ဒေါ်ခင်ကြည်(၁၉၁၂-၁၉၈၈)

Hans-Bernd Zöllner
Translation by Nang Lao Kham


English version of this article

မိတ်ဆက်

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် မြန်မာနိုင်ငံအစိုးရပိုင်သတင်းစာဖြစ်သော ကမ္ဘာ့ကြေးမုံ သတင်းစာတွင် ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ ရုပ်တုအား ဖွင့်လှစ်နေသည့် ရုပ်ပုံဖြင့် ဖော်ပြထုတ်ဝေခဲ့ပါသည်။  စာသားထဲတွင်မူ နိုင်ငံတော်အတိုင်ပင်ခံပြောကြားသော မိန့်ခွန်းနှင့် ထိုအဆောက်အဦး၏ သမိုင်းကြောင်းတို့ကို ရေးသားထားပါသည်။  ၎င်းကို ၁၉၃၃ခုနှစ် သြဂုတ်လ စစ်ပွဲပြီးဆုံးချိန်တွင် အုတ်မြစ်ချခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်သူ၏မိသားစုနေထိုင်သောအိမ်နှင့် နီးကပ်စွာတည်ရှိပြီး ၎င်းကိုအမျိုးသမီးသားဖွားဆေးရုံအဖြစ်အသုံးပြုခဲ့သည်။ ၎င်းကို ၂၀၁၇ ခုနှစ်တွင် တရုတ်သံရုံးနှင့် ငြိမ်းချမ်းရေးကိုမြှင့်တင်သော တရုတ်လူမှုဖူလုံရေးအဖွဲ့တို့၏ ရန်ပုံငွေဖြင့်ပြန်လည် ပြုပြင်ခဲ့သည်။

၂၀၁၇ခုနှစ် ဒီဇင်ဘာ ၂၃ ရက်‌နေ့ ဖွင့်ပွဲအခမ်းအနားမှ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏မိန့်ခွန်းတွင် သူနာပြုဆရာမဖြစ်ခဲ့ဖူးသည့် သူမ၏မိခင်နှင့်တွေ့ရန် သူနာပြုဆရာမများအိမ်သို့ လာရောက်လည်ပါတ်ချိန်ကို စဉ်စားမိသောကြောင့် ဤဆေးရုံသည် သူမ၏ကလေးဘဝကို ပြန်လည်အမှတ်ရစေခဲ့သည်ဟုပြောကြားခဲ့သည်။ သူနာပြုများသည် တိုင်းပြည်၏ ဒေသအသီးသီးမှလာကြသော်လည်း “ပြည်ထောင်စုစိတ်ဓာတ်” ရှိသူများဖြစ်ကြပြီး “လူနာများကို အနီးကပ်ပြုစုမှုနှင့် စိတ်ဓါတ်ခွန်အားမြှင့်တင်‌ပေးနိုင်သူများ ဖြစ်သောကြောင့်“ သူမအမြင်တွင် သူနာပြုများသည် ဆရာဝန်များထက် ပို၍အရေးကြီးသည်။

သတင်းစာတွင် ဒေါ်ခင်ကြည်၏အမည်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးဖွားသည့် လွတ်လပ်ရေးမတိုင်မီ ကာလများနှင့် ၁၉၄၇ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးနောက် မိခင်ဖြစ်သူ၏ လှုပ်ရှားမှုများနှင့် လက်ရှိ NLDခေါင်းဆောင်များအကြား ဆက်စပ်မှုတစ်ခုဖြစ်သည်ဟု‌ ဖော်ပြ ထားပါသည်။  ထို့အပြင် ဒေါ်ခင်ကြည်အားလွမ်းဆွတ်သတိရအခမ်းအနားအားဖြင့် အစိုးရသစ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြားဆက်ဆံရေးမြှင့်တင်ခဲ့သည်။ သူမ၏သမီးဖြစ်သူမှ သူမ၏အမည်ဖြင့် နိုင်ငံရှိပြည်သူများ၏ ကျန်းမာရေး၊ ပညာ‌ရေးနှင့် ‌နေထိုင်မှုအဆင့်အတန်းများမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ‌ဖောင်ဒေးရှင်းတစ်ခုလည်းထူ‌ထောင်ထားပြီး မြန်မာနိုင်ငံ၏ မဖွံ့ဖြိုးသေးသော ဒေသများကို အထူးပြုလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့အောင်ဆန်းပြတိုက် အဖြစ်ပြောင်းလဲထားသော နေအိမ်၌ မွေးဖွားခဲ့သည်ဟူသော ကောလဟာလများလည်းကြားသိရပါသည်။ ယခင်ကမိသားစုနေထိုင်ခဲ့သော အိမ်အား နိုင်ငံ၏ဖခင်ကိုဂုဏ်ပြုသည့်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အဖြစ်ပြောင်းလဲခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုသူမ၏ထောက်ခံသူများစွာက “အမေစု” ဟုချစ်ခင်စွာခေါ်ဝေါ်သောကြောင့် ဆေးရုံသည် တိုင်းပြည်၏လက်ရှိမိခင်ဖြစ်‌သော ဒေါ်အောင်ဆန်းစုကြည်၏မိခင်ကို ဂုဏ်ပြုထားခြင်း ဖြစ်သည်။ ထိုအချက်များက ဒေါ်အောင်ဆန်းစုကြည်၏ မိခင်သည် သူမ၏သမီးနှင့် တစ်နိုင်ငံလုံးအပေါ် ရေရှည် လွှမ်းမိုးမှုရှိကြောင်းကို ဖော်ပြနေခဲ့သည်။ ဒေါ်ခင်ကြည်၏ဘဝ၊ အောင်မြင်မှုများနှင့်လွှမ်းမိုးမှုများကို အနီးကပ်လေ့လာခြင်းသည် မြန်မာနိုင်ငံ၏ မကြာသေးမီကဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်များကို ပိုမိုနားလည်ရန်အထောက်အကူဖြစ်နိုင်သည်။

အတ္ထုပ္ပတ္တိပုံကြမ်း

မခင်ကြည်ကို ဉီးဘိုငြိမ်း နှင့် ဒေါ်ဖွားစုတို့မှ ၁၉၁၂ခုနှစ် ဧပြီလ၁၆ရက်နေ့တွင် ‌ဧရာဝတီတိုင်း ‌‌‌‌မြောင်းမြမြို့တွင် မွေးဖွားခဲ့ပါသည်။  မောင်နှမ ၁၀ ယောက်မြောက် ရှိသည့်အနက် ၈ယောက်မြောက် ဖြစ်ပြီး သူမ၏ ဖခင်ဖြစ်သူသည် လမ်းတံတားတည်ဆောက်ရေးဌာနတွင် အရာရှိအဖြစ် တာဝန်ထမ်း‌ဆောင်လျက်ရှိသည်။  သူမသည် မြောင်းမြမြို့တွင် ၇တန်းအထိပညာသင်ကြားခဲ့ပြီး ရန်ကုန် ကြည်မြင်တိုင်မြို့နယ်ရှိ အမေရိကန်နှစ်ခြင်းသာသနာပြု မိန်းကလေးအထက်တန်းကျောင်းတွင် ဆယ်တန်းအထိ ဆက်လက်ပညာသင်ယူခဲ့ပါသည်။  ပြီးနောက်တွင် ‌မော်တင်လမ်း အမေရိကန်နှစ်ခြင်း သာသနာပြု မိန်းကလေးကျောင်းရှိ ဆရာအတတ်သင်အတန်းမှ အလယ်တန်းပြဆရာအဖြစ် သင်တန်းဆင်းလက်မှတ်ရရှိခဲ့ပြီး မြောင်းမြမြို့ရှိ အထက်တန်း‌ကျောင်းတွင် အချိန်ကာလတစ်ခုအထိ ဆရာမ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

သို့သော်ငြားလည်း မခင်ကြည်သည် သူနာပြုအလုပ်ကို ပိုမိုဝါသနာပါသောကြောင့်  သူမ၏အစ်မ ၂ယောက်တတ်ရောက်ခဲ့ဖူးသော ဒူဖာရင်ဆေးရ (ယနေ့ ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံ) တွင် သားဖွားဆရာမနှင့် သူနာပြုသင်တန်းကို တတ်‌ရောက်ခဲ့ပါသည်။  သင်တန်းပြီးဆုံးပြီးနောက်တွင် ရန်ကုန်အထွေထွေဆေးရုံကြီးတွင် သူနာပြုအဖြစ် စတင်အလုပ်လုပ်ကိုင်ခဲ့ပါသည်။  ၁၉၄၁ခုနှစ် ဒီဇင်ဘာလ၂၃ ရက်နေ့တွင် ရန်ကုန်တွင် ဗုံးခွဲမှုတစ်ခုဖြစ်ခဲ့ပြီးအရပ်သားများအားဒဏ်ရာရစေခဲ့သည် မခင်ကြည်သည်ဒဏ်ရာရသူများကို အိန္ဒိယနိုင်ငံ ကလကတ္တားမြို့တွင် ဆေးကုသမှုခံယူရာတွင် အတူလိုက်ပါခဲ့သည်။ နောက်ပိုင်းတွင် သူမအား ဂျပန်လက်အောက်ခံကာလတွင် ကျော်ကြားသော မြန်မာခွဲစိတ်ဆရာဝန်ဒေါက်တာဘသန်းမှ “စစ်စတာ”အဖြစ်ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရသည်။ ၁၉၄၂ခုနှစ် မေလတွင် ဗိုလ်ချုပ်အောင်ဆန်း ဖျားနာ၍ ဆေးရုံတတ်ခဲ့ရသည်။  ဒေါက်တာဘသန်းမှ ဒေါ်ခင်ကြည်အားဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ၏တပ်မှူးကိုစောင့်ရှောက်ရန်တာဝန်ပေးခဲ့သည်။ ထိုအချိန်မှစတင်၍ ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ထက်၃နှစ်ပိုကြီး‌သော သူနာပြုအား ချစ်ကြိုက်ခဲ့သည်။  သူမတွေဝေနေခဲ့သော်လည်း နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အချစ်ကိုလက်ခံခဲ့သည်။  ၁၉၄၂ခုနှစ် စက်တင်ဘာလတွင် လက်ထပ်ထိမ်းမြားခဲ့ကြပြီး ကလေး ၃ယောက် ဆက်တိုက်ဆိုသလို ထွန်းကားခဲ့သည်။  အောင်ဆန်းဉီးကို ၁၉၄၃ခုနှစ်၊ အောင်ဆန်းလင်းကို ၁၉၄၄ခုနှစ်၊ အောင်ဆန်းစုကြည်ကို ၁၉၄၅ ခုနှစ်တွင် ‌မွေးဖွားခဲ့ပါသည်။  ၁၉၄၆ ခုနှစ်တွင် နောက်ထပ်သမီးတစ်ယောက်ဖွားမြင်ခဲ့သော်လည်း မွေးဖွားပြီး မကြာခင်ပင် သေဆုံးသွားခဲ့ပါသည်။

လက်ထပ်ထိမ်းမြားစဉ်က ဓါတ်ပုံ

ထိုလက်ထပ်ထိမ်းမြားခြင်းတွင် နိုင်ငံရေးအရအရေးပါ‌မှုရှိခဲ့ပါသည်။  ဗြိတိသျှများထွက်ခွာသွားပြီး နောက်တွင် မခင်ကြည်၏ ‌မွေးရပ်ဇာတိဖြစ်သော မြောင်းမြမြို့တွင် BIA နှင့်ကရင်လက်နက်ကိုင် အဖွဲ့များအကြားတိုက်ပွဲများဖြစ်ပွားခဲ့သည်။ မြန်မာ-ကရင်ဆက်ဆံရေးကို ဆယ်စုနှစ်များစွာ တင်းမာစေခဲ့သော ထိုအကြမ်းဖက်တိုက်ခိုက်မှုများသည် ဂျပန်စစ်တပ်များထိုနေရာသို့ရောက်ရှိသွား မှသာရပ်တန့်သွားခဲ့သည်။ မခင်ကြည်သည် ဗမာဖြစ်သော်လည်း သူ၏ဖခင်သည် နှစ်ခြင်းခရစ်ယာန် ဘာသာဝင်တစ်‌ယောက်ဖြစ်ပါသည်။

အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့တွင် ဗြိတိသျှနှင့်သူတို့၏ မဟာမိတ်အသစ်များအောင်ပွဲဆင်နွှဲပြီး နောက်ရက်အနည်းငယ်အကြာ ၁၉၄၅၊ ဇွန် ၁၉ ရက်တွင်ထူးခြားသည့်ကာလများ၌မွေးဖွားခဲ့သည်။ သူမ မမွေးဖွားမီသုံးလအလို မတ်လ ၂၇ရက်နေ့တွင် အောင်ဆန်းသည် ဂျပန်စစ်တပ်သည် မဟာမိတ်များ မဟုတ်တော့ဘဲရန်သူများသာဖြစ်ကြောင်းကြေငြာခဲ့သည်။ ထိုကြေငြာချက်သည် အန္တရာယ်များသော အရွေ့တစ်ခုဖြစ်ကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းသိနှင့်နေခဲ့ပါသည်။  ထိုကြောင့်လည်း ထိုကြေငြာချက် မပြုလုပ်မီ ရက်အနည်းငယ်အလိုတွင် သူ၏မိသားစုအား ရန်ကုန်မှ ပြောင်းရွေ့ထားခဲ့ပါသည်။  ဒေါ်ခင်ကြည်သည် ကလေးငယ်နှစ်ယောက်နှင့် သမီးလေးအား ကိုယ်ဝန်လွယ်ထားကာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိသေးငယ်သည့် မွေးဇောင်းရွာကလေး သို့စစ်သားသုံးဦးနှင့်အတူ တိမ်း‌ရှောင် နေထိုင်ခဲ့သည်။ ချမ်းသာသော စီးပွားရေးသမားတစ်ဦးမှ သူ၏‌နေအိမ်ကို မိသားစုများ နေထိုင်နိုင်ရန် စီစဉ်ပေးခဲ့သည်။  ယနေ့အချိန်တွင် ဖျာပုံမြို့ရှိထိုနေရာသို့ ကားဖြင့် ၄နာရီခန့်သာ ကြာမြင့်‌သော်လည်း  ဒေါ်ခင်ကြည် ကလေးငယ်များဖြင့် ‌ရှောင်တိမ်းရစဉ်အခါက လှေဖြင့် ရက်ပေါင်းများစွာခရီးနှင်ရပါသည်။  ထိုခရီးတွင် ၂ကြိမ်တိုင်တိုင် အန္တရာယ်ဖြင့် ကြုံတွေ့ခဲ့ရပါသည်။  ထိုဒေသသို့ သွားရာလမ်းတွင် ဂျပန်စစ်သားများဖြင့် ရင်ဆိုင်တွေ့ခဲ့သည်။  ဒေါ်ခင်ကြည်မှသူမ၏ အစောင့်များအားမီးမဖွင့်ရန် ပြော၍ရှောင်တိမ်းနိုင်ခဲ့သည်။ ဗမာ့နှစ်သစ်ကူးအချိန် သကြ်န်ကာလ ဧပြီလ အိမ်အပြန်လမ်းတွင်လည်း ဗြိတိသျှစစ်သားများ ‌လေယာဉ်ပေါ်မှ ဗုံးကြဲခြင်းအန္တရာယ်ကိုလည်း ကြုံတွေ့ခဲ့ရသည်။  ဘေးကင်းစွာ ပြန်လာပြီးသည့်နောက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ဒေါ်ခင်ကြည်ဆေးရုံ အနီးတွင်ရှိသည့် မိသားစုနေအိမ် (ယခုအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ဖြစ်ပါသည်) တွင်မွေးဖွားခဲ့သည်။

ဒေါ်ခင်ကြည်သည် ၂နှစ်ကြာတိုင်းပြည်၏ လွတ်လပ်ရေးသူရဲကောင်း၏ ဇနီးဘဝဖြင့်နေထိုင်ခဲ့ပြီး တာဝါလမ်း နံပါတ်၁၅ရှိနေအိမ်၌ ကလေးသုံးယောက်ကိုပြုစုခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံသတ်ဖြတ်ခြင်းမခံခင်အချိန်အထိ ၁၉၄၇ ခုနှစ်အစောပိုင်း မဲဆန္ဒရှင်ညီလာခံမတိုင်မီ ဗိုလ်ချုပ်အောင်ဆန်း၏ခရီးစဉ်များတွင် သူမအတူလိုက်ပါခဲ့သည် များမကြာမီ ဒေါ်ခင်ကြည်၏ဖခင်သည် ကလေးထိန်းတာဝန်လွှဲပြောင်းယူရန်အတွက် ဒေါ်ခင်ကြည်တို့နေအိမ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ပါသည်။

သူမသည် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဉပဒေကိုရေးဆွဲသော ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း၏ နေရာမှ ခတ္တခဏ တာဝန်ယူဆောင်ရွက်ပြီးနောက်တွင် အလုပ်လုပ်သောမိခင်တဦးဖြစ်လာခဲ့သည်။ ၁၉၄၇ခုနှစ် အောက်တိုဘာလမှ ၁၉၅၂ ခုနှစ်အထိ သူမသည် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဦးစီးဌာန၏ ဒါရိုက်တာအဖြစ်ခန့်အပ်ခြင်းခံရသည်။ ၁၉၅၂ခုနှစ် ဦးနုအစိုးရလက်ထက်တွင် သူမသည် တိုင်းပြည်၏လူမှုစီမံကိန်းကော်မရှင်၏အကြီးအကဲဖြစ်လာခဲ့သည်။

ဒေါ်ခင်ကြည် (ဘယ်ဖက်မှ ၂‌ယောက်မြောက်) နှင့် ဉီးနု (ညာဖက်မှ ၄ယောက်မြောက်) မြောက်ဖက်ချင်း‌တောင်တန်းတွင် (၁၉၅၀ခုနှစ်)

ဒေါ်ခင်ကြည်သည်  ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ပြီးနောက် ဉီးနုအစိုးရလက်ထက်တွင် AFPFL အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲတွင် သူမသည်သူမ၏ခင်ပွန်း၏ မဲဆန္ဒနယ်ဖြစ်သော လမ်းမတော်မြို့နယ်အတွက် မဲဆန္ဒနယ်ညီလာခံ၏ အဖွဲ့ဝင်အဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ ထို့အပြင်သူမသည် ၁၉၅၀ ခုနှစ်မေလတွင်လန်ဒန်သို့ ဒုတိယကမ္ဘာစစ်အတွင်း ကွယ်လွန်သွားသောစစ်သားများအတွက် အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ရန် လာရောက်သည့် အထင်ကရဝန်ကြီးချုပ်နူနှင့်အတူ လိုက်ပါခဲ့သည်။

ဒေါ်ခင်ကြည် လန်ဒန်မြို့ရှိ Premier Nu နှင့်သူ၏ဇနီးတို့နှင့်အတူ (ရင်းမြစ် – ဧရာဝတီ)

အောက်တိုဘာလ 1958 ခုနှစ်တွင် အသင်းပြိုကွဲပြီးနောက် ဉီးနု၏ „သန့်ရှင်း‌သော AFPFL“ သို့ဝင်ရောက်ခဲ့သည်။ သူမသည် ဉီးနု၏ လှုပ်ရှားမှုများဖြစ်သော ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ရန် ကတိကဝတ်အပါအဝင် သူ၏မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကိုထောက်ခံခဲ့ပြီး ‌၁၉၆၀ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း မြန်မာပြည်အလယ်ပိုင်းရှိ မြို့‌‌ပေါင်းများစွာတွင် ဆန္ဒပြပွဲများတွင် ဟောပြောခြင်းများပြုလုပ်ခဲ့သည်။ သူမသည် ပါတီအတွင်း ခေါင်းဆောင်နေရာတွင် ပါဝင်ခဲ့ပါသည်။ သူမ၏ ဉီးနုအပေါ်ထောက်ခံမှုနှင့် ဉီး‌နေဝင်း၏စစ်တပ်နှင့်၎င်း၏ ဆိုရှယ်လစ် ပြိုင်ဘက်များအား ဆန့်ကျင်မှုသည် ထိုအချိန်က ၁၄ နှစ်အရွယ်ဆယ်ကျော်သက်အရွယ် လူငယ်ဒေါ်အောင်ဆန်းစုကြည်၏စိတ်ကိုလွှမ်းမိုးနိုင်ခဲ့‌ပေလိမ့်သည်။ ၁၉၆၀ခုနှစ် မေလ ၁၉ ရက်နေ့တွင် သူသည်အိန္ဒိယနိုင်ငံရှိ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ခံရပြီး တစ်လအကြာတွင် နီပေါနိုင်ငံ အတွက်လည်း သံအမတ်အဖြစ်လည်းခန့်အပ်ခံခဲ့ရပြီး နိုင်ငံအတွင်း ထို့သို့ ခန့်အပ်ခံရသော ပထမဆုံးအမျိုးသမီးဖြစ်ခဲ့သည်။

၁၉၆၀ ခုနှစ်များတစ်လျှောက် အစိုးရဝန်ဆောင်မှုများတွင် ပြည်ထောင်စုအမျိုးသမီးများအဖွဲ့ချုပ်ဉက္ကဌ ကဲ့သို့သောဂုဏ်ထူးဆောင်ရာထူးများကို ရယူခဲ့ပြီးနိုင်ငံခြားတိုင်းပြည်မှ ဂုဏ်ထူးဆောင်ဘွဲ့အချို့ လည်းရရှိခဲ့သည်။

အခြားတစ်ဖက်သူမ၏ မိသားစုဘဝတွင်လည်း  ၁၉၅၃၊ ဇန်နဝါရီလတွင် ဒုတိယမြောက်သား အောင်ဆန်းလင်းသည် အိမ်၏ခြံဝင်းအတွင်းရှိ ရေကန်ထဲတွင်ရေနစ်သေဆုံးသွားခဲ့ပြီးနောက် သူမအတွက် ပြင်းထန်သောထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည်။ ထို့နောက်တွင် သူမသည် အစိုးရမှပေးသော တက္ကသိုလ်ရိပ်သာလမ်းမှ ‌နေအိမ်သို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။

မိသားစုဓါတ်ပုံ ဘယ်ဖက်မှ ၂‌ယောက်မြောက် စုကြည်

အကြီးဆုံးသား၏အကြောင်းကိုမူ လူသိမများပေ။  သူသည် ၁၉၅၀ ပြည့်နှစ်နှောင်းပိုင်းတွင် ဖြစ်သည့်အင်္ဂလန်နိုင်ငံရှိ ဒိုဗာကောလိပ်တွင် Kent ရှိဘော်ဒါကျောင်းမှ ‌နေ၍ ပညာသင်ကြားခဲ့ပြီး လန်ဒန် Imperial ကောလိပ်တွင်လည်း အင်ဂျင်နီယာဘာသာရပ်ကို လေ့လာခဲ့သည်။ ထိုမှနေ၍ နောက်ပိုင်းတွင်အမေရိကန်ပြည်ထောင်စုသို့သွားရောက်ခဲ့ပြီး အမေရိကန်နိုင်ငံသားဖြစ်လာခဲ့သည်။ သူ၏ညီမဖြစ်သူ အောင်ဆန်းစုကြည်သည်  ဒေါ်ခင်ကြည်နှင့်အတူအိန္ဒိယနိုင်ငံသို့လိုက်ပါခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် အထက်တန်းကျောင်းပြီးဆုံးပြီးနောက် အောက်စ်ဖို့ဒ်တက္ကသိုလ်တတ်ရောက်ခဲ့သည်။ သံအမတ်အဖြစ် ဒေါ်ခင်ကြည်၏ လုပ်ဆောင်မှုများကိုမူ မှတ်တမ်းမှတ်ရာအ‌သေးစိတ်ဖြင့် ရှာမတွေ့ခဲ့ပါ။

ဒေါ်ခင်ကြည်သည် ၁၉၆၂ မတ်လ သူမအသက် ၅၅ နှစ်အရွယ်တွင် ဦးနု၏အုပ်ချုပ်မှုကို အာဏာသိမ်းခြင်းဖြင့် အဆုံးသတ်ခဲ့သော ဗိုလ်ချုပ်နေဝင်း၏မူဝါဒကို မနှစ်သက်သောကြောင့် ရာထူးမှနုတ်ထွက်ခဲ့သည်။ သို့သော် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် သူမသည် အများပြည်သူရှေ့တွင် နိုင်ငံရေးအကြောင်းပြောဆိုခြင်းမရှိခဲ့ပါ။ ထို့အပြင် မြန်မာနိုင်ငံတွင် ထိုအချိန်က အသက် ၅၅ နှစ်သည် ပြည်သူ့ဝန်ထမ်းများအတွက် အငြိမ်းစားယူရမည့် အသက်အရွယ်လည်း ဖြစ်နေခဲ့ပါသည်။  နောက်ပိုင်းတွင် သူမသည် အိမ်တွင်သာတိတ်ဆိတ်စွာနေထိုင်ခဲ့ပြီး သူမနှင့် သမီးဖြစ်သူ၏ သူငယ်ချင်းများ၊ မိသားစုများ ပုံမှန်လည်ပတ်ခြင်းများကိုသာလက်ခံခဲ့သည်။  သူမ၏ ‌မြေးဖြစ်သူ ၂ယောက်အတွက် ရန်ကုန်တွင် မြန်မာ့ရိုးရာ ရှင်ပြုအခမ်းအနား ကျင်းပခဲ့ပါသည်။

သူမ အငြိမ်းစားယူပြီးတစ်နှစ်အကြာ ၁၉၆၈ ခုနှစ်တွင် သူမ၏အစ်မ ဒေါ်ခင်ကြီး၏ခင်ပွန်းဖြစ်သူ ကွန်မြူနစ်ပါတီခေါင်းဆောင် ကိုသန်းထွန်း သည် တရုတ်ယဉ်ကျေးမှုတော်လှန်ရေးနှင့်သက်ဆိုင် သည့်ဂိုဏ်းကွဲပဋိပက္ခနှင့် ပါတ်သတ်၍ သူ၏ရုံးချုပ်တည်ရှိရာ ပဲခူးရိုးမတွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။ ‌ဒေါ်ခင်ကြီးသည် ထိုအချိန်မှ စ၍ ရန်ကုန်သို့ထွက်ခွာလာပြီး တက္ကသိုလ်ရိပ်သာလမ်းရှိ အိမ်ဝင်းအတွင်း သီးခြားအဆောက်အအုံငယ်လေးတစ်ခု ဖြင့်နေထိုင်ခဲ့ပြီး ထိုနေရာတွင် သူမ အသက် ၉၃ နှစ်အရွယ် ၂၀၀၁ ခုနှစ်တွင် ကွယ်လွန်သည့် အချိန်အထိနေထိုင်ခဲ့သည်။

၁၉၈၈ခုနှစ် မတ်လနှောင်းပိုင်းတွင် သူမလေဖြတ်ခဲ့ပြီး သူမ သူနာပြုဆရာမအဖြစ်လုပ်ကိုင်ခဲ့ဖူးသော ဘန်ကောက်အထွေထွေရောဂါကုဆေးရုံသို့ တက်ရောက်ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်သို့ ပြန်လာကာ သူမကို ပြုစုစောင့်ရှောင့်ခဲ့ပါသည်။  သူမကို ဂျူလိုင်လတွင် အိမ်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး  ဂျက်စင်ဘုရားရှိခိုးကျောင်းမှ နှစ်ခြင်းခရစ်ယာန်သင်းအုပ်ဆရာ၏ ပြောကြားချက်အရ သူမသည် ခရစ်ယာန်ဘာသာအတိုင်းဘုရားရှစ်ခိုးရန်သူ့အား တောင်းဆိုခဲ့သည်ဟု ပြောကြားထားပါသည်။ သူမသည် ၁၉၈၈ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင်ကွယ်လွန်ခဲ့သည်။

အသုဘအခမ်းအနားသို့ သွားရောက်ကြသည့်ပုံ အသုဘအခမ်းအနားမှ ဓါတ်ပုံ ၂ပုံ (Courteey of Goethe Institute, Yangon)
အသုဘအခမ်းအနားတွင် (ညာဖက်မှ‌နေ၍ ၃ရောက်မြောက်) Michael Aris အသုဘအခမ်းအနားမှ ဓါတ်ပုံ ၂ပုံ (Courteey of Goethe Institute, Yangon)

၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်ဈာပနအခမ်းအနားကို သူမအတွက် ကျင်းပခဲ့ပါသည်။  ထိုအခမ်းအနားကို ခန့်မှန်းခြေလူတစ်သိန်းကျော်တက်ရောက်ခဲ့ပြီး ၁၉၈၈ ခုနှစ်စက်တင်ဘာ ၁၈ ရက်တွင် အစိုးရအဖြစ်အာဏာသိမ်းခဲ့သည့် စစ်အစိုးရကိုဆန့်ကျင်သောနိုင်ငံရေးဆန္ဒပြမှုတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ရွှေတိဂုံဘုရားလမ်းရှိ ဒေါ်ခင်ကြည်အုတ်ဂူ (အလယ်) နောက်ဆုံးမြန်မာဘုရင်မိဖုရားဖြစ်သူ စုဖုရားလတ်  နှင့် နိုင်ငံကျော်ကဗျာဆရာ သခင်ကိုယ်တော်မိုင်း (ဘယ်ဘက်)  (အလယ်) (ဓါတ်ပုံ- Courtesy of Ben Basal)

ရည်ရွယ်ချက်နှင့် ပြီးမြောက်မှုများ

ဒေါ်ခင်ကြည်ကိုယ်တိုင် ‌ရေးသားခဲ့သော မိန့်ခွန်းများ၊ ဆောင်းပါးများကို မတွေ့ရှိခဲ့ပါ။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့်  သူမ၏ကျော်ကြားသော ခင်ပွန်းဖြစ်သူ၏‌ သေဆုံးခြင်းနှင့် အမွေဆက်ခံမှုများ အကြောင်းကို သူမမည်သို့ ကိုင်တွယ်ခဲ့ကြောင်း မသိရှိနိုင်ခဲ့ပေ။  ဂျီနီဗာမြို့ရှိကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းအဝေးသို့တက်ရောက်ပြီးနောက်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ဖိတ်ကြားချက်အရ ၁၉၅၂ ခုနှစ် ဇွန်လနှင့်ဇူလိုင်လအတွင်း အမေရိကန်ပြည်ထောင်စုသို့လာရောက်လည်ပတ်ခြင်းအကြောင်း နှင့် ပါတ်သတ်‌ပြီး အမေရိကန်သတင်းစာအချို့တွင် ဖော်ပြခဲ့သည့် ကိုးကားချက်အနည်းငယ် မျှသာရှိသည်။

အစီရင်ခံစာများတွင် မြန်မာနိုင်ငံတွင်တည်ထောင်ထားပြီး သူမကြီးကြပ်ခဲ့ရသောမိခင်နင့် ကလေး‌စောင့်ရှောက်ရေးစင်တာ ၁၀၈ ခုအတွက် အလွန်ဂုဏ်ယူကြောင်းဖော်ပြထားသည်။  စစ်ပွဲမတိုင်မီ ၃၅ ခုထပ်မံတည်ထောင်နိုင်ခဲ့ပါသည်။ ဒေါ်ခင်ကြည်မှ ထိုအစီအစဉ်များသည် ဒေသခံများ၏ဆောင်ရွက်မှုများအပေါ်အခြေခံထား‌သော တန်းတူညီမျှသောစံနှုန်းများကို ရရှိနိုင်ရန်အတွက် ပြည်နယ်မှပံ့ပိုးထားခြင်းဖြစ်သည်အကြောင်းကို အလေးထားပြောကြားခဲ့သည်။ မူဝါဒများကို ရွာသူရွာသားများမှသာ ချမှတ်ထားခြင်းဖြစ်ကြောင်း  အကယ်၍ အစိုးရအနေဖြင့် စင်တာများအတွက် အဆောက်အအုံတစ်ခုတည်ဆောက်ပေးမည်ဆိုပါက စေတနာ့ဝန်ထမ်းများသည်“ စိတ်အားထက်သန်မည်မဟုတ်” ဟုသူမကပြောကြားခဲ့သည်။ ထို့အပြင် လစာအနည်းငယ်သာရရှိသော အစိုးရအလုပ်အကိုင်အတွက်ရှိ‌နေသော လစ်လပ်ရာထူးများထက် လျောက်ထားသူအရေအတွက်က အလွန်များပြားနေသည်ဟုလည်း ပြောကြားခဲ့ပါသည်။

အလွန်များပြားနေသည်ဟုလည်း ပြောကြားခဲ့ပါသည်။

သူမ၏ USAသို့ အလည်အပတ်ခရီးစဉ် အကြောင်းဖော်ပြထားသော သတင်းစာ၏ ဖော်ပြချက်အရ သူမသည် မြန်မာနိုင်ငံတွင်တည်ထောင်ထားသောမိခင်နှင့်ကလေး‌စောက်ရှောက်ရေးစင်တာ ၁၀၈ခု အတွက်အလွန်ဂုဏ်ယူခဲ့သည်။ စစ်ပွဲမတိုင်မီ ၃၅ ခုထပ်မံတိုးပွားလာခဲ့ပါသည်။ ဒေါ်ခင်ကြည်မှ ထိုအစီအစဉ်များသည် ဒေသခံများ၏ဆောင်ရွက်မှုများအပေါ်အခြေခံထား‌သော တန်းတူညီမျှသောစံနှုန်းများကို ရရှိနိုင်ရန်အတွက် ပြည်နယ်မှပံ့ပိုးထားခြင်းဖြစ်သည်အကြောင်းကို အလေးထားပြောကြားခဲ့သည်။ မူဝါဒများကို ရွာသူရွာသားများမှသာ ချမှတ်ထားခြင်းဖြစ်ကြောင်း  အကယ်၍ အစိုးရအနေဖြင့် စင်တာများအတွက် အဆောက်အအုံတစ်ခုတည်ဆောက်ပေးမည်ဆိုပါက စေတနာ့ဝန်ထမ်းများသည်“ စိတ်အားထက်သန်မည်မဟုတ်” ဟုသူမကပြောကြားခဲ့သည်။ ထို့အပြင် လစာအနည်းငယ်သာရရှိသော အစိုးရအလုပ်အကိုင်အတွက်ရှိ‌နေသော လစ်လပ်ရာထူးများထက် လျောက်ထားသူအရေအတွက်က အလွန်များပြားနေသည်ဟုလည်း ပြောကြားခဲ့ပါသည်။

ထို့အပြင်အစီရင်ခံစာများအရ ဒေါ်ခင်ကြည်သည် နိုင်ငံမှပံ့ပိုးထားပြီး ဒေသခံပြည်သူများကိုယ်တိုင် ဆောင်ရွက်မှုများအပေါ် အခြေခံ၍ ဦးနုမှဖန်တီးထားသည့် “ပြည်တော်သာ” အစီအစဉ်အားအလွန်ယုံကြည်ကြောင်းဖော်ပြထားသည်။ ထို့အပြင် သူမသည် အလွန်ကြံ့ခိုင်သော၊ အလုပ်တွင်မြုတ်နှံထား‌သော၊ ပွင့်လင်းရိုးရှင်းသောပုဂ္ဂိုလ်တစ်ဦး ‌အဖြစ် ဖော်ပြချက်များနှင့် ကိုက်ညီသည်ဟု ဆိုနိုင်ပါသည်။  အများဆုံး‌ ကောက်နှုတ်ချက်များကို ၁၉၉၅ နှင့် ၁၉၉၆ ခုနှစ်တွင် Alan Clements ဖြင့် ပြုလုပ်သောအင်တာဗျူးတွင် သူမ၏ သမီးဖြစ်သူ၏ ‌ပြောကြားချက်များမှ ယူထားခြင်းဖြစ်ပါသည်။ ထိုထဲမှ အချို့ကို ‌အောက်တွင်ဖော်ပြထားပါသည်။

မြန်မာ့ကလေးအများစု သင်ကြားခံခဲ့ရသလိုပဲ ကျွန်မလည်း ကျွန်မအမေကို ချစ်ကြောက်ရိုသေပြီး ကြီးပြင်းခဲ့ပါတယ်။  ကျွန်မအတွက်တော့ ကျွန်မအမေက ဂုဏ်သိက္ခာ၊ သတ္တိနဲ့ စည်းကမ်းပဲဖြစ်တယ်။  သူမကအရမ်းလည်း ကြင်နာတတ်တယ် ဒါပေမယ့် ဘဝကို လွယ်လွယ်ကူကူတော့ မနေထိုင်နိုင်ခဲ့ပါဘူး အဖေဆုံးသွားပြီးတဲ့နောက် မိသားစု နဲ့ အလုပ်အကိုင် ၂ခုစလုံးအပေါ်မှာ တာဝန်ကျေနိုင်ဖို့ဆိုတာ သူမအတွက် အရမ်းကို ခက်ခဲခဲ့မယ်ထင်ပါတယ် ဒါပေမယ့်လည်း သူမအကောင်းဆုံးကြိုးစားပြီး လုပ်နိုင်ခဲ့ပါတယ်။ ကျွန်မတို့ကို အကောင်းဆုံးပညာရေးနဲ့ အကောင်းဆုံးဘဝအခြေအနေကို ပေးနိုင်အောင်သူမ အရမ်းကိုကြိုးစားပြီးနေထိုင်ခဲ့တယ်။  ဘယ်သူမှ‌တော့ ဘဝမှာအမှားနဲ့မကင်းနိုင်ပါဘူး  သူမက အချိန်နဲ့ပါတ်သတ်ပြီး အရမ်းကို တင်းကျပ်တယ်  ငယ်ငယ်က‌တော့ ကျွန်မအဲ့ဒါကို မကောင်းမြင်မိတယ် ဒါပေမယ့် အခုကျွန်မသိလာရတာက အဲ့လိုလုပ်တာ ကျွန်မဘဝ ကောင်းမွန်စွာကြီးပြင်းလာနိုင်ဖို့ပဲ ဆိုတာ တင်းကျပ်တယ်ဆိုတာ (စည်းကမ်းကြီးခြင်းတစ်မျိုးဖြစ်ပါသည်။ အချိန်မှန် ‌နေရာမှန် စသည်ဖြင့် ) သူမကအရမ်းကို ပြီးပြည့်စုံတဲ့သူတစ်‌‌ယောက်ပါ ကျွန်မကအရမ်းကြီးတော့ စည်းကမ်းကြီးသူမဟုတ်ပါဘူး ဒါပေမယ့် ကျွန်မလည်း တင်းကျပ်ပါတယ်။  ကျွန်မအမေကအရမ်းကို ကြံ့ခိုင်တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ် ဒါကြောင့် ကျွန်မလည်း ကျွန်မနည်းလမ်းအတိုင်း ကြံ့ခိုင်တဲ့သူတစ်ယောက်ဖြစ်လာတယ်လို့ ထင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက သူနှင့် လက်ထပ်ရန် ချက်ချင်းသဘောတူခြင်းမရှိသောကြောင့် သူမအား “မာနကြီးသူ” ဟုချစ်စနိုးစနောက်လေ့ရှိပါသည်။ 

ဒေါ်ခင်ကြည်၏ စည်ကမ်းတင်းကျပ်မှုကို ‌အောက်ပါအကြောင်းအရာ ၂ခုဖြင့် သိသာထင်ရှား‌စေပါသည်။  သူမရဲ့ သားဖြစ်သူ ရေနစ်သေဆုံးသွားကြောင်းကို သူမအလုပ်လုပ်နေသည့်နေရာသို့ ဖုန်းဆက်၍အကြောင်းကြားသောအခါ သူမသည် ‌နေအိမ်သို့မပြန်မီ တနေ့တာလုပ်ငန်းများကို အလျှင်အမြန်ပင်အဆုံးသတ်ခဲ့သည်။ သူမ၏ခင်ပွန်းဖြစ်သူ သေဆုံးစဉ်အချိန်ကလည်း သူမခင်ပွန်းဖြစ်သူ၏ ရန်သူများအား ‌အောင်ပွဲတစ်ခုကဲ့သို့ မခံစားစေချင်သောကြောင့် သူမငိုကြွေးခြင်းမရှိခဲ့ ကြောင်းကိုလည်းသိရှိခဲ့ရသည်။

သူမသည် ၁၉၆၀ ပြည့်နှစ်တွင်ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ရန် စီစဉ်ထားသည် ဘာသာရေးကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင် ဦးနု၏ နိုင်ငံရေးကိုထောက်ခံခဲ့သည်။  ဤခန့်မှန်းသုံးသပ်ချက်ကို သူမ၏သမီးဖြစ်သူမှ ယခုကဲ့သို့ ထောက်ပံ့ပြောကြားခဲ့သည်။

ကျွန်မဘဝမှာ သင်ယူခဲ့ရတာက ကိုကိုယ်ပြုလုပ်လိုက်တဲ့အမှားကသာ ကိုယ့်ကို အကြီးမားဆုံး နာကျင်ခံစား‌စေရတာဖြစ်တယ်။  အဲ့လိုနာကျင်စေအောင် အခြားသူက သင့်အပေါ်ပြုလုပ်တာမဟုတ်ဘူး ကျွန်မကအဲ့လိုကြီးပြင်းခဲ့ရလို့ အဲ့လိုတွေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။  ကျွန်မအမေကအဲ့လို ဆုံးမသွန်သင်ခဲ့ပြီး ကျွန်မရဲ့ အတွေ့အကြုံအချို့ကလည်း အဲ့လိုသက်သေပြနေတာမို့ ကျွန်မအဲ့လိုတွေးတာလည်း ဖြစ်နိုင်ပါတယ်။  ပြီးတော့ တစ်ကယ်လို့ သင်က အခြားသူတွေအပေါ်မှာ အ‌ကောင်းမြင်စိတ်လည်း ရှိ‌နေမယ်ဆိုရင် သူတို့ သင့်ကို ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။ သင့်ကိုလည်း ကြောက်ရွံ့စေနိုင်မှာမဟုတ်ပါဘူး။  သင်အခြားသူတွေကို ချစ်ခင်မြတ်နိုးခြင်းကနေ ရပ်တန့်လိုက်မှ သာလျှင် သင်နာကျင်ရမှာ ဖြစ်ပါတယ်။

ဤ‌နေရာတွင် ဗုဒ္ဓဘာသာအတွေးအခေါ်နှင့် ခရစ်ယာန်ဘာသာအတွေးအခေါ်နှစ်ခုစလုံး သက်ဆိုင်နေပြီး ဗုဒ္ဓဘာသာမိခင်နှင့် ခရစ်ယာန်ဖခင်တစ်ဦး၏ သမီးဖြစ်သူဒေါ်ခင်ကြည်အပေါ်လွှမ်းမိုးမှုရှိခဲ့သည်။ ထိုပြောကြားချက်သည် ကံကံ၏အကျိုးကို ပြောခြင်းဖြစ်သည်။  ဤပြောကြားအချက်အရ လူတစ်ဦးချင်းစီ၏ လုပ်ရပ်များသည် သေခြင်းနှင့်ပြန်လည်မွေးဖွားခြင်း သံသရာတွင် အကြောင်းအရင်းနှင့် အကျိုးဆက်များဖြစ်ပေါ်စေသည် ပင်ပန်းဆင်းရဲရခြင်းသည် အမြဲပင် မိမိကြောင့်ပင်ဖြစ်ပါသည်။  မိမိအပေါ် ပြုလုပ်သော အခြားသူများ၏လုပ်ရပ်များကို သနားကြင်နာမှုဖြင့် လက်ခံခြင်းကို ခရစ်ယာန်ဘာသာ၏ အဆုံးအမအရ မိမိ၏ အိမ်နီးချင်းများကို ချစ်ခြင်းအဖြစ် ရည်ညွှန်းထားပါသည်။  ဒေါ်ခင်ကြည်သည် သူမ၏သမီးဖြစ်သူအား ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာ တို့၏အဆုံးအမ ၂ခုလုံးဖြင့် ပျိုးထောင်ခဲ့ပါသည်။

ဒေါ်ခင်ကြည်၏ ကလေးများကို ပျိုးထောင်ခဲ့သည့်ဖြစ်တည်မှု၏ အခြေခံကျသောနည်းလမ်းသည် မိသားစုအပေါ်တွင်ခံစားခဲ့ရသော ကံမကောင်းခြင်းများကို ခံနိုင်ရည်ရှိစေခဲ့သည်ဟုဆိုနိုင်ပါသည်။ မိမိကိုယ်ကို စည်းကမ်းထိန်းသိမ်းခြင်း၊ စိတ်ဓါတ်ခွန်အားနှင့် တာဝန်ယူတတ်စေခြင်းများကို ဆိုလိုခြင်းဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် သူမလာရောက်လည်ပါတ်စဉ်က အမေရိကန်အိမ်ရှင်ဖြစ်သူ၏ စိတ်တွင် လေးစားစွဲမှတ်သွား‌စေလောက်အောင်ပင် ဒေါ်ခင်ကြည်တွင် ထိုအချက်အားလုံးကို ပိုင်ဆိုင်ထားပါသည်။  အမေရိကန်များက သူမ၏“ မြန်မာ့ကျက်သရေ” ကိုစွဲမှတ်သွားပြီး သူမ၏ အမေရိကန်သို့ ပထမဆုံးခရီးစဉ်တွင်“ အမေရိကန်ဘန်းစကား” ကိုအသုံးချနိုင်ခဲ့သည်ကို အံ့အားသင့်ခဲ့ကြပြီး သူမသည် သူမကလေးများအကြောင်းပြော၍  လုပ်ဖော်ကိုင်ဖက်များဖြင့် စကားလက်ဆုံကျခဲ့သည့် အကြောင်းများကို ဖော်ပြထားသည်။

သုံးသပ်ချက်

ဒေါ်ခင်ကြည်၏ ကွယ်လွန်ခြင်းနှစ် ၃၀ မြောက်နှစ်ပတ်လည်တွင် ဧရာဝတီသတင်းဌာနမှ ၂၀၀၆ ခုနှစ်တွင် „Overlooked Mother“ ခေါင်းစဉ်ဖြင့်ရေးသားထားသော သူမ၏ဆောင်းပါးကို ပြန်လည်ရေးသားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမအသက် ၂ နှစ်အရွယ်တွင် သေဆုံးသွားသော ဖခင်ထက် မိခင်ကသမီးအပေါ်သြဇာလွှမ်းမိုးမှုရှိသည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ သို့သော် ဤဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၈ ခုနှစ်တွင် နိုင်ငံရေးနယ်ပယ်သို့ မဝင်ရောက်မီသူမ၏ မိခင်ဖြစ်သူထံမှခွင့်ပြုချက်ရရှိခဲ့လိမ့်မည်ဟု ခန့်မှန်း ပြောဆိုခြင်းအပြင် တိကျသည့် သတင်းအချက်အလက်မပေးနိုင်ခဲ့ပါ။  ယေဘုယျအားဖြင့်ပြောရလျှင် ဒေါ်ခင်ကြည်သည်သူမ၏သမီးအားပုံသက်သေပြပြီးဖော်ပြခဲ့သည်မှာအောက်ပါအတိုင်းဖြစ်သည်။ ပုဂ္ဂိုလ်ရေးနယ်ပါယ်တွင် လူတစ်ဦးသည်ဘဝတွင် မိမိကိုယ်ကိုကာကွယ်ရန် မိမိကိုယ်ကိုဆုံးမပဲ့ပြင်ရမည်။ အများနှင့်ဆိုင်‌သော နယ်ပါယ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ခြေရာကိုလိုက်၍ တိုင်းပြည်အတွက် ကိုယ်ကျိုးမငဲ့သော ဝန်ဆောင်မှုကိုပေးရမည်။

နိုင်ငံရေးစကားဖြင့်ပြောရလျှင်  ဒေါ်ခင်ကြည်နှင့် ဦးနု တို့၏ရင်နှီးသောဆက်ဆံရေးသည် ဦးနေဝင်းအား ဆန့်ကျင်သည့် အဓိပ္ပါယ်ဖြစ်သည်ဟု ငြင်းခုန်ကြလိမ့်မည်။ နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ မဲဆွယ်စည်းရုံးပေးခဲ့ပြီး ဒီမိုကရက်တစ်နည်းဖြင့်ရွေးကောက်တင်မြှောက်ထားသော ဉီးနုအစိုးရသည် အဆုံးသတ်ချိန်ရောက်ခဲ့သည်။ ဦးနုနှင့် အခြားနိုင်ငံရေးသမားများအား “ချုပ်နှောင်ထားခြင်း” ပြုလုပ်ထားသော ဦးနေဝင်း၏ သူမအပေါ်အပျက်သဘောအကဲဖြတ်မှုသည် သူမသမီးအပေါ် အကျိုးသက်ရောက်မှုများစွာရှိသည်။ ဦးနေဝင်း၏ ဗုဒ္ဓဘာသာအပေါ်ထားရှိသော သဘောထားသည် ဦးနုထက်ပို၍ ဝေးကွာပြီး စစ်ဗိုလ်ချုပ်တစ်ဉီး၏ ဂုဏ်သတင်းကို ကိုယ်ကျင့်တရားဖြင့် ရောနှော၍မရနိုင်သောကြောင့်ဖြစ်သည်။ ထိုသို့သော အပျက်သဘောအကဲဖြတ်မှုများသည် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဉီးနေဝင်းအားပြင်းထန်စွာရှုံ့ချခြင်းအပြင် သူမအနေဖြင့် စစ်တပ်အား ဗိုလ်ချုပ်နေဝင်း သို့မဟုတ်သူမ၏ဖခင်၏လမ်းစဉ်အတိုင်းရွေးချယ်ရန် တောင်းဆိုခြင်းအပေါ် လွှမ်းမိုးမှုရှိနိုင်သည်။ ထိုတောင်းဆိုချက်ကြောင့် ၁၉၈၉ခုနှစ်မှစ၍ စစ်တပ်နှင့်ဒီမိုကရေစီအင်အားစုများ အကြားထိပ်တိုက်ရင်ဆိုင်မှုများပေါ်ပေါက်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဒေါ်ခင်ကြည်၏ ဘဝသည် မိသားစုဘဝများနှင့် အုပ်ချုပ်သူအမျိုးသားများအား ကူညီခြင်းအားဖြင့် နိုင်ငံ‌ရေးတွင် သွယ်ဝိုက်ပါတ်သတ်နေသော ဗမာအမျိုးသမီးများ၏ ရိုးရာအစဉ်အလာအားပြသသော ဉပမာတစ်ခုဖြစ်ပါသည်။ ဒေါ်ခင်ကြည်သည် သူမ၏ခင်ပွန်းအား အဖော်ပြုပေးခြင်းနှင့် နောက်ပိုင်းတွင် သူ၏မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများတွင်ပါဝင်ပေးခြင်း တို့ကြောင့် ပြည်သူလူထုမှ ချစ်ခင်အားထားခဲ့သည်။  ထို့အပြင်သူမ၏ သမီးဖြစ်သူကိုလည်း တာဝန်ယူတတ်စေရန် ပြုစုပျိုးထောင်ခြင်းက နောက်ပိုင်းတွင် သမီးဖြစ်သူ၏ နိုင်ငံရေး လုပ်ဆောင်မှုများအတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်နိုင်ခဲ့သည်။  ဒေါ်အောင်ဆန်းစုကြည်အား ယခုအခါ သူ၏နောက်လိုက်များက အမေစု ဟုခေါ်တွင်ကြသည်။  သူမသည် နိုင်ငံနှင့် စစ်တပ်တို့၏ ဖခင်ကဲ့သို့‌ ချစ်ခင်အားထားရသော ဗိုလ်ချုပ်အောင်ဆန်းကို လက်ထပ်ခဲ့ခြင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ စစ်သားများကလည်း ဒေါ်ခင်ကြည်အား စစ်တပ်၏မိခင် ဟုခေါ်တွင်ခဲ့ ကြပါသည်။

အခြားတစ်ဖက်တွင်လည်း သူမသေဆုံးပြီးနောက် ကျန်ရှိနေသေးသောကလေးနှစ်ယောက်နှင့် တက္ကသိုလ်ရိပ်သာလမ်းရှိနေအိမ်နှင့်ပတ်သက်သည့် အမွေကိစ္စ စကားများခြင်းတို့ အပါအဝင် သူမ၏မိသားစုရှိ အဖြစ်ဆိုးများစွာသည် လွတ်လပ်ရေးရပြီး‌နောက်ပိုင်း မြန်မာနိုင်ငံ၏သမိုင်းကြောင်းကို ပုံဖော်ထားပါသည်။

ကျမ်းကိုးစာရင်း

Clements, Alan 1996 The Voice of Hope. New York, Seven Stories Press.

Harridan, Jessica 2012 The Authority of Influence. Power and Women in Burmese History. Copenhagen, NIAS.

Kyaw Zwa Moe 2006 The Mother Who Was Overlooked. In: Irrawaddy Magazine. July 2006: 16-17.

Maung Maung 1960 Aung San’s Helpmate. In: Maung Maung (ed.) 1962 Aung San of Burma. The Hague, Martinus Nijhoff: 117-129.

Who’s Who in Burma 1960. Rangoon, The Guardian Press.

Wintle, Justin 2007 Perfect Hostage. A Life of Aung San Suu Kyi. London, Hutchinson.

Zöllner, Hans-Bernd/Rodion Ebbighausen 2015 The Daughter. A Political Biography of Aung San Suu Kyi. Chiang Mai, Silkworm.

Footnotes

1http://dawkhinkyifoundation.org/.

2Wintle, 111-112.

3For some datails see Wintle 112-114.

4Maung Maung119.

5Who’s Who in Burma: 71.

6 There is a lot of speculation about the reasons for the estrangement of the siblings. This thae headlines when Aung San Oo filed a legal suit against his sister to claim half of the property of the house oin Uiversity Avenue (see http://www.burmalibrary.org/reg.burma/archives/200101/msg00074.html).

7The San Francisco Examiner 10.7.1952: 15.

8Clements: 79-80.

9Maung Maung 119.

10New York Times 15.10.1991 (https://www.nytimes.com/1991/10/15/world/woman-in-the-news-burmese-whose-silenced-voice-echoes-aung-san-suu-kyi.html; accessed 15.4.2019).

11Maung Maung 120. – The scene happened in the hospital where she had met him. Her mentor Dr. Ba Than did the post mortem for Aung San and the other martyrs.

12Clements: 67.

13https://www.irrawaddy.com/from-the-archive/the-overlooked-mother.html. The article was originally published under the title “The Mother Who Was Overlooked” (https://www.irrawaddy.com/from-the-archive/mother-overlooked.html).

14Zöllner/Ebbighausen 83-89.15Herridan: 305-308.

Schreibe einen Kommentar

Deine E-Mail-Adresse wird nicht veröffentlicht. Erforderliche Felder sind mit * markiert