်အသင်းကို ဖွဲ့စည်းခဲ့သည်။ ဂဋုန်ဆိုသည်မှာ ထိုအချိန်ကာလတွင် ဗြိတိသျှတို့ကို ကိုယ်စားပြုပြီး ကမ္ဘာမြေကြီး နှင့် ရေတို့ကို ကိုယ်စားပြုသည့်နဂါးကို အောင်နိုင်သည်ဟု ယုံကြည်ကြသော ဒဏ္ဍာရီလာငှက်တစ်မျိုးဖြစ်သည်။

ဆရာစံသည် ၎င်း‌၏နောက်လိုက်များကို သစ္စာကျိန်ဆိုစေခြင်းနှင့် ဂဋုန်ရုပ်ပုံများအား တတ်တူးရေးထိုးစေခြင်းတို့ဖြင့် လက်ခံခဲ့သည်။  ၁၉၃၀ခုနှစ် ‌ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ဆရာစံသည် ရန်ကုန်မြို့၏ ‌အနောက်ဘက် ၁၇၀ကီလိုမီတာခန့် အကွာရှိ သာယာဝတီခရိုင်တွင် ဌာနချုပ်ကို တည်ထောင်ပြီး “ဂဋုန်တို့၏ဘုရင်”ဟူသော အမည်ကိုခံယူ၍ အရေး‌‌‌‌တော်ပုံကို စတင်ခဲ့သည်။ ထိုအရေး‌‌‌‌တော်ပုံကို လယ်သမားများ၏အခွန်များကို လျော့ပေါ့ပေးရန် ခေတ္တအုပ်ချုပ်ရေးမှူး ဆာဂျိုးဇက် အေအောင်ကြီး မှ ငြင်းဆန်ပြီး ‌‌နောက်တစ်ရက် မင်္ဂလာရှိ‌‌သော အချိန် ည ၁၁နာရီ ၃၃မိနစ်တွင် စတင်ခဲ့သည်။   အရေး‌‌တော်ပုံစတင်သည့် ၄၈နာရီအတွင်း အစိုးရအေးဂျင့်များဖြစ်သော ရွာလူကြီး၄‌‌‌ယောက်အသတ်ခံရပြီး အခြားအစိုးရဌာနများဖြစ်သော ရဲစခန်း၊ ဗြိတိသျှတို့၏ အမှတ်သင်္ကေတများ ဖြစ်သည့် ရထားလမ်းဂုံး‌ကျော်တံတားများ၊ ကြေးနန်းတိုင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ဒီဇင်ဘာလ၃၀ရက်နေ့တွင် ပဲခူးရိုးမအနီး ‌တောင်တန်းများပေါ်ရှိ ဆရာစံ၏ဌာနချုပ်ကို အစိုးရတပ်များမှ သိမ်းပိုက်လိုက်နိုင်ခဲ့သည်။ ဆရာစံသည် ဘုန်းကြီးအဖြစ် ရုပ်ဖျက်၍ ရထားဖြင့် ပြည်မြို့သို့တိမ်း‌‌ရှောင်ခဲ့ပြီး ဇန်နဝါရီလ ၁၉၃၁ခုနှစ်တွင် ရထားဖြင့် ရှမ်းပြည်နယ်‌‌တောင်ပိုင်းသို့ ပြောင်းရွေ့ခဲ့သည်။ ထိုနေရာတွင် အာဏာပိုင်များ၏ မတရားနှိပ်စက်ခြင်းကို ခံရသည့်ရွာသားများကို ကူညီရန် တိုင်းရင်းသားအုပ်စုများ ပါဝင်သောနောက်ထပ်ဂဋုန်စစ်တပ်ကိုဖွဲ့စည်းခဲ့သည်။ အစိုးရစစ်တပ်များမှ သူပုန်တပ်များကို နှိမ်နှင်းချိန်တွင် ဆရာစံသည် ရွှေဘိုအနီးရှိ ၎င်း‌၏‌မွေးရပ်မြေသို့ ပြောင်းရွေ့ရန်ကြိုးပမ်းခဲ့သော်လည်း အဖမ်းခံရပြီးထိပ်တုံးခတ်ခံခဲ့ရသည်။  ၁၉၃၁ခုနှစ် သြဂုတ်လ ၂ရက်နေ့တွင် ‌ဒေသခံတစ်ယောက်၏ သတင်းပေးပို့မှုကြောင့် ဆရာစံကို ရဲများကဖမ်းဆီးနိုင်ခဲ့သည်။ ဆရာစံကို သာယာဝတီသို့ ပြန်လည်ခေါ်ဆောင်လာပြီး အထူးခုံရုံးဖြင့် စစ်ဆေးကာ သြဂုတ်လ ၂၈ရက်နေ့တွင် သေဒါဏ်ချမှတ်ခဲ့သည်။ အယူခံဝင်ခြင်းကို ငြင်းပါယ်ခဲ့ပြီး ဆရာစံကို ၁၉၃၁ခုနှစ် နိုဝင်ဘာလ ၂၈ရက်နေ့တွင် ကြိုး‌‌ပေးကွပ်မျက်ခဲ့သည်။ ဆရာစံကွပ်မျက်မခံရမီ ၎င်း‌၏နာမည်နှင့် စာကြည့်တိုက် တည်ဆောက်စေရန် ရည်ရွယ်ကာ ၎င်း‌၏မိရိုးဖလာဆေးပညာဆိုင်ရာအကြောင်း ရေးသားထားသော စာအုပ် ၂အုပ်အား ဆက်လက်ရောင်းချခွင့်ကို သတင်းစာဆရာ ၂ယောက်အား လွှဲ‌ပြောင်းပေးအပ်ခဲ့သည်။  ပထမဆုံးရရှိသည့် အလုပ်များမှာ မာ့က်စ်၊ ထရော့စကိုင် နှင့် လီနင် တို့ ဖြစ်သည်။  ဆရာစံ စတင်ခဲ့သည့် အရေး‌‌‌‌တော်ပုံ သည် ၁၉၃၂ ခုနှစ်အ‌စောပိုင်းအထိဆက်လက်ဖြစ်ပွားခဲ့သည်။

ရည်ရွယ်ချက်များ နှင့် အောင်မြင်မှုများ

ဆရာစံ၏ရည်ရွယ်ချက်များကို ၁၉၂၉ ခုနှစ် GCBA ၏၁၆ကြိမ်မြောက် ညီလာခံတွင် ဆရာစံ အဆိုပြုခဲ့သော အဆိုပြုချက် ၂ခုမှ ထုတ်နှုတ်ထားပါသည်။

၁ – ကိုလိုနီအစိုးရမှကောက်ခံသည့် လူခွန် နှင့် သဿမေဓခွန် များကို ငြင်းပါယ်ခြင်း။

၂ – အစိုးရထံမှ သစ်တောထုတ်ကုန်များဖြစ်သော သစ်နှင့်ဝါးများအား မိသားစုအသုံးပြုခြင်း အတွက် လွပ်လပ်စွာလုပ်ပိုင်ခွင့်ကို ‌‌တောင်းဆိုရန်နှင့် အကယ်၍ အစိုးရမှငြင်းဆန်လျှင် လက်ရှိကျင့်သုံး‌‌ နေ‌သော စည်းမျဉ်းများကို အကြမ်းမဖက်သည့် နည်းလမ်းဖြင့် ခုခံခြင်း။

ထိုအဆိုပြုချက် ၂ခုစလုံးသည် ၁၉၂၉ခုနှစ် တွင်ဖြစ်ပွားခဲ့သော Wall Street crash ၏ ‌နောက်ဆက်တွဲဖြစ်သည့် ကမ္ဘာ့အကျပ်အတည်းကာလအပြီးတွင် နိုငံတစ်ကာ ဆန်စပါးစျေးကွက် ထိုးကျမှု ကြောင့် ‌ကျေးလက်နေလူဉီး‌ရေ၏ စီးပွားရေးကျဆင်းမှု အခြေအနေ လျော့ချရန်နှင့် တစ်ပြိုင်နက်တည်း ဗြိတိသျှ တို့ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများမှ ၎င်း‌တို့၏ လွပ်လပ်ရေးကို ပိုမိုရယူနိုင်ရန် ရည်ရွယ်ပါသည်။  ထိုရည်ရွယ်ချက်များပြည့်မှီရန်‌ဆောင်ရွက်ရာတွင် ဗမာဘုရင်များ၏လက်အောက်တွင်ရှိခဲ့ဖူး‌‌သော ကျေးရွာများရှိ ကိုယ်ထူကိုယ်ထအဖွဲ့ များအား အလွန်တင်းကျပ်ထားသည့် ဗြိတိသျှ တို့၏ အုပ်ချုပ်မှုစနစ်နှင့် အပြိုင် ‌အောက်ခြေဖွဲ့စည်းပုံအဖြစ် ၁၉၂၀‌ နောက်ပိုင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်းအနှံ့အပြားသို့ ပျံ့နှံ့လာသည့် ဝံသာနုအသင်း (ငါတို့လူမျိုးအသင်း)၏ မူဝါဒ များနှင့်အညီ အစိုးရ၏မူဝါဒများကို သပိတ်မှောက်ခြင်းတို့ ပါဝင်ပါသည်။  ထို့ကြောင့် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာရည်ရွယ်ချက်များသည် ဗုဒ္ဓဘာသာနှင့် လူသိများသော ယဉ်‌ကျေးမှုတို့၏ အခြေခံသဘောတရားများ နှင့် တစ်စုတစ်စည်းတည်း ချိတ်ဆက်လျှက်ရှိသည်။ ဆရာစံသည် ၁၉၂၅ခုနှစ်တွင် မြန်မာနိုင်ငံ၏ကျေးရွာများအားလုံးလိုလိုတွင် တည်ရှိ‌သော ဝံသာနုအဖွဲ့အစည်း၏အဖွဲ့ဝင်တစ်‌‌ယောက် ဖြစ်ပြီး GCBAမှတစ်ဆင့် ကျေးရွာများကို နိုင်ငံတော် အဆင့်အထိ ချိတ်ဆက်နိုင်ခဲ့သည်။  ရွေးကောက်ပွဲတွင် ပါဝင်ရန်နှင့် အခွန်ပေးဆောင်ရန် ငြင်းဆန်ခြင်း ကဲ့သို့သော ဗြိတိသျှအုပ်ချုပ်ရေး၏မူဝါဒများကို ထိထိရောက်ရောက်စိန်ခေါ်သည့် ကျေးရွာအခြေပြုအရေးတော်ပုံများဖြင့် ဝံသာနုအသင်းကိုဖွဲ့စည်းထားသည်။ ထိုကဲ့သို့သော ဆန္ဒပြမှုများကြောင့် ၁၉၂၂ခုနှစ်တွင် ကျင်းပသော ဗြိတိသျှတို့၏ ပထမဆုံးရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၆.၇၁%သာမဲရုံကို သွားသဖြင့် မဲပေးမှုရာခိုင်နှုန်းကို ကျဆင်း‌‌စေပြီး အောင်မြင်မှုရရှိခဲ့သည်။  ဤကဲ့သို့ အစိုးရလုပ်ထုံးလုပ်နည်းများအား တိတ်ဆိတ်စွာငြင်းဆိုမှုအပြင် အခွန်သပိတ်မှောက်ခြင်း နှင့် ပူး‌ပေါင်းလုပ်ဆောင်ခြင်း မရှိသည့် အခြား‌‌ပုံစံများကိုလည်း အစိုးရဌာနများမှ အပြစ်‌ဒါဏ်ပေးခဲ့သည်။ ကိုလိုနီစီပွား‌ရေးမှ လွပ်လပ်စွာရပ်တည်နိုင်ရန် အသင်းမှ ဝံသာနု အမှတ်အသားပါ လက်လီအရောင်းဆိုင်များ ဖွင့်လှစ်ခဲ့သည်။ ဗြိတိသျှအုပ်ချုပ်ရေးအတွက် အလုပ်လုပ်‌ပေးနေသော မြန်မာလူမျိုးများကမူ ဆိုင်များဆီသို့မလာကြပေ။ ဘုန်းကြီးများသည်လည်း ဆိုင်များကို ဘာသာရေးဆိုင်ရာဝန်ဆောင်မှုများ မပေးရန်တွန်းအား‌‌ပေးခြင်း ခံခဲ့ကြရသည်။  ဗြိတိသျှအုပ်ချုပ်ရေးမှ ဤအခြေအနေကို “နိုင်ငံရေးအကြမ်းဖက်မှုနှင့် တိုင်းပြည်အတွင်းရှိ လွတ်လပ်သော နိုင်ငံရေးအတွေးအမြင်များအားလုံးကို ဆန့်ကျင်ခြင်း” ဟုမှတ်ယူခဲ့ပြီး ဗြိတိသျှအုပ်ချုပ်ရေးတွင်ပါဝင်နေသော မြန်မာလူမျိုးများကို ဝိုင်းပါယ်ရန် ကြိုးပမ်းမှုများကို တုံ့ပြန်ရန်အတွက် သပိတ်မှောက်မှုဆန့်ကျင်ရေး ဉပဒေကို အတည်ပြုခဲ့သည်။ ဤတွင် “လွတ်လပ်ရေး” ၏ဆန့်ကျင်ဘက် အယူအဆ ၂ခုမှာ မြင်သာလာခဲ့သည်။

Saya San on the way to his execution

ဆရာစံသည် ဗြိတိသျှအုပ်ချုပ်‌ရေးကို ခုခံရန်အတွက် တိုင်းပြည်အုပ်ချုပ်ရေး၏ အပြိုင်တည်ဆောက်ပုံများ တည်ထောင်ခြင်းအားဖြင့် မြန်မာ့ရိုးရာကို အသုံးပြုကာ ကောင်းစွာ ဖွဲ့စည်းထားသည့် အရေးတော်ပုံတွင် အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ထိုနည်းလမ်းသည် ၁၉၂၉ခုနှစ်တွင် မြန်မာနိုင်ငံသို့လာ‌ရောက်လည်ပါတ်ခဲ့သော ဂန္ဒီ၏နည်းလမ်းဖြင့် ဆင်တူသည်။  ဖြစ်ရပ်မှန် လေ့လာမှုပေါင်း ၁၇၀ ပါဝင်သည့် လက်ရှိအခွန်စနစ်ကြောင့်ဖြစ်ပေါ်လာသော အခက်အခဲများကို စုံစမ်းစစ်ဆေးမှုများအပြီး ဆရာစံ၏အကြံပြုချက်များကို ထောက်ခံရန် GCBAမှ ငြင်းဆို‌သော အကျိုးဆက်အဖြစ် ဆရာစံ၏အမည်နှင့် ဆက်နွယ်လျက်ရှိသော အကြမ်းဖက်ပုန်ကန်မှုများ ဖြစ်လာရခြင်း ဖြစ်ပါသည်။  GCBAနှင့်၎င်းကိုထောက်ခံသည့် သံဃာ့အသင်းအတွင်း၌ ဂိုဏ်းဂဏ ကွဲပြားမှုကြောင့် ၁၉၂၉ ခုနှစ်ညီလာခံမတိုင်မီ ဝံသာနုအသင်း၏ မိခင်အဖွဲ့အစည်းသည်ပြိုကွဲခဲ့သည်။ GCBA ခေါင်းဆောင်အဖွဲ့ဝင်များသည် ရွေးကောက်ပွဲတွင် ပါဝင်ရန်ဆုံးဖြတ်ခဲ့ပြီး ယခင်သပိတ်မှောက်မှု မဟာဗျူဟာကိုစွန့်လွှတ်ခဲ့သည်။ ယင်းကြောင့် ဝံသာနုလှုပ်ရှားမှုများအား ပိုမိုအားကောင်းလာစေခဲ့သည်။ ဆရာစံတည်ထောင်ခဲသည့် ဂဋုန်အသင်းသည် တောင်သူလယ်သမားများ၏ လူထုမနာခံမှုကိုအဆုံးသတ်ရန် အစိုးရ၏ပြင်းထန်သော ဆောင်ရွက်ချက်များနှင့် ဗြိတိသျှတို့၏ မြန်မာနိုင်ငံအား “‌ခေတ်မှီ” စေရန်ပြုလုပ်မည့် အစီအစဉ်တွင် ကျရှုံးကာ ၎င်းတို့၏ ခံနိုုင်ရည်ကို အလျော့ပေးလိုက်သော မြန်မာ့အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို ဆန့်ကျင်သည့် အောက်ခြေလူတန်းစား သပိတ်မှောက်သူများ၏ ပမာဏခြေလှမ်းကို ခုခံကာကွယ်သည့် ယူနစ်တစ်ခုဖြစ်သည်။

ဆရာစံ၏ အဓိကအောင်မြင်မှုမှာ မြန်မာ့တောင်သူလယ်သမားများ၏ ဆန္ဒပြမှုကို အစုလိုက်အပြုံလိုက် အရေးတော်ပုံတစ်ခုအဖြစ် အလေးအနက်ထားစဉ်းစားသင့်ကြောင်း ပြသလိုက်နိုင်ခြင်းပင် ဖြစ်သည်။  ဆရာစံ၏အမည်နှင့် ဆက်နွယ်လျက်ရှိသော ၁၉၃၀ ခုနှစ် ဒီဇင်ဘာ အရေး‌‌‌‌တော်ပုံသည် သူပုန်ခေါင်း‌‌‌‌‌ဆောင်အများအပြားအား တရားရုံးတင်စစ်ဆေးမှုကြောင့် အခြား‌သော “ဆရာစံ” များမှဉီးဆောင်ခဲ့သည့် ပုန်ကန်မှု မီးတောက်၏အစပိုင်းပင်ဖြစ်ပါသည်။ နောက်ဆုံးတွင် ဆရာစံ၏ ရုံးတင်စစ်ဆေးခြင်းနှင့် ကွပ်မျက်ခံရခြင်းတို့သည် နိုင်ငံခြားစီးပွားရေး အကျိုးစီးပွားနှင့် ၎င်းနှင့် ဒွန်တွဲနေသောနိုင်ငံရေးစနစ် ကိုထမ်းဆောင်ရန်အတွက် ပြည်သူများကို ဖိနှိပ်သည့်စနစ်အစား မြန်မာနိုင်ငံတောင်သူလယ်သမားအများစု၏ အကျိုးစီးပွားအတွက် ဦးတည်တိုက်ခိုက်သည့် မြန်မာနိုင်ငံလွပ်လပ်ရေး တိုက်ပွဲ၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။ ဆရာစံအရေး‌‌‌‌တော်ပုံကို ကိုလိုနီစနစ်နှင့် ၎င်း၏ဒွန်တွဲလျက်ရှိသော အရင်းရှင်စီးပွားရေးတို့အား ပြဠာန်းခြင်း၏‌ ‌‌‌နောက်ဆက်တွဲဖြစ်သော ဂလိုဘယ်လိုက်ဇေးရှင်း အကျိုးဆက်များကို ‌ဆန္ဒပြသည့် အစောပိုင်းဖြစ်ရပ်တစ်ခုအဖြစ် မှတ်ယူနိုင်ပါသည်။

သုံးသပ်ချက်

ဆရာစံနှင့် ၎င်း‌၏အမည်ခံ အရေး‌‌‌‌တော်ပုံတို့ကို အလွန်ကွဲပြားစွာ သုံးသပ်မိပါသည်။  အဓိကသရုပ်ဖော်သည့် အစီအစဉ်တွင် မိရိုးဖလာနှင့်ခေတ်သစ်၊ ကျေးလက်နှင့်မြို့ပြ၊ အယူသီးမှုနှင့် ဆင်ခြင်တုံတရား စသည့် ဆန့်ကျင်သောသဘောတရားရှိသည့် မျိုးအစားများကိုအသုံးပြုထားသည်။ ထိုကဲ့သို့သော အမျိုးအစားခွဲခြားထားခြင်းသည် ဗြိတိသျှအုပ်ချုပ်ရေး ၏အရေး‌‌‌‌တော်ပုံအပေါ် တရားဝင်အစီရင်စာတင်သွင်းသည့်အခါ အသုံးပြုထားခြင်းဖြစ်သည်။  ကိုလိုနီအုပ်ချုပ်ရေးမှူးများ၏ အမြင်တွင် လူထုအုံကြွမှုသည် တော်ဝင်မြန်မာတို့၏ ‌ရွှေထီးဆောင်းခဲ့သည့် အချိန်များကို ပြန်လည်တည်ဆောက်ရန်အတွက် နောက်ပြန်လှည့်ရန်ကြိုးစားနေခြင်းသာဖြစ်သည်။ ထိုရှုထောင့်မှ ကြည့်လျှင် ဆရာစံ၏“နန်းတတ်ပွဲ”နှင့် သူ၏တောင်ပေါ်ရှိ“နန်းတော်” တို့သည် အဓိကကျ‌သော အခန်းကဏ္ဍမှနေ၍ ဖြစ်ရပ်များ၏သမိုင်းကို အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်ပါသည်။ သီပေါမင်းအား နန်းချပြီး‌နောက်ပိုင်းတွင် ဗြိတိသျှတို့အား တိုက်ခိုက်ခဲ့သည့် အရေး‌‌‌‌တော်ပုံများတွင် မင်းလောင်းဟူသောပုံရိပ်သည် အလွန်အရေးပါသော အခန်းကဏ္ဍဖြစ်ခဲ့သည်။  ထိုအယူအဆသည် အုပ်ချုပ်သူတစ်‌‌ယောက်သည် ဘုန်းကံရှိရမည်ဟူ‌သော ယုံကြည်မှုအခြေခံပါသည်။ ဆရာစံသည် သူ့နောက်လိုက်များ၏အမြင်တွင် အရည်အချင်းအစစ်အမှန်ကို ပိုင်ဆိုင်သော်လည်း သူ၏အဓိက ရည်ရွယ်ချက်မှာဘုရင်စနစ်ကိုပြန်လည်တည်ဆောက်ရန်ဖြစ်သည်ဟုမဆိုလိုပါ။ သူ့ကိုယ်သူ သမ္မတ အဖြစ်မှတ်တွင်ခဲ့ပြီး သံဃာတော်များ၊ ပြည်သူလူထုနှင့် ဗုဒ္ဓဘာသာကိုးကွယ်သူများ၏ အကျိုးကိုကာကွယ်ရန်အတွက် ဗြိတိသျှတော်လှန်‌ရေးကို လိုအပ်သည်ဟုဆိုခဲ့သည်။

လက်ရှိအုပ်ချုပ်သူ၏ ရာဇပလ္လင်အား စိန်ခေါ်သူမှ ဗမာလူမျိုးများကိုကာကွယ်ရန်အတွက် ကိုလိုနီအာဏာဆန့်ကျင်ခြင်းကို တရားဝင်ဖြစ်‌စေရန် ဤ“မင်းလောင်း အာဘော်” ပြောင်းလဲခြင်းကို ဗမာ့လွပ်လပ်ရေး ကြိုးပမ်းမှုလုပ်ဆောင်နေချိန်အတွင်း ဆက်လက်သုံးစွဲခဲ့ကြသည်။  ဤသို့ အနာဂတ်ဘုရင်တစ်ပါး ပေါ်ပေါက်လာခြင်းဟူသော နှစ်ပေါင်းထောင်ချီမျှော်လင့်ချက်များက ဗိုလ်ချုပ်အောင်ဆန်းအား မြန်မာနိုင်ငံကို တရားမျှတမှုမရှိသည့် နိုင်ငံခြား ဉပဒေလွှမ်းမိုးမှုမှ လွတ်မြောက်စေသည့် ခေါင်းဆောင်တစ်ယောက်အဖြစ် မှတ်ယူစေရန် ကူညီခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင် ဆရာစံသည်လည်း သြဇာသက္ကမရှိ‌သောခေါင်းဆောင် ဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်များပြည့်ဝစေရန်အတွက် အကြမ်းဖက်နည်းလမ်းအသုံးပြုရန် အခြေအနေများမှ တွန်းအား‌ပေးခြင်းခံရသူအဖြစ် သူကိုယ်သူမှတ်ယူထားပါသည်။ ထို့အပြင်၂‌‌ယောက်စလုံးသည် လူအများစု၏ဆန္ဒနှင့်တောင်းဆုများကို ကိုယ်စားပြုကြသည်။ ဆရာစံ၏ဖြစ်ရပ်တွင် သူတိုက်ရိုက် ဉီးဆောင်ခဲ့သော အရေး‌‌‌‌တော်ပုံသည် အလွန်အကန့်အသတ်ရှိပြီး အချိန်ကာလအားဖြင့် အလွန်တိုတောင်းလှသော်လည်း ရွာသားများ၏ အမျက်‌ဒေါသများ ပျံ့နှံ့မှုကြောင့် အရေး‌‌‌‌တော်ပုံသည် နိုင်ငံ၏အခြားနေရာများသို့ ဆရာစံ၏တိုက်ရိုက် ခေါင်းဆောင်မှုမပါရှိဘဲ ပျံနှံ့သွားခဲ့ကြောင်း အချက်အလက်များမှ ‌‌ဖော်ပြနေပါသည်။

ဆရာစံအရေးတော်ပုံအတွက် လူထုစည်းရုံးရေးနည်းလမ်းများသည် မိရိုးဖလာလုပ်ဆောင်မှုများ ဖြစ်‌သော တက်တူးထိုးခြင်း၊ ကျမ်းကျိန်ဆိုခြင်းနှင့်သစ္စာရေသောက်ခြင်း ကဲ့သို့သောမှော်စွမ်းအားများ နှင့် ဆက်စပ်မှုရှိသည်။ မည်သို့ပင်ဆိုစေ ဆောင်ရွက်ချက် ၂ရပ်စလုံး လက်တွေ့ကျကျ အဆုံးသတ်ခဲ့သည်။  ၎င်းတို့သည် သူပုန်အုပ်စုများကို အတူတစ်ကွရှိစေပြီး လုံခြုံမှုနှင့် အကြောက်တရားကင်းမဲ့မှုတို့ကို ခံစားနိုင်အောင် ‌ဆောင်ရွက်ခဲ့ကြသည်။  ဒေါ်အောင်ဆန်းစုကြည် သည် ဗုဒ္ဓဘာသာ၏ အတွေးအမြင်ကို ခေတ်သစ်ဖွင့်ဆိုချက်ဖြင့် သက်သေပြထားသည့် သူမ၏ ကျော်ကြားလှသော ဆောင်ပုဒ် “အကြောက်တရားမှလွတ်မြောက်ခြင်း” တွင်ဆရာစံနှင့် သူ၏နောက်လိုက်များက ကိုလိုနီဆန့်ကျင်ရေးတိုက်ပွဲတွင် ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာကို မှီခိုအားထားခဲ့ကြောင်း ထောက်ပြထားပါသည်။

ယေဘုယျအားဖြင့် ဆရာစံ၏ရည်မှန်းချက်များနှင့် ၎င်းတို့ကိုပြီးမြောက်စေသည့်နည်းလမ်းများမှာ ရိုးရာနှင့်ခေတ်သစ်ပုံစံများကိုပေါင်းစပ်ကာ မြန်မာနိုင်ငံရှိဗြိတိသျှအုပ်ချုပ်မှုကို ခုခံတွန်းလှန်ခဲ့ခြင်း ဖြစ်သည်။ ဆရာစံကို မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၏ စံနမူနာပြပုဂ္ဂိုလ်အဖြစ်သတ်မှတ်နိုင်သည် အဘယ့်ကြောင့်ဆိုသော် ကိုလိုနီ‌ခေတ်မှစ၍ ယနေ့နိုင်ငံရေးခေါင်းဆောင်များ ထက်စာလျှင် ဆရာစံသည် တိုင်းပြည်၏ အထက်တန်းလွှာအဖွဲ့ဝင်မဟုတ်သော်လည်း ယနေ့အချိန်အထိ မြန်မာနိုင်ငံ၏ လူဦးရေအများစုကိုဖွဲ့စည်းထားသောတောင်သူလယ်သမားများ၏ကမ္ဘာ့အမြင်တွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လျက်ရှိသည်။ လွတ်လပ်ရေးမတိုင်မီ အချိန်အတန်ကြာ မြန်မာ့နိုင်ငံရေးကို လွှမ်းမိုးခဲ့သောနိုင်ငံရေးသမားနှစ်ဦးသည် ဆရာစံကွယ်လွန်ပြီးနောက် သူတို့၏ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းမှုအတွက် ဆရာစံ၏ ကျော်ကြားမှုကိုအသုံးပြုခဲ့သည်။ ဒေါက်တာဘမော်သည် ၁၉၃၅ ခုနှစ်ဖွဲ့စည်းပုံအခြေခံဉပဒေအရ ပထမဆုံးဝန်ကြီးချုပ်လည်းဖြစ်ပြီး ဆရာစံ၏အဓိကကာကွယ်ရေးရှေ့နေလည်းဖြစ်သည်။ နှစ်အနည်းငယ်ကြာပြီး‌နောက် ထိုရုံးခန်းကို ဆက်လက်တာဝန်ယူခဲ့သော ဦးစောသည် ကာကွယ်ရေးတွင်ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင်သူနှင့် သူ၏ကိုယ်ပိုင်တပ်မတော်အတွက် ‚ဂဋုန်‘ ဟူသောအမည်ကို မှည့်တွင်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် အောင်ဆန်းကိုလုပ်ကြံရန်အမိန့်ပေးခဲ့သည်။ 

မြန်မာနိုင်ငံ၏ ကိုလိုနီသမိုင်းရှိ ဤအရေးပါသောအဖြစ်အပျက်ကို နားလည်ရန်အတွက် မြန်မာ့ နိုင်ငံရေးယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကို စုံစမ်းစစ်ဆေး‌သော သုတေသီများမှ ဆရာစံအား ‌လေးစားခဲ့ကြသည်။  ဤလေ့လာမှုသည် လူကြိုက်များသောသူရဲကောင်း အမည်ခံ အရေး‌‌‌‌တော်ပုံကို အာရုံစိုက်ခြင်းသည် ဆရာစံ၏ ဘဝကိုအာရုံစူးစိုက်ခြင်းထက် ပို၍ အရေးကြီးပုံရသည်ဟု ‌ဖော်ပြနေသည် အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ခေတ်သစ်သမိုင်းတွင် လူထုအုံကြွမှု အများအပြားပေါ်ပေါက်လာခဲ့‌သောကြောင့်ဖြစ်သည်။

၅. ကျမ်းကိုးစာရင်းများ

ဤအတ္ထုပ္ပတ္တိတွင် ဆရာစံအရေးတော်ပုံ နှင့်ပတ်သက်သောစာအုပ်များနှင့်ဆောင်းပါးများစွာရှိသည့် အနက်အောက်ပါတို့ကိုအသုံးပြုထားပါသည်။

စာရေးဆရာ Maitrii အောင်သွင် ရေးသားခဲ့သော The Return of the Galon King 2011.  History, Law, and Rebellion in Colonial Burma. Athens, Ohio University Press.

Herbert, Particia 1982 The Hsaya San Rebellion (1930-1932) Reappraised. Melbourne, Monash University, Centre of Southeast Asian Studies (Working Papers Nr. 27).

စာရေးဆရာ မောင်မောင် ရေးသားခဲ့သော From Sangha to Laity 1980. Nationalist Movements of Burma, 1920-1940. New Delhi, Manohar.

Prager, Susanne 2003 Coming of the “Future King”: ဒုတိယကမ္ဘာစစ်မတိုင်မီ နှင့်စစ်ပွဲကာလအတွင်း မြန်မာ့မင်းလောင်း မျှော်လင့်ချက်များ Journal of Burma Studies 8:  1-32.

Salomon, Robert L. 1969 Saya San and the Burmese Rebellion. Modern Asian Studies 3, 3: 209-223.

[1] ၂ခုစလုံးသည် အမည်မတူသည့် အိမ်ထောင်စုအခွန်အခများဖြစ်ကြသည်။

[2] စာရေးဆရာ မောင်မောင် ၁၉၈၀ မှ ကိုးကားထားပါသည်။

[3] Statement of  Mr. Lewinson in his introduction of the Anti-Boycott Bill on 21 February 1922 (Proceedings of the Legislative Council p. 948).

[4] The Burmese word for a monk – hpon-gyi – means “great merit”

[5] ဤခေါင်းစဉ်သည် ဗုဒ္ဓဘာသာစာသားဖြစ်သောအဂ္ဂင်သာသုတ်အရလူသားတို့၏သမိုင်းတွင်ပထမဆုံးအုပ်ချုပ်သူ (မဟာသမ္မတ) ကိုရည်ညွှန်းသည်။ ဤသမ္မတသည် တရားဉပဒေစိုးမိုးရေးအတွက် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီနားလည်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်က ထိုအဖြစ်အပျက်ကို ဗုဒ္ဓဘာသာအရင်းအမြစ်တစ်ခုအဖြစ် ဖော်ပြခဲ့သည်။

ဦးဖေမောင်တင် (၁၈၈၈-၁၉၇၃)

Gerhard Köberlin and Hans-Bernd Zöllner
Translation by Nyein Chan May

English version of the article

၁။ မိတ်ဆက်

ဦးဖေမောင်တင်သည် မြန်မာနိုင်ငံတွင်သာမက၊ နိုင်ငံရပ်ခြားတွင်ပါ အသိအမှတ်ပြုခံရသည့် ရှားပါးမြန်မာပညာရှင်များထဲမှ တစ်ဦးဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် စာပေတွင်လည်းကောင်း၊ သူ့လက်ရာများနှင့် အရည်အချင်းကို မကြာခဏ တန်ဖိုးထားမြှောက်စားကြသည်။ ထိုစဥ်က ဦးဖေမောင်တင်အနေဖြင့် မြန်မာ့လူ့အဖွဲ့အစည်းကို အထောက်အကူပြုဆောင်ရွက်ခဲ့စဥ် (၁၉၂၀) နှင့် (၁၉၃၀) ပြည့်လွန်နှစ်များ ဖြစ်သည်။ သူ့ရည်ရွယ်ချက်မှာ အချို့သော မြန်မာမိတ်ဆွေ၊ ဗြိတိသျှမိတ်ဆွေများနှင့်အတူ၊ မြန်မာ့ရိုးရာများကို နိုင်ငံတကာတွင် ခေတ်ပြိုင်ဆန်းသစ်လာမှု၏ စိန်ခေါ်မှုများနှင့် တွေ့ထိစေလိုခြင်းဖြစ်သည်။

၂။ ကိုယ်ရေးအကျဥ်း

ဦးဖေမောင်တင်ကို (၁၈၈၈) ခုနှစ်၊ ဧပြီလ (၂၄)ရက်တွင် ရန်ကုန်မြို့၊ အင်းစိန်အရပ်၌ ဖွားမြင်သည်။ ဖခင်ဖြစ်သူ ဦးဖေသည် တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုဌာန၏ ရုံးအုပ်ကြီးဖြစ်ပြီး၊ မိခင်မှာ ဒေါ်မြိုင်ဖြစ်သည်။ မိဘနှစ်ပါးလုံး မြန်မာနိုင်ငံအလယ်ပိုင်းမှ ဘတ်ပတစ်စ်ခရစ်ယာန်များ ဖြစ်ကြသည်။ ပထမဆုံး အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ရေးသားပြုစုခဲ့သူ၊ သမ္မာကျမ်းစာကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သူ ဦးထွန်းငြိမ်းမှာ ဦးဖေမောင်တင်၏ ဖခင်ဘက်မှ ဦးလေးတော်စပ်သည်။ မိခင်ဘက်မှ အဘိုးမှာ အထက်မြန်မာပြည်သံဃာတို့၏ ထိပ်ခေါင် တောင်ခွင်းဆရာတော် ဖြစ်သည်။ ငယ်နာမည်မှာ မောင်တင်ဖြစ်ပြီး၊ နောက်ပိုင်းတွင်မှ ဖခင်၏ နာမည်ကို ထပ်မံပေါင်းထည့်ခဲ့သည်။

            ခရစ်ယာန်မိသားစုမှ ဆင်းသက်လာသော်လည်း၊ (၁၈၉၃)ခုနှစ်မှ (၁၈၉၆)ခုနှစ်အထိ ဗုဒ္ဓဘာသာစာပေများ သင်ကြားပို့ချသည့် အလွတ်ပညာသင်ကျောင်းတွင် မူလတန်းပညာကို သင်ယူခဲ့သည်။ (၁၈၉၆)ခုနှစ်တွင် ရန်ကုန်မြို့ရှိ အစိုးရအထက်တန်းကျောင်းသို့ ပြောင်းရွှေ့ခဲ့ပြီး၊ အသက် (၁၄)နှစ်အရွယ်တွင် ပထမဆုကို ရရှိခဲ့သည်။ ကောလိပ်ဝင်ခွင့်ရပြီးနောက် ရရှိလာသည့်ဆုများသည်လည်း တိုးပွားလာခဲ့သည်။ အသက် (၁၅)နှစ်အရွယ်တွင် “ကျောင်းသားများ နိုင်ငံခြားသားဆရာများကို လက်အုပ်ချီနှုတ်ဆက်ရသည့်” ဓလေ့ကို ဆန့်ကျင်ရန် သပိတ်ကို ဦးဆောင်ခဲ့သည်။ ထိုအမိန့်ကိုလည်း ဖျက်သိမ်းရသည်။ (၁၉၀၆)ခုနှစ်တွင် ရန်ကုန်ကောလိပ်ကို တက်ရောက်ခဲ့ပြီး၊ ပါဠိဘာသာကို လေ့လာသင်ကြားခဲ့ကာ၊ (၁၉၁၁)ခုနှစ်တွင် မဟာဘွဲ့ကို ပြီးမြောက်အောင်မြင်သည်။ တစ်နှစ်ကြာပြီးနောက် ရာထူးတိုးသွားသည့် သူ့ဆရာဥရောပသားတစ်ဦးနေရာတွင် စာသင်သည့် ပါမောက္ခဖြစ်လာသည်။

            ပညာရပ်နယ်ပယ်တွင် အလုပ်စတင်ဝင်ရောက်စကတည်းက ဦးဖေမောင်တင်သည် မြန်မာနိုင်ငံနှင့် နိုင်ငံခြားမှ ပညာရှင်များနှင့် ပူးပေါင်းဆက်သွယ်ဆောင်ရွက်ခဲ့သည်။ (၁၉၁၀) ပြည့်နှစ်တွင် မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်၏ တည်ထောင်သူအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး၊ ဂျာနယ်အတွက် ဆောင်းပါးအမြောက်အများ ရေးသားခဲ့သည်။ သူ၏ ပထမဆုံးဆောင်းပါးမှာ “ခရစ်ယာန်သာသနာပြု မြန်မာစာ” ဟု အမည်ရပြီး၊ နိုင်ငံခြားမှ လာရောက်သည့် သာသနာပြုများ၏ ဘာသာဗေဒအရည်အချင်းကို ဝေဖန်ချက်တစ်ခု ဖြစ်သည်။ (၁၉၁၁)ခုနှစ်ထုတ် ပထမဆုံးဂျာနယ်တွင် ဖော်ပြခံရသည်။ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်၏ ပထမအယ်ဒီတာအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့ပြီး၊ (၁၉၁၂)ခုနှစ်တွင် အသင်း၏ ဘဏ္ဍာရေးမှူးဖြစ်လာခဲ့သည်။ ပါဠိဘာသာပါမောက္ခအနေဖြင့် လန်ဒန်မြို့အခြေစိုက် ပါဠိစာပေအသင်းနှင့် အဆက်အသွယ်ရှိခဲ့ပြီး၊ (၁၉၁၆)ခုနှစ်မှ စတင်ကာ ပါဠိကျမ်းရင်းများကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

            ရန်ကုန်တက္ကသိုလ်ကို တည်ထောင်သည့် (၁၉၂၀)ပြည့်နှစ်တွင် လန်ဒန်မြို့သို့ သွားရောက်ပြီး၊ (၁၉၂၄)ခုနှစ်အထိ အောက်စ်ဖို့ဒ်နှင့် လန်ဒန်တွင် ပညာသင်ကြားခဲ့သည်။ လန်ဒန်မြို့ ပါဠိစာပေအသင်းနှင့် အသင်းဥက္ကဋ္ဌများဖြစ်ကြသည့် Thomas (၁၉၂၂ ခုနှစ် ကွယ်လွန်သည်အထိ)၊ Caroline Rhys Davies တို့နှင့် ဦးဖေမောင်တင်၏ ပတ်သက်ဆက်နွှယ်မှုက ပိုမိုနီးကပ်လာခဲ့သည်။ အင်္ဂလန်နိုင်ငံတွင် ရှိနေစဥ်အတောအတွင်း မှန်နန်းရာဇဝင်တော်ကြီးကို ဘာသာပြန်ဆိုခဲ့သည်။ မှန်နန်းရာဇဝင်တော်ကြီးကို (၁၉)ရာစုအစောပိုင်း၊ အမရပူရနန်းတွင်းတွင် ပြုစုခဲ့ခြင်းဖြစ်သည်။ ဦးဖေမောင်တင်၏ ဘာသာပြန်ကို (၁၉၂၃)ခုနှစ်တွင် ထုတ်ဝေသည်။ ထိုဘာသာပြန်မူကို (၁၉၁၁)ခုနှစ်ကတည်းက ရန်ကုန်မြို့တွင် အင်္ဂလိပ်စာပေပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်သည့် Gordon C. Luce (၁၈၈၉-၁၉၇၈) နှင့်အတူ တွဲဖက်ပြန်ဆိုခဲ့ခြင်းဖြစ်သည်။ (၁၉၁၅)ခုနှစ်တွင် ပါမောက္ခ Gordon C. Luce က ဦးဖေမောင်တင်၏ နှမဖြစ်သူနှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ မှန်နန်းရာဇဝင်တော်ကြီးကို ဘာသာပြန်ဆိုမှုက ဦးဖေမောင်တင်အနေဖြင့် သမိုင်းပညာရှင်တစ်ဦးလည်း ဖြစ်သည်ကို ပြသနေသည်။ ပါမောက္ခ Luce နှင့် ဦးဖေမောင်တင်တို့မှာ ကာလရှည်ကြာပေါင်းသင်းလာကြသည့် မိတ်ဆွေများလည်း ဖြစ်ကြသည်။ သူတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်ခြင်းက Luce ကို မြန်မာ့ရှေးဟောင်းသမိုင်းနှင့်ပတ်သက်ပြီး၊ ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်လာစေသည်။ ပါဠိစာများကို ဘာသာပြန်ရာတွင်လည်း ဦးဖေမောင်တင်က အခြေခံမူကြမ်းကို ပြန်ဆိုပြီး၊ သူ့ယောက်ဖဖြစ်သူက အင်္ဂလိပ်ဘာသာစကားအသုံးကို ချောမွေ့စေသည်။

            မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီးနောက် ပါမောက္ခတာ၀န်ကို ဆက်လက်ထမ်းဆောင်ခဲ့ပြီး၊ ပါဠိဘာသာနှင့် မြန်မာဘာသာကို လေ့လာခြင်းများ ပါဝင်သည့် “အရှေ့တိုင်းဘာသာဌာန” ကို တက္ကသိုလ်တွင် တည်ထောင်ရန် အုတ်မြစ်များ ချခဲ့သည်။ သူ့သင်ခန်းစာများ၏ အဓိကအကျိုးသက်ရောက်မှုမှာ “ခေတ်စမ်း” စာပေလှုပ်ရှားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ “ခေတ်စမ်း”စာပေလှုပ်ရှားမှုသည် မြန်မာနိုင်ငံတွင် စာပေလှုပ်ရှားမှုအသစ်တစ်ရပ်ဖြစ်ပြီး၊ ဦးဖေမောင်တင်၏ တပည့်အချို့ ခေတ်မီ ခေတ်ရှေ့ပြေးသည့် ပုံစံဖြင့် ရေးသားသည့် ဆောင်းပါးများ၊ ဝတ္ထုတိုများနှင့် ကဗျာများဖြင့် လှုပ်ရှားမှုကို စတင်ခဲ့သည်။

            အခြားတစ်ဘက်တွင်လည်း ဦးဖေမောင်တင်က မြန်မာနိုင်ငံသုတေသနအသင်းကို တွဲဖက်တည်ထောင်သူ John S. Furnivall ကို ထောက်ခံကူညီခဲ့သည်။ John S. Furnivall က နိုင်ငံ၏ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှုကို ပညာရေးအသိသညာဖြင့် ပြုစုပျိုးထောင်ခြင်းအားဖြင့် တိုးတက်မြှင့်တင်ပေးရန် အားထုတ်ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့သည်ကို ဦးဖေမောင်တင်က ကူညီအားပေးခဲ့သည်။ ဤရည်ရွယ်ချက်ကို ရောက်မီရန် ပထမလုပ်ဆောင်ချက်မှာ (၁၉၂၅)ခုနှစ်မှ စပြီး The World of Books ကို လစဥ် ဘာသာစကားနှစ်မျိုးဖြင့် ထုတ်ဝေခြင်းဖြစ်သည်။ နောက်ထပ်လုပ်ဆောင်ချက်တစ်ရပ်မှာ (၁၉၂၈)ခုနှစ်တွင် မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အသင်းက စာဖတ်ဝိုင်းများ တိုးပွားစေရန် မြှင့်တင်ကူညီပြီး၊ လစဥ်ထုတ်စာစောင်များတွင်လည်း လူများပါဝင်ရေးသားကြရန် အားပေးခဲ့သည်။

            (၁၉၂၈)ခုနှစ်တွင် ဧဝံဂဲလိဘုရားကျောင်းတွင် Edith ဟုခေါ်တွင်သည့် ဒေါ်ကြည်ကြည်နှင့် လက်ထပ်ခဲ့ပြီး၊ သမီးနှစ်ဦး ထွန်းကားခဲ့သည်။

            (၁၉၃၇)ခုနှစ်တွင် ဦးဖေမောင်တင်သည် တက္ကသိုလ်ကောလိပ်တွင် ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့် ပထမဆုံးမြန်မာလူမျိုး ဖြစ်လာသည်။ ဂျပန်တို့ ဝင်သိမ်းစဥ်တွင် တက္ကသိုလ်အကြံပေးဘုတ်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည်။ (၁၉၄၆)ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ ထို့နောက် ဘာသာဗေဒ၊ စာပေနှင့် သမိုင်းနယ်ပယ်တို့တွင် အကြောင်းအရာအမျိုးမျိုးအကြောင်း ဆောင်းပါးများ ရေးသားခဲ့သည်။ သူရေးသားခဲ့သည့် ဆောင်းပါးပေါင်း ၂၂၇ ပုဒ်ရှိသည်ဟု မှတ်တမ်းရှိသည်။

            ဦးဖေမောင်တင်သည် (၁၉၅၇)ခုနှစ်မှ (၁၉၅၈)ခုနှစ်အထိ ချီကာဂိုတက္ကသိုလ်တွင် ဗုဒ္ဓဘာသာကို သင်ကြားပို့ချပေးရန် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ ချီကာဂိုတက္ကသိုလ်က သူ့အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်ခဲ့သည်။ (၁၉၅၉)ခုနှစ် မေလတွင်၊ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် အရှေ့အာရှခရစ်ယာန်ကောင်စီ၏ ညီလာခံဖွင့်ပွဲကို တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် မြန်မာလူမျိုးတစ်ဦးဖြစ်သည့် ဦးကျော်သန်းကို အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ (၁၉၇၃)ခုနှစ်တွင် အသင်းကြီး၏ အမည်ကို အာရှခရစ်ယာန်ကောင်စီ (CCA) အဖြစ် ပြောင်းလဲခေါ်ဆိုပြီး၊ ယနေ့အချိန်တွင် အာရှနိုင်ငံများမှ အဖွဲ့ဝင်ပေါင်း (၁၀၀)ကျော်ကို ကိုယ်စားပြုထားပါသည်။ ထို့နောက် ဦးဖေမောင်တင်သည် ယဥ်ကျေးမှုနှီးနှောဖလှယ်ရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ (၁၉၆၁)ခုနှစ်တွင် အရှေ့တောင်အာရှ၏ ပထမဆုံး ဗုဒ္ဓဘာသာ-ခရစ်ယာန်ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို အရှေ့အာရှခရစ်ယာန်ကောင်စီက အထွေထွေအတွင်းရေးမှူး ဦးကျော်သန်း၏ ဦးဆောင်မှုအောက်တွင်၊ ရန်ကုန်မြို့ရှိ Holy Cross ကောလိပ်၌ ကျင်းပခဲ့သည်။ ၄င်းဆွေးနွေးပွဲတွင် ဦးဖေမောင်တင်က အနောက်တိုင်းမှ သာသနာပြုများ၏ ယဥ်ကျေးမှုရှုထောင့်၊ ချဥ်းကပ်ပုံကို ဝေဖန်မှတ်ချက်ပြုခဲ့သည်။ အဆိုပါဆွေးနွေးပွဲက (၁၉၆၁)ခုနှစ် နယူးဒေလီမြို့တွင် ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ဘုရားကျောင်းများကောင်စီ၏ ညီလာခံတွင် အာရှအကြောင်း ထည့်သွင်းဆွေးနွေးရာ၌ အရေးကြီးသည့် အကြောင်းအရာတစ်ခု အဖြစ် အသိအမှတ်ပြုခံရသည်။ အဆိုပါ ညီလာခံသည် ကမ္ဘာလုံးဆိုင်ရာ ဘုရားကျောင်းများကောင်စီက အာရှတွင် ပထမဆုံးကျင်းပသည့် ညီလာခံလည်း ဖြစ်သည်။

            (၁၉၆၀)မှ (၁၉၆၄)ခုနှစ်အထိ ဦးဖေမောင်တင်သည် မြန်မာ့သမိုင်းကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာ့စွယ်စုံကျမ်းရေးသားပြုစုရာတွင်လည်း မြန်မာနိုင်ငံဘာသာပြန်အသင်းကို ဦးဆောင်ခဲ့သည်။ (၁၉၆၈)ခုနှစ်တွင် မြန်မာနိုင်ငံသုတေသနအသင်းက သူ၏ အသက် (၈၀)ပြည့်မွေးနေ့ကို ကန်တော့ပွဲသဘင်ဖြင့် အထူးတလည် ကျင်းပခဲ့သည်။ အငြိမ်းစားယူပြီးသည့်နောက် ရန်ကုန်မြို့ရှိ Holy Cross ကောလိပ်တွင် ပါမောက္ခအဖြစ် တာဝန်ဆက်လက်ထမ်းဆောင်ခဲ့သည်။ Holy Cross ကောလိပ်သည် မြန်မာနိုင်ငံရှိ ထိပ်တန်းကျမ်းစာသင်ကျောင်းများထဲမှ တစ်ကျောင်းဖြစ်ပြီး၊ ဧဝံဂဲလိဘုရားကျောင်းလက်အောက်တွင် ရှိသည်။ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည့် ဦးဖေမောင်တင်သည် မြန်မာခရစ်ယာန်ကောင်စီကို တည်ထောင်သူတစ်ဦးဖြစ်ပြီး၊ ခရစ်ယာန်စာပေအသင်းကို တာဝန်ယူခဲ့သည်။ မြန်မာခရစ်ယာန်ဘုရားကျောင်းများကောင်စီ၏ ဗုဒ္ဓဘာသာလေ့လာရေးကော်မရှင်တွင် ဥက္ကဋ္ဌတာဝန်ကို ယူခဲ့သည်။

(၁၉၇၃)ခုနှစ်၊ မတ်လ (၂၂)ရက်တွင် ဦးဖေမောင်တင် ကွယ်လွန်ခဲ့သည်။

၃။ ရည်ရွယ်ချက်များနှင့် ရရှိအောင်မြင်ခဲ့သည်များ

ဦးဖေမောင်တင်သည် “ယဥ်ကျေးမှုများ တိုးတိုက်မိခြင်း”ကို အထူးတလည်သတိပြုသူ ဖြစ်သည်။ ဥရောပကိုလိုနီဝါဒ၊ ယဥ်ကျေးမှုတို့နှင့် နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်တွေ့ခြင်း၊ ခရစ်ယာန်ဘာသာရေး အထူးသဖြင့် အမေရိကန်နောက်ခံ ခရစ်ယာန်ဝါဒနှင့် ဘာသာရေးအရ တွေ့ထိကြခြင်းတို့ ဖြစ်သည်။ ထို့အတွက် သူ့တုံ့ပြန်မှုမှာ သူ့နိုင်ငံ၏ သမိုင်းနှင့် ယဥ်ကျေးမှုကို တစိုက်မတ်မတ် စိတ်ပါဝင်စားစွာ လေ့လာခြင်းဖြစ်သည်။ တချိန်တည်းမှာပင် ယဥ်ကျေးမှုနှစ်ခုဖြတ်မျဥ်း (ဗုဒ္ဓဘာသာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်နေခြင်း) ပေါ်တွင် ရှိနေသည့် သူ၏ ဖြစ်တည်မှုကိုလည်း ပြန်လည်သုံးသပ်သည်။ ကိုလိုနီစနစ်ကို ဆန့်ကျင်သည့် မျိုးချစ်စိတ်ကို ထောက်ခံရာတွင် အပြန်အလှန်လေးစားမှုရှိခြင်း၊ နားလည်ခြင်း၊ ယုံကြည်ခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်းတို့အတွက် ကြိုးပမ်းအားထုတ်ခြင်းအားဖြင့် ထောက်ခံအားပေးခဲ့သည်။

            ကိုလိုနီစနစ်က မြန်မာ့ယဥ်ကျေးမှုကို စိမ်ခေါ်လာသည့်အခါ သူ တုံ့ပြန်လိုက်သည်မှာ မြန်မာနိုင်ငံ၏ ယဥ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာစာ၊ မြန်မာစကား၏ အရေးပါမှုကို အလေးအနက်ပြုပြခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် စာပေနှင့် အသိဉာဏ်အဝန်းအဝိုင်းတစ်ရပ်ကို တည်ထောင်ပြီး၊ နိုင်ငံ၏ ဓလေ့များနှင့် နိုင်ငံရပ်ခြားမှ ဓလေ့များ ကူးလူးဆက်ဆံစေခြင်း၏ အရေးပါပုံကိုလည်း အလေးအနက်ထားခဲ့သည်။ ထိုအတွက်ကြောင့်ပင် ဦးဖေမောင်တင်က သူအသက်ရှင်နေသမျှကာလပတ်လုံး မြန်မာဘာသာစကားနှင့် စာပေအဆင့်ပိုမိုမြင့်မားစေရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သူ့အောင်မြင်မှုများထဲမှ တစ်ခုမှာ မည်သည့်ကျောင်းတွင်မဆို၊ အစိုးရကျောင်းဖြစ်စေ၊ မစ်ရှင်ကျောင်းဖြစ်စေ၊ မြန်မာစာကို မသင်မနေရသင်ရခြင်းပင် ဖြစ်သည်။ တချိန်တည်းမှာပင် ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ပါဠိ၊ မြန်မာစာနှင့် ဗုဒ္ဓဘာသာယဥ်ကျေးမှုတို့ကို မလေ့လာခြင်းအတွက် ဦးဖေမောင်တင်က ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ကိုလိုနီခေတ် အနောက်တိုင်းဆန့်ကျင်ရေးဝါဒများကို မျက်နှာသာပေးလိုက်လျောရမည့်အစား၊ ဦးဖေမောင်တင်က ယဥ်ကျေးမှုနှစ်ခုကို တွေ့ဆုံပေးရန် စိတ်ဝင်စားခဲ့သည်။

            ထို့နောက်ပိုင်းတွင် ယဥ်ကျေးမှုများ အပြန်အလှန်ဖလှယ်ကြရာ၌ ကြားခံအဖြစ် ဘာသာစကား၏ အခြေခံကျ၊ အရေးပါလှသည့် အခန်းကဏ္ဍကို အတွင်းကျကျ ထပ်မံလေ့လာခဲ့သည်။ (၁၉၅၄)ခုနှစ် မတ်လတွင် ရန်ကုန်မြို့၌ ဘာသာဗေဒစည်းဝေးပွဲတစ်ရပ်ကို သုံးရက်ကြာ ကျင်းပခဲ့သည်။ ထိုအစည်းအဝေး၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့် အင်္ဂလိပ်စကားပြောနိုင်ငံများအကြား၊ မတူညီသည့် ဘာသာဗေဒအုပ်စုများနှင့် တိုင်းရင်းသားအုပ်စုများအကြားက ယဥ်ကျေးမှုကွဲပြားချက်များကို ပေါင်းကူးပေးမည့် ပညာရပ်ဆိုင်ရာ ကိရိယာတစ်ခုအဖြစ် ဘာသာဗေဒကို အသုံးချရန်ဖြစ်သည်။ ဦးဖေမောင်တင် ကိုယ်တိုင်ရေးသားခဲ့ဟန်ရှိသည့်၊ သို့တည်းမဟုတ် သူ့ရည်ရွယ်ချက်များ ပါဝင်လျက်ရှိသည့် သတင်းစာဆောင်းပါးတစ်ရပ်က ထိုအစည်းအဝေးကို အနှစ်ချုပ်ဖွင့်ဆိုထားသည်မှာ။ ။

မြန်မာနိုင်ငံမှ ကျွန်ုပ်တို့သည် လက်ရှိတွင် ဘာသာဗေဒ၏ ရှာဖွေတွေ့ရှိချက်များနှင့် ပတ်သက်ပြီး အလွန်ပင် စိတ်ဝင်စားလှပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းရှာဖွေတွေ့ရှိချက်များမှာ ကျွန်ုပ်တို့ တာဝန်ယူလုပ်ဆောင်ခဲ့ပြီး ဖြစ်သည့် လုပ်ငန်းတာဝန်အသစ်များအတွက် အင်မတန်မှ အထောက်အကူဖြစ်သောကြောင့်ပင်။ ထိုတွေ့ရှိချက်များထဲမှ တစ်ခုမှာ အင်္ဂလိပ်ဘာသာစကားကို နိုင်ငံခြားဘာသာစကားအဖြစ် သင်ကြားပို့ချခြင်းဖြစ်သည်။ (…) ကျွန်ုပ်တို့အနေဖြင့် (…) ကျွန်ုပ်တို့နိုင်ငံရှိ လူအများကို အင်္ဂလိပ်စာသင်ကြားပေးရခြင်း၏ အကျိုးအထိရောက်ဆုံးကိစ္စကို ရှာဖွေရပေမည်။ ထိုမှသာ သင်ကြားသူတို့အနေဖြင့် ဘာသာစကားသင်ကြားရာတွင် အလုပ်ဖြစ်မည့်အသိသညာကို အချိန်တိုအတွင်း ရရှိနားလည်ပေလိမ့်မည်။ ထို့အပြင် နိုင်ငံအတွင်းရှိ မူလဘူတဒေသိယဘာသာစကားများကို လေ့လာ၊ အဆင့်ခွဲသတ်မှတ်ရာတွင်လည်း ဘာသာဗေဒက ကျွန်ုပ်တို့ကို ကူညီပေးနိုင်ပါသည်။ ဤသည်မှာလည်း အင်မတန်အရေးကြီးလာသည့် လုပ်ငန်းတာဝန်တစ်ရပ်ပင် ဖြစ်ပါသည်။ ဘာသာဗေဒသည် လူအစုအဖွဲ့များ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက်သွယ်ကြသည်ကို ပြသသည့်၊ အရှုပ်ထွေးဆုံး သို့သော် အခြေခံအကျဆုံးဖြစ်သည့် ဘာသာစကားကို နားလည်နိုင်ရန် အဓိကသော့ချက်ဖြစ်တော့သည်။(၁)

မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံတို့ အဓိပ္ပါယ်ရှိရှိ ပြောဆိုဆက်ဆံနိုင်ရေးလိုအပ်ချက်သည် ဘာသာဗေဒသုတေသနနှင့် ဆက်စပ်လျက်ရှိကြောင်း ဆောင်းပါးတွင် ပြဆိုထားသည်။ တချိန်တည်းမှာပင် ကျောင်းများ၌ အင်္ဂလိပ်ဘာသာစကားကို ဒုတိယဘာသာစကားအဖြစ် သင်ကြားပို့ချရန် လိုအပ်ချက်လည်း ပါဝင်ထည့်သွင်းထားသည်။

၄။ ချင့်ချိန်ဆုံးဖြတ်ကြည့်ခြင်း

ဦးဖေမောင်တင်သည် မြန်မာ့ရိုးရာနှင့် အနောက်တိုင်းခေတ်မီခြင်းကို ရင်ကြားစေ့နိုင်ရန် ကိုယ်စွမ်းဉာဏ်စွမ်းများကို အသုံးချကြိုးပမ်းခဲ့သည့် ပညာရှင်၊ ဆန်းသစ်သူတစ်ဦးဖြစ်သည်။ ကိုလိုနီခေတ်နှောင်းပိုင်း၏ ထူးချွန်ပြောင်မြောက်လှသည့် ပညာရှင်တစ်ဦးအနေဖြင့် မြန်မာ့ယဥ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်မပျက်စေဘဲ မြန်မာနိုင်ငံကို ကမ္ဘာနှင့်ဆက်သွယ်ပေးရန် ကြိုးပမ်းသည့် စာပေများအပေါ်တွင် ဩဇာသက်ရောက်မှုရှိသည်။

            မြန်မာ့ရိုးရာများကို အနောက်တိုင်းခေတ်မီခြင်းနှင့် ပေါင်းစပ်ပေးရန် ဦးဖေမောင်တင်၏ ကြိုးပမ်းမှုကို ငယ်ရွယ်သည့်၊ နောက်ပိုင်းတွင် လွတ်လပ်ရေးကြိုးပမ်းမှု၏ ခေါင်းဆောင်များဖြစ်လာကြမည့် တော်လှန်ရေးသမားများက တစ်စိတ်တစ်ပိုင်းသာလျှင် ကြိုဆိုခဲ့ကြသည်။ သူတို့၏ နိုင်ငံရေးလှုပ်ရှားမှုများ အခြေခံထားသည့် ယဥ်ကျေးမှုတော်လှန်ရေးဆိုသည်မှာကား မြန်မာနှင့် အနောက်တိုင်း၏ “စာအုပ်ကမ္ဘာများ” အပြန်အလှန် ပြောဆိုဆက်ဆံကြခြင်းမျိုးမဟုတ်ဘဲ၊ မျက်မှောက်ခေတ်အသိပညာနှင့် စာပေကို “မြန်မာမှုပြုခြင်း”ပင် ဖြစ်သည်။ သခင်လှုပ်ရှားမှုတွင် အသက်ငယ်ငယ်ဖြစ်ကြသည့် သခင်နု၊ သခင်စိုး၊ သခင်သန်းထွန်းနှင့် သခင်အောင်ဆန်းတို့က နဂါးနီစာအုပ်အသင်းကို တည်ထောင်ပြီး၊ ယဥ်ကျေးမှုကို သုံးကာ နိုင်ငံရေးအရတော်လှန်ရေးတစ်ရပ်ကို တွန်းအားပေးသည့် စာအုပ်မျိုးကိုသာ မြန်မာဘာသာဖြင့် ထုတ်ဝေခဲ့ကြသည်။(၂) ဥရောပတွင် စစ်ပွဲကြီးစတင်သည့်အခါ ဤအဖွဲ့က ကလောင်တံများအစား၊ ဓားများပြောင်းကိုင်ကာ စစ်တပ်အကူအညီဖြင့် လွတ်လပ်ရေးကို ရယူခဲ့သည်။

            သခင်များနှင့် သခင်များကို ထောက်ခံသူများ၏ စာပေနှင့် နိုင်ငံရေးအရ အမျိုးသားရေးဝါဒနှင့် နှိုင်းယှဥ်ကြည့်မည်ဆိုပါက ဦးဖေမောင်တင်၏ ယဥ်ကျေးမှုပြုပြင်ပြောင်းလဲရေးကို “လူမျိုးစွဲမထားခြင်း” ဟု ခေါ်ဆိုနိုင်သည်။ မြန်မာနိုင်ငံသားများအတွက် အခြေအမြစ်ခိုင်သည့် ယဥ်ကျေးမှုအခြေခံတစ်ရပ်ကို ရှာဖွေပြီး၊ ရောနှောထားသည့် ယဥ်ကျေးမှုများကို ကျောင်းသုံးဖတ်စာအုပ်များနှင့် ခရစ်ယာန်တရားဟောဆရာများ၏ ဒေသနာများတွင်ပါ ထည့်သွင်းအသုံးပြုစေခဲ့သည်။

            ဤသဘောထားကို မြန်မာစာပေနှင့် ယဥ်ကျေးမှုအပေါ် သူ၏ ချစ်မြတ်နိုးမှု၊ ဥရောပ၏ အသိဉာဏ်ရှာဖွေခြင်းအပေါ် ထင်မြင်ယူဆချက်တို့တွင် တွေ့မြင်နိုင်သည်။ သူ၏ ဤသဘောထားသည် မည်သည့်အခါကမျှ မြန်မာနိုင်ငံ နိုင်ငံရေးယဥ်ကျေးမှု၏ ပင်မရေစီးကြောင်းကို ကိုယ်စားမပြုချေ။ ထိုယဥ်ကျေးမှုကိုကား ကိုလိုနီခေတ် နိုင်ငံတွင်း၊ နိုင်ငံပြင်ထိပ်တိုက်ရင်ဆိုင်မှုများ၊ လွတ်လပ်ရေးရပြီး မကြာမီ စတင်ခဲ့သည့် ပြည်တွင်းစစ်တို့က ပြဌာန်းပါလိမ့်မည်။

            (၁၉၆၂)ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် ဗိုလ်ချုပ်နေဝင်း၏ အုပ်ချုပ်မှုအောက်တွင် လောကီချည်းသပ်သပ်တည်သည့်၊ တစ်ပါတီအာဏာရှင်အုပ်စိုးသည့် နိုင်ငံဖြစ်လာခဲ့သည်။ “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်” လမ်းစဥ်သည်ကား မြန်မာ့ယဥ်ကျေးမှုကိုတင်မက၊ မြန်မာတို့ဘဝ၏ အခြားအစိတ်အပိုင်းများကိုပါ ဇာတ်လမ်းဆန်ဆန် အကျိုးသက်ရောက်ခဲ့သည်။ တင်းကြပ်လှသည့် နိုင်ငံရေးအရ ကြားနေမှုလမ်းစဥ်နှင့် စီးပွားရေးအရ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရေးဝါဒတို့ကို သုံးကာ မြန်မာ”ပြည်ထောင်စုယဥ်ကျေးမှု”ကို မြှင့်တင်သည့် “ပြောင်းလဲမှု” ဖြစ်စဥ် ဦးဖေမောင်တင်ကို တိုက်ရိုက်သက်ရောက်မှု မရှိခဲ့ပါ။ အိမ်နီးချင်းနိုင်ငံများ၊ အနောက်နိုင်ငံများနှင့် ယဥ်ကျေးမှုနှီးနှောဖလှယ်ခြင်းကို အစိုးရက အားပေးခြင်းမပြုတော့ပေ။

            ပြောင်းလဲမှုအသစ်၏ အကျိုးဆက်များကို ခံစားရသည်မှာ အခြားသူများဖြစ်ကြသည်။ (၁၉၆၄)ခုနှစ်တွင် ဦးဖေမောင်တင်၏ ယောက်ဖဖြစ်သူ Gordon Luce အနေဖြင့် နိုင်ငံထဲမှ ထွက်သွားရန် အမိန့်ပေးခံရသည်။ ဦးဖေမောင်တင်၏ နှမဖြစ်သူကိုမူ ထိပ်တန်းခေါင်းဆောင်များကိုယ်တိုင် နိုင်ငံတွင်း၌ပင် ဆက်လက်နေထိုင်ရန် ပြောဆိုခဲ့သော်လည်း၊ သူ့ခင်ပွန်းနောက်ကိုသာ လိုက်ပါခဲ့သည်။ Luce ၏ စာကြည့်တိုက်ကြီးကို အာဏာပိုင်များက သိမ်းယူခဲ့ပြီး၊ ဦးဖေမောင်တင်၏ နှမဖြစ်သူ ဒေါ်တီတီသည် လက်ထပ်လက်စွပ်ကိုပင် ချွတ်ခဲ့ရသည်။ နိုင်ငံတွင်းမှ မည်သည့်လက်ဝတ်ရတနာမှ ယူဆောင်သွားခြင်း မပြုရဟူသောကြောင့် ဖြစ်သည်။(၃) သူ့မိတ်ဆွေနှင့် သူ့နှမအပေါ် ထိုသို့ ခက်ထန်စွာ ဆက်ဆံခံရမှုကို ဦးဖေမောင်တင်အနေဖြင့် မည်သို့တုံ့ပြန်ခဲ့သည်ကို မသိရပါ။ (၁၉၇၇)ခုနှစ်တွင် မြန်မာနိုင်ငံသုတေသနအသင်းနှင့် အသင်းထုတ်ဂျာနယ်ကို ပိတ်သိမ်းခံလိုက်ရသည်ကိုလည်း သူမသိလိုက်ရပါချေ။

            ယနေ့အချိန်တွင် ဦးဖေမောင်တင်ကို ရှားရှားပါးပါး ပါရမီရှင်တစ်ဦးအဖြစ် မြန်မာနိုင်ငံတွင် ကြည်ညိုလေးစားကြလေသည်။ လက်ရှိမြန်မာနိုင်ငံ၏ အမျိုးသားရေးဝါဒနှင့် ခေတ်အဆက်ဆက်အစိုးရများ၏ အနောက်တိုင်းအပေါ်ဝေဖန်မှုများအကြား ချဥ်းကပ်လေ့လာရန်ကိုလည်း ယနေ့ခေတ်ပညာရှင်အများအပြား အားမထုတ်ကြတော့ပါ။ သူ့နည်းလမ်းကို မလိုက်နာကြတော့ပါ။ “လူမျိုးစွဲ၊ နိုင်ငံစွဲ ကင်းစွာ” မြန်မာနှင့် အနောက်ယဥ်ကျေးမှုများကို ရင်ကြားစေ့ပေးလိုသည့် ဦးဖေမောင်တင်၏ ကြိုးပမ်းမှုမှာ ယနေ့ထိတိုင် အကောင်အထည်မပေါ်သေးပါချေ။

၅။ ကျမ်းကိုးစာရင်းများ

အန်နာ အလော့ထ် (၂၀၀၄) ပါမောက္ခ ဖေမောင်တင် (၁၈၈၈-၁၉၇၃)။ ထူးချွန်ပြောင်မြောက်သည့် မြန်မာပညာရှင်တစ်ဦး၏ ဘဝနှင့် လက်ရာ။ The Journal of Burma Studies (၉)၊ ၁၁-၃၄

D.G.E. Hall 1979 Obituary. George Hannington Luce (https://www.cambridge.org/core/services/aop-cambridge-core/content/view/S0041977X00137498)

ခင်ထွေးရီ (၂၀၁၆)၊ ဦးဖေမောင်တင် အတ္ထုပတ္တိ (http://www.emw-d.de/fix/files/37%20biographies_myanmar.pdf)

(၁) အလော့ထ် ၂၀၀၄။ ၂၉-၃၀

(၂) နဂါးနီစာအုပ်အသင်းမှ ထုတ်ဝေသည့် စာအုပ်များအကြောင်း လေ့လာချက်များကို မြန်မာစာပေပရောဂျက်တွင် အသေးစိတ်ထပ်မံလေ့လာနိုင်ပါသည်။ http://www.phil.uni-passau.de/suedostasien/wissenschaftsnetzwerke/wissenschaftsforum-myanmar/myanmar-literature-project/

(၃) ဟောလ် (၁၉၇၉)။ ၅၈၅