စိန်ဗိုလ်တင့် (၁၉၈၃-၁၉၉၄)

by Daphne Wolf

English version of this biography

မိတ်ဆက်

စိန်ဗိုလ်တင့်ကို မြန်မာ့ဂီတတွင် ဦးဆောင်သူတစ်ဦးအဖြစ် လူသိများပါသည်။  သူသည် ဗုံ ၁၂ လုံးကို စက်ဝိုင်းပုံစံနေရာချထားသည့် မြန်မာ့ရိုးရာတူရိယာတစ်မျိုးဖြစ်သော ဆိုင်းဝိုင်း (ဒိုးပါတ်ဝိုင်း ဟုလည်းခေါ်ဆိုကြသည်) တီးခြင်းဖြင့် နာမည်ကျော်ကြားပြီး ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အကြား ဆိုရှယ်လစ်ခေတ် မြန်မာ့ယဉ်ကျေးမှု အနုပညာဖန်တီးမှုများတွင် ကန့်သတ်ချက်များ ချမှတ်ထားသည့်ကြားက သူရေးစပ်ထားသည့် သီချင်းများနှင့် ဖန်တီးမှုများက နာမည်ကြီးခဲ့ပါသည်။ နန်းတွင်းကာလရှိ ရှေးဟောင်း မြန်မာ့ရိုးရာ ဂီတကို ခေတ်မီတူရိယာများဖြင့် ပေါင်းစပ်ဖန်တီးနိုင်ခဲ့သူ၊ မြန်မာ့လူ့အဖွဲ့အစည်း၏ မတူညီသော ကဏ္ဍများကို ပေါင်းစပ်နိုင်ခဲ့သော ဂီတအနုပညာရှင်တစ်ဦးအဖြစ်လည်းမှတ်ယူနိုင်ပါသည်။ သူသည် ဦးနေဝင်း၏ အကြိုက်ဆုံး ဂီတပညာရှင်းတစ်ဦးလည်းဖြစ်ပါသည်။

အတ္ထုပ္ပတ္တိ မူကြမ်း

သူ့ကို ရန်ကုန်မြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၁၂၀ ခန့်အကွာ ဧရာဝတီတိုင်း ကျိုက်လတ်မြို့၌ မွေးချင်းကလေးဆယ်ဦးအနက် ပဉ္စမမြောက်သား မောင်တင့်အဖြစ် ၁၉၃၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ သူ၏ဖခင်သည် ဆိုင်းဝိုင်းတီးသူ ဂီတပညာရှင်တစ်ဦးဖြစ်သည်။ အသက်ခုနစ်နှစ်အရွယ်တွင် မိသားစုဝင်အားလုံး ရန်ကုန်အနောက်ပိုင်းမြို့နယ်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုမြို့နယ်တွင်သာ သက်ဆုံးတိုင်နေထိုင်ခဲ့သည်။ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူတီးခတ်သည့် တူရိယာများအပြင် ပတ္တလား (ဝါးဖြင့်ပြုလုပ်သော)၊ မယ်ဒလင်၊ ပုလွေနှင့် နှဲ တီးမှုတ်ခြင်းတို့ကိုလည်း သင်ယူခဲ့သည်။  သူ၏ ဂီတပါရမီသည် ငယ်စဉ်ကတည်းကပင် သိသာခဲ့သည်။  ရန်ကုန်သို့ ပြောင်းရွှေ့ပြီး မကြာမီ ရွှေတိဂုံဘုရားတွင် ဖျော်ဖြေနေစဉ် နိုင်ငံသူရဲကောင်းဖြစ်သူ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ထို့ကြောင့်နောက်ပိုင်းတွင် „ဗိုလ်“ ဆိုသည်အမည်နာမသည် သူ၏ နာမည်ရှေ့တွင် နေရာယူလာခြင်းဖြစ်သည်။  „စိန်“ ဆိုသည့် နာမည်ကို ဆိုင်းဆရာအဖြစ် နာမည်ကျော်ပြီး နောက်ပိုင်းတွင်ထပ်ထည့်ခဲ့ခြင်းဖြစ်ပြီး ထိုအမည်သည် မြန်မာ့သံစုံတူရိယာကျွမ်းကျင်သူ ဂီတသမားအများစုကို တင်စားခေါ်ဝေါ်သော အမည်နာမဖြစ်သည်။

အသက် ၁၄နှစ်တွင် ခုနစ်တန်းအောင်ပြီးနောက် ကျောင်းထွက်ခဲ့ပြီး ဂီတပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။  သူ၏ သီချင်းစာသားများကို ရေးစပ်နိုင်သည့်စွမ်းရည်ကို အသက် ၁၆နှစ် သို့မဟုတ် ၁၇နှစ်တွင် ပထမဆုံး သီချင်းရေးစပ်ခြင်းဖြင့်ပြသနိုင်ခဲ့သည်။ စိန်ဗိုလ်တင့် သည် မန္တလေးနန်းတွင်းတွင် နောက်ဆုံးအကြိမ် ဖျော်ဖြေခွင့်ရရှိခဲ့သော နာမည်ကြီးဂီတကျောင်းသားများထဲမှ တစ်ဦးအပါအဝင်ဖြစ်ပါသည်။ သူ၏ဖျော်ဖြေပွဲများကို ရေဒီယိုနှင့် တီဗီတို့တွင် ထုတ်လွှင့်ပြီးနောက် နိုင်ငံအဝှမ်းကျော်ကြားလာကာ နန်းတွင်းဂီတ၏ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းရန် အတွက်လည်း နိုင်ငံတော် အဖွဲ့အစည်းအများအပြားတွင်ပါဝင်ခဲ့သည်။  ထို့အပြင် သူသည် ယဉ်ကျေးမှုတက္ကသိုလ်၏ ဘုတ်အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ဂီတနှင့် အကပြိုင်ပွဲများ ပြန်လည်အသက်ဝင်လာစေရန်နှင့် တိုင်းရင်းသားလူမျိုးစုဂီတပညာရှင်များ အခြင်းခြင်း ပညာဖလှယ်ခြင်းကိုလည်း အားပေးမြှင့်တင်ခဲ့သည်။  နိုင်ငံ၏ နံပါတ်တစ် ဥက္ကဌ ဦးနေဝင်းက Ady လမ်းရှိ ၎င်း၏နေအိမ်တွင် ကျင်းပလေ့ရှိသော တွေ့ဆုံပွဲများတွင် ဖျော်ဖြေရန် သူ့အားမကြာခဏ ဖိတ်ကြားလေ့ရှိသည်။

သူသည် မွေးချင်း၈ဦး ရှိသည့်အနက် တစ်ဦးတည်းသာ ဖခင်၏ခြေရာကိုနင်းပြီး ဂီတသမားအဖြစ် ထူးချွန်လာသူဖြစ်ပြီး သူ၏ဖျော်ဖြေပွဲများဖြင့် မိသားစုအား အထောက်အပံ့ပေးနိုင်ခဲ့သည်။ သူသည် ဆေးလိပ်သောက်သူတစ်ဦးဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် အဆုတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။

ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များ

မြန်မာဘုရင်မင်းမြတ်လက်ထက် ၁၈၈၅ ခုနှစ်နှောင်းပိုင်းတွင် မဟာဂီတာ (မဟာဂီတ) ဟူသော ကျမ်းဂန်များကို တေးဂီတအဖွဲ့ပေါင်းစုံမှ သီဆိုဖျော်ဖြေခဲ့ကြသည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက်တွင် မြန်မာနိုင်ငံ၏ယဉ်ကျေးမှုကို အဓိက လွှမ်းမိုးချုပ်ကိုင်လျက်ရှိသည့် တော်ဝင်နန်းတွင်းတစ်ခုလုံးကို ဖျက်သိမ်းလိုက်သောကြောင့် ရိုးရာကျမ်းဂန်များ ပျောက်ဆုံးသွားခဲ့သည်။ ဗြိတိသျှအစိုးရအုပ်ချုပ်သူများနှင့် ခရစ်ယာန်သာသနာပြုများ၏ မြန်မာနိုင်ငံအား ခေတ်နှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းမှုများကြောင့် သီချင်းအမျိုးအစားအသစ်များ ပေါ်ထွက်ခဲ့သည်။ ဆိုင်းဝိုင်းနှင့်ပါတ်သတ်ဆက်နွယ်သော သံစုံတီးဝိုင်းတစ်ချို့သာ ရှင်သန်ကျန်ရစ်ခဲ့ကြသည်။ သို့သော်လည်း မြန်မာ့ဂီတ၏ အရေးပါသော လက္ခဏာရပ်တစ်ခုဖြစ်သည့် ဆရာနှင့် တပည့်ဆက်ဆံရေးမှာမူ မပြောင်းလဲခဲ့ပေ။ တပည့်များသည် ၎င်းတို့ဆရာဖြစ်သူတီးခတ်ခဲ့သည့်အတိုင်း လိုက်လံတီးခတ်ကြသော်လည်း တစ်ချိန်တည်းတွင် အခြေခံတီးလုံးများတွင် ၎င်းတို့ကိုယ်တိုင်တီထွင်ဖန်တီးထားသော သံစဉ်များပေါင်းထည့်ခြင်းအားဖြင့် ၎င်းတို့၏ကိုယ်ပိုင်ဂီတပုံစံကို ရှာဖွေရန် ဆရာများက တိုက်တွန်းအားပေးကြသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ငယ်စဉ်အရွယ်က ပြဇာတ်ရေးဆရာတစ်ဦးဖြစ်လိုသော ဦးနုလက်ထက် ယဉ်ကျေးမှုမျိုးစုံ ထွန်းကားလာသည့်အချိန်တွင် စိန်ဗိုလ်တင့်သည် သူ၏အခြေခံကျောင်းပညာကို သင်ယူနိုင်ခဲ့သည်။ ဦးနုအား သူ၏အနုပညာဖြင့်နီးစပ်သော အရည်အချင်းများကြောင့် „သဘင်ဝန်“ – „သဘင်ဝန်ကြီး“ ဟုခေါ်ဆိုကြသည်။ ထိုခေတ်တွင် နိုင်ငံခြားမှ swing နှင့် jazz အမျိုးအစားများကဲ့သို့ ဂီတအစိတ်အပိုင်းများ ရေပန်းစားလာကာ ငယ်ရွယ်သော ဂီတပညာရှင်အား လွှမ်းမိုးခဲ့ပြီး တော်ဝင်ခေတ်မှ အမြစ်တွယ်လာခဲ့သည့် ရိုးရာသံစဉ်များနှင့် နိုင်ငံခြားမှလာသော လိုက်လျောညီထွေရှိသော သံစဉ်အစိတ်အပိုင်းများကို ပေါင်းစပ်နိုင်ခဲ့သော သူ၏အရည်အချည်းကြောင့် နာမည်ကြီးလာခဲ့သည်။

၁၉၆၂ ခုနှစ် မတ်လတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် စိန်ဗိုလ်တင့်သည် မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည့် တစ်သီးတစ်ခြားရပ်တည်သောမူဝါဒကြောင့် အခြေအနေသစ်ကို ရင်ဆိုင်ခဲ့ရသည်။ နိုင်ငံရပ်ခြားလွှမ်းမိုးမှုများကို ဖယ်ကျဉ်လာမှုနှင့် ယဉ်ကျေးမှုကို စည်းကမ်းအဖြစ်သတ်မှတ်လာမှုတို့ကြောင့် နန်းတွင်းကာလရှိ ရှေးဟောင်းရိုးရာဓလေ့များ ပြန်လည်အသက်ဝင်လာခဲ့သည်။ စိန်ဗိုလ်တင့်သည် ထိုအခြေအနေများကို လိုက်လျောညီထွေဖြစ်အောင် ဖန်တီးကာ ဗမာပြည်ရှိ တိုင်းရင်းသားအဖွဲ့များ၏ သံစဉ်စည်းချက်နှင့် ဂီတပညာရှင်များ ဖန်တီးထားသော တေးသွားများကို ပေါင်းစပ်ကာ ကွဲပြားစေသည့် သီချင်းတစ်ပုဒ်ကို ဖန်တီးခြင်းဖြင့် စည်းလုံးညီညွတ်မှု စံနှုန်းသစ်ကို လည်းဖန်တီးနိုင်ခဲ့သည်။ ဤနေရာတွင် လွှမ်းမိုးချုပ်ကိုင်မှုအောက်ရှိ လူမျိုးစုသဟဇာတဖြစ်မှုနှင့် ပေါင်းစည်းမှုတို့၏ တရားဝင်စံနှုန်းမှာ ဂီတကိုကိုယ်စားပြုခဲ့သည်။ သို့သော်လည်း ထိုနိုင်ငံရေးစံနှုန်းသည် နိုင်ငံရေးဖြစ်ရပ်မှန်များနှင့်ကိုက်ညီခြင်းမရှိနိုင်ခဲ့ပါ။

အခြားတစ်ဖက်တွင်လည်း စိန်ဗိုလ်တင့်သည် မြန်မာ့ရိုးရာဂီတနှင့် ထိုဂီတကို တီးမှုတ်သည့် တူရိယာများအား ဆန်းသစ်တီထွင်မှုများဖြင့် မိတ်ဆက်ပေးနိုင်ခဲ့သည်။ သူသည် ဆိုင်းဝိုင်း သံစဉ်များကို မူရင်းသံစဉ်မပျောက်ကွယ်စေပဲ မူရင်း ၇သံမှသည် ကမ္ဘာသုံးသံစဉ် ၁၂သံအထိ ချဲ့ထွင်ခဲ့သည်။ တစ်ခါတစ်ရံတွင် အဖွဲ့တစ်ခုလုံးတွင် နှဲသမား ၇ယောက်အထိပါဝင်ခဲ့သည်။ ဆိုင်းဝိုင်းဆိုသည်မှာ ရှေးယခင်က စောင်းကို သာယာငြိမ့်ငြောင်းစွာတီးခတ်နိုင်သောကြောင့် ဆင်များပင် နားဆင်ရန် လာရောက်ခဲ့သည်ဟု နာမည်ကြီးသော ဘုရင်တစ်ပါးကို ရည်ညွှန်းပြီး မှည့်ဆိုခဲ့ကြသည်။ ဆိုင်းဝိုင်းပတ်လည်တွင် ထွင်းထုထားသောဆင်ရုပ်ပုံများက ထိုသမိုင်းကြောင်းကို သရုပ်ဖော်ပြထားခြင်းဖြစ်ပါသည်။ တစ်ဖက်တွင်လည်း အချိန်ကြာလာသည်နှင့်အမျှ ဂီတပညာရှင်များက တစ်ကိုယ်တော်ဖျော်ဖြေမှုများပြုလုပ်လာကြပါသည်။

ဆိုင်းဝိုင်းအဖွဲ့တစ်ခုမှ တူရိယာများ (ခွန်တင်စိုး)

အခြားတီထွင်ဖန်တီးမှုအသစ်များမှာ မြန်မာနှင့် အနောက်တိုင်းသံစဉ်များအကြား ကွာဟချက်ကို တံတားထိုးပေးနိုင်သည့် တူရိယာအသစ်များကို တီထွင်ဖန်တီးခြင်းဖြစ်သည်။ „ကြေးဝိုင်း“ ကို ဂုံး ၂၉လုံးအထိ ချဲ့ထွင်ခဲ့သည်။ သူ၏ တပည့်တစ်ဦးသည် ဂုံးသံစဉ်များကို ဥရောပတိုက်သား ၁၂ဦး၏အကူအညီဖြင့် လေ့ကျင့်သင်ကြားခဲ့ဖူးသည်။ နောက်ပိုင်းတွင် လျှပ်စစ်ဂီတသံများ ပြောင်းလဲအသုံးပြုခဲ့ကြသည်။ ထိုတီထွင်ဖန်တီးမှုသည် တေးဂီတအဖွဲ့များ၏ အဝိုင်းများကို ကျယ်ပြန့်လာစေပြီး အနောက်တိုင်းဂီတပညာရှင်များနှင့် အတူတကွ တီးခတ်ရာတွင် မိမိတို့၏ ရိုးရာသံစဉ်များကို စွန့်လွှတ်စရာမလိုပဲ ၎င်းတို့၏ တီးခတ်မှုကိုပါ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ သူသည် နောက်ဆုံးတွင် အမေရိကန်ရိုးရာဂီတတွင် „ရေကန်ဘေ့စ်“ ဟုသိကြသော ရေဆေးကန်ကို resonator အဖြစ်အသုံးပြုထားသော ကြိုးတစ်ချောင်းမျှသာ မြန်မာပြည်တွင် ယခင်ကမသိသော ရိုးရှင်းသောဘေ့စ်တူရိယာကို တီထွင်ခဲ့သည်။

ထို့ကြောင့် စိန်ဗိုလ်တင့်သည် ရိုးရာအနုပညာများကို “အေးအေးလေး” သာဖြစ်ရုံမျှ အလေးပေးထိန်းသိမ်းထားသည့် ဆိုရှယ်လစ်အစိုးရ၏ ယဉ်ကျေးမှုမူဝါဒများကို ရှောင်ရှားနိုင်မည့် “အနောက်တိုင်း” ဂီတအစိတ်အပိုင်းအသစ်များကို မိတ်ဆက်ပေးခြင်းဖြင့် ရိုးရာဂီတကို ဟန်ချက်ညီစေခဲ့ပါသည်။ ဦးနေဝင်းသည် သူ၏ဂီတကို ကြိုက်နှစ်သက်သောကြောင့် ထိုကျော်ကြားမှုကိုအသုံးချကာ ဆိုရှယ်လစ်စနစ်တွင် သူဖန်တီးထားသော ဂီတအသစ်များကို လူကြိုက်များလာစေရန် အထောက်အကူဖြစ်ခဲ့သည်။

သုံးသပ်ချက်

စိန်ဗိုလ်တင့်သည် ဂီတပညာရှင်တစ်ဦးသာဖြစ်ပြီး ဂီတနှင့်ဆိုင်သည့်သီအိုရီများနှင့် သီဆိုသည့် ဂီတအကြောင်းကို ပြောဆိုရေးသားတတ်သူ တစ်ဦးမဟုတ်ပါ။ သူ၏ဂီတအကြောင်းကို သူ၏တပည့်များမှတစ်ဆင့် သို့မဟုတ် သူဖန်တီးသောဂီတမှတဆင့် သာဆက်သွယ်ပြောဆိုခဲ့သည်။ သူကိုယ်တိုင်လည်း ဆရာများထံမှ သင်ယူခဲ့တဲ့အရာများကို အခြေခံကာ ဟန်ချက်ညီညီဖြင့် အသစ်အဆန်းများကို တီထွင်ဖန်တီးနိုင်ခဲ့တယ်။ သူ၏ ထူးချွန်သော ဂီတပါရမီကြောင့် သူ့အား „ရိုးရာဂီတကို ပြုပြင်ပြောင်းလဲသူ“ ဟု ခေါ်နိုင်သည်။

သူ၏ဘဝနှင့်အလုပ်တို့၏ ယဉ်ကျေးမှု-နိုင်ငံရေး ဆိုင်ရာနောက်ခံအကြောင်းအရာများနှင့်ပတ်သက်၍ လူတစ်ချို့မှ သူ့ကို ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံပွင့်လင်းလာချိန်နှင့် ဦးနုခေတ် တို့အကြား ၂၆ နှစ်ကြာ မြန်မာ့ဆိုရှယ်လစ်ခေတ်၏ အထီးကျန်မှုကို ပေါင်းကူးပေးခဲ့သူဟုတင်စားကြသည်။ သို့သော်လည်း ထို ၁၉၈၈ နောက်ပိုင်း နိုင်ငံပွင့်လင်းလာချိန်တွင် အနောက်နိုင်ငံများက စစ်အာဏာရှင်များ လမ်းဖွင့်ပေးခဲ့သည့် နိုင်ငံခြားလွှမ်းမိုးမှုအတွက် အခွင့်အရေးများကို အသုံးမချခဲ့သောကြောင့် အနည်းငယ်တော့ ရယ်စရာဖြစ်ခဲ့ပါသည်။  တစ်နည်းအားဖြင့် စိန်ဘိုတင့်၏ တီထွင်ဆန်းသစ်မှုများကြောင့် နိုင်ငံတွင်း၌သာမက နိုင်ငံခြားဂီတပညာရှင်များနှင့် ဖလှယ်ရာတွင်လည်း အကျိုးကျေးဇူးရရှိခဲ့သူများမှာ သူ၏တပည့်များပင်းဖြစ်သည်။

သူ၏တပည့်အချို့က မြန်မာနိုင်ငံအတွင်း စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပွင့်လင်းလာမှုကို အသုံးချကာ ရောင်းအားကောင်းလာသော စီဒီချပ်များ ထုတ်လုပ်ဖြန့်ချီခြင်းအားဖြင့် ဆိုင်းဝိုင်းအဖွဲ့၏ အောင်မြင်ကျော်ကြားသော တီးဝိုင်းခေါင်းဆောင်များဖြစ်လာပြီး ဂုဏ်သိက္ခာရှိသော ဆုများကိုလည်းရရှိခဲ့ကြသည်။ ထိုတပည့်များက သူ၏တီထွင်ဖန်တီးမှုများကို အသုံးချပြီး ပြန်လည်မွန်းမံကာ အောင်မြင်လာခဲ့ခြင်းဖြစ်သည်။

အခြားတပည့်များက အနောက်ပိုင်းဂီတများနှင့် နည်းလမ်းများကို ပြန်လည်ဆန်းသစ် အသုံးပြုခဲ့ကြသူများလည်းရှိပါသည်။ ထိုသို့ ဆန်းသစ်ခြင်းကလည်း ဥရောပနှင့် မြန်မာနိုင်ငံရှိ ပွဲတော်များတွင် Jazz ဂီတပညာရှင်များနှင့် အတူ တီးခတ်ဖျော်ဖြေနိုင်မည့် အခွင့်အလမ်းများဖွင့်ပေးခဲ့ပါသည်။ အရွယ်ရောက်ပြီးသူများဖြစ်သည့် သူ၏တပည့်များသည် မြန်မာ့ဂီတ၏ ရိုးရာအယူအဆများကို မစွန့်လွှတ်ဘဲ အနောက်တိုင်းဂီတယဉ်ကျေးမှုဖြင့်လည်း ရင်းနှီးလာခဲ့သည်။ ထိုသို့သော မတူညီသည့် ဂီတအစဉ်အလာများကို ရောယှက်မှုကို ၂ဖက်စလုံးမှ ဂီတပရိသတ်များက လက်ခံအားပေးခဲ့ကြသည်။ ထိုအားပေးမှုများကြောင့် „မြန်မာနိုင်ငံနှင့် ဥရောပတို့ တွေ့ဆုံကြခြင်း“ဆိုသော သတင်းခေါင်းစဉ်အများအပြားကို ပေါ်ပေါက်လာစေခဲ့သည်။ 1

 စိန်ဗိုလ်တင့်အပြင် အခြားသော ဂီတသမားအချို့၏ ကျော်ကြားမှုများက ဦးနေဝင်းလက်ထက်တွင် မတူကွဲပြားသော ဂီတယဉ်ကျေးမှုများအကြား ယခုကဲ့သို့ တွေ့ဆုံမှုအသစ်များ အတွက် လမ်းခင်းပေးခဲ့သည်။ စိန်ဗိုလ်တင့်သည် ဆိုရှယ်လစ်ခေတ်ရှိ မြန်မာ့ဗျူရိုကရေစီယဉ်ကျေးမှု၏ ရှေးရိုးစွဲဝါဒကို တွန်းလှန်ခြင်းမပြုဘဲ ဦးနုလက်ထက် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို အသုံးချကာ အဖိုးတန်သော နည်းလမ်းသစ်များကို မိတ်ဆက်ပေးနိုင်မည့် နေရာလွတ်ကို ဖန်တီးနိုင်ခဲ့သည်။ သူနှင့် သူ၏ တပည့်များသည် မြန်မာ့လူ့အဖွဲ့အစည်းတွင် ကိုယ်ပိုင်နည်းလမ်းဖြင့် အသိပညာ ဖြန့်ဝေခြင်းအားဖြင့် ပိုမိုအကျိုးဖြစ်ထွန်းလာခဲ့သည်။ စိန်ဗိုလ်တင့်သည်လည်း သူ၏ တပည့်များနည်းတူ တစ်သီးပုဂ္ဂလဝါဒီတစ်ဦးဖြစ်သောကြောင့် နိုင်ငံတော်အတွက် ခြိမ်းခြောက်မှုဟု ယူဆနိုင်သည့် မည်သည့် “လှုပ်ရှားမှု” မျိုးကိုမဆို တည်ထောင်ရန် စိတ်မဝင်စားပါ။ သို့သော် ဆိုရှယ်လစ်ခေတ်အတွင်း တင်းကြပ်စွာတားမြစ်ထားခဲ့သည့် အနောက်တိုင်းပေါ့ပ်ယဉ်ကျေးမှုကို မြန်မာပြည်၏ ဂီတရေစီးကြောင်းအတွင်းသို့ ပေါင်းစပ်ရန် သူ့၏တပည့်များက မည်သို့ရင်ဆိုင်ခဲ့ကြောင်းကို မြင်တွေ့နိုင်ပါသည်။

ကိုးကားချက်များ

စိန်ဗိုလ်တင့် နှင့်ပတ်သက်သည့်အကြောင်းအရာများကို အနောက်တိုင်းဘာသာစကားများဖြင့် ရေးသားထားခြင်း တစ်ခုမျှမရှိပါ။  ဤအတ္ထုပ္ပတ္တိကို မြန်မာနိုင်ငံရှိ စာရေးဆရာများရေးသားသော သုတေသနများအပေါ်အခြေခံကာ ရေးသားထားပါသည်။

Hans-Bernd Zöllner မှ ဤအတ္ထုပ္ပတ္တိကို တည်းဖြတ်ထားပါသည်။

1ဤအတ္ထုပ္ပတ္တိနှင့်ပတ်သက်သည့် အကြောင်းအရာအချို့ကို အောက်ပါ လင့်ခ်များတွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။

https://www.youtube.com/watch?v=cCg0ztXHWao;

https://www.youtube.com/watch?v=CpdnQQvB70Y

https://www.youtube.com/watch?v=JSWYLBUlMDM

Schreibe einen Kommentar

Deine E-Mail-Adresse wird nicht veröffentlicht. Erforderliche Felder sind mit * markiert